Professional Authors

လူနာ

ကိုယ့်ဘ၀နဲ့ ငေးကြည့်လို့မမှီနိုင်တဲ့ရှုမျှော်ခင်းတွေဆီ စိတ်လွင့်
ကိုယ့်လက်တွေနဲ့ ဖမ်းဆုပ်လို့မရနိုင်တဲ့ကြယ်တွေဆီ စိတ်လွင့်
ကိုယ့်ရင်ခွင်နဲ့ ပိုက်ထွေးဖို့မထိုက်တန်တဲ့အလှတရားဆီ စိတ်လွင့်
ကိုယ့်ရင်ခုန်သံနဲ့ ပွန်းတီးဖို့မလောက်ငှတဲ့ပွတ်သပ်မှုတွေဆီ စိတ်လွင့်
ကိုယ့်အချစ်နဲ့ ထုဆစ်လို့မရနိုင်တဲ့လောကသစ်တစ်ခုဆီ စိတ်လွင့်
ကိုယ့်အနမ်းနဲ့ တဖန်ရှင်သန်ဖို့မသေချာတဲ့နှင်းဆီသေတွေဆီ စိတ်လွင့်
အဲဒီလို ရောက်တတ်ရာရာ စိတ်ဟာ ကြပ်ခိုးစွဲခဲ့ပြီ

သေခြင်းတရားဆီ တစ်လှမ်းချင်းရွေ့နေတဲ့ခြေထောက်တွေခေါ်ဆောင်ရာ
ကံဆိုးမိုးမှောင်ကျမှုတွေ အရိပ်လို ကပ်ငြိပါလာ
အချစ်ဆိုလဲ အချစ်မို့ ဘ၀ဆိုလဲ ဘ၀မို့
တစ်မျိုးစီ ကျရှုံးခဲ့ရတာချည်းပါပဲ

ကိုယ်က အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ ကြိုးစားရင်း
လက်တွေ့ဘ၀ထဲမှာ အိပ်မက်တွေသာ ထပ်တလဲလဲ မက်နေမိသူ
အခုချိန်ထိတော့ ခေတ်တစ်ခုရဲ့အလျဉ်ထဲ ဆန်တက်စီးဆင်းမယ့်
နာမည်မပေးရသေးတဲ့မြစ်ဟာ ကိုယ်လို့ထင်နေတုန်းပဲ

လမ်းမယဉ်ကျေးမှုနဲ့သားစပ်ခံမြို့ပြအခင်းအကျင်းမှာ
ကိုယ်ဟာ
ကြိုးပြတ်ဂစ်တာတစ်လက်သာ ဖြစ်ခဲ့တယ်
အလင်းမဲ့လမ်းဘေးမီးတိုင်တွေရဲ့ညတစ်ညသာ ဖြစ်ခဲ့တယ်
ဘိုဟီးမီးယန်းတွေရဲ့ဆိုနေကျသီချင်းတစ်ပုဒ်သာ ဖြစ်ခဲ့တယ်

ကိုယ်နဲ့ထိုက်တန်တဲ့ဆုတံဆိပ်တွေလည်း ကိုယ်နဲ့လွဲချော်ခဲ့ဖူးပြီ
ကိုယ်ရိတ်သိမ်းရလုဆဲဆဲ တောင်ယာလေးလည်း
ရုတ်တရက် ရိုးပြတ်ခဲ့ဖူးပြီ
ကိုယ်အန်ထုတ်ပစ်တော့မယ့်လောကဓံကိုလည်း
မချိမဆန့် ပြန်မြိုချခဲ့ဖူးပြီ

ကိုယ်ဟာ အရှင်လတ်လတ် အရေခွံခွာခံထားရတဲ့နွားတစ်ကောင်လို
မျှော်လင့်တမ်းမက်မှုတွေ အဖတ်လိုက်အဖတ်လိုက် ကွာကျ
အမာရွတ်ပေါ် ဓားနဲ့ထွင်းတဲ့ယုံကြည်ချက်တွေ သွေးစိမ်းရှင်ရှင် ပွက်ထလို့

သိပ်တော့လဲ မထူးဆန်းလှပါဘူး
လူရယ်လို့ဖြစ်လာမှတော့
အဓိပတိဖွားလဲ ဒွန်းစဏ္ဍားဖြစ်သွားနိုင်တာပဲမဟုတ်လား

ကိုယ့်သမိုင်းမှာ ပန်းပွင့်စေတဲ့မှော်ပညာတွေ မရှိခဲ့ဘူး
ကိုယ့်ရာဇ၀င်မှာ ရေမရောရတဲ့နေ့ရယ်လို့ မရှိခဲ့ဘူး
ကိုယ့်အသည်းနှလုံးမှာ ဓားချက်တွေ ဗရပွ
ကိုယ့်ရင်ဘတ်မှာ ချုပ်ရိုး အထပ်ထပ်
အဲဒီလို ကိုယ့်ဆီရောက်ရှိလာတဲ့နေ့တွေ
ဆက်ထုံးများလွန်းလှပါတယ်

လူသားတစ်ယောက်အနေနဲ့
တစ်ခါတစ်ခါ ကောင်းကင်ပေါ် ခုန်တက်
ကိုယ်လဲ နက္ခတ်သစ်တစ်လုံးလို ကျင့်ကြံနေထိုင်ချင်တာပေါ့

ကိုယ့်အတ္တရဲ့အကုသိုလ်အနည်းအများက
ကိုယ့်ဘ၀ကို ဈေးကစားခဲ့ပြီလား
ပုထုဇဉ်သဘာဝဆိုတော့
ငွေကြေး၊ကာမဂုဏ်နဲ့လိင်ရမ္မက်အတွက်
ကိုယ်လဲ တစ်ကိုယ်ကောင်းဆန်တဲ့အခါ ဆန်မိမှာပေါ့

ကိုယ့်သမာဓိကို ထိပါး ကိုယ့်အတ္တကို စော်ကားခံရတဲ့အခါ
ကိုယ့်အကောင်းမြင်နက္ခတ်လေး အတွန်းအတိုက်များလာတဲ့အခါ
ကိုယ့်မာနစိတ်လေး အထိအရှများလာတဲ့အခါ
ကိုယ့်ဘ၀ကို အမဲလိုက်သလို အလိုက်ခံရတဲ့အခါ
အကျအရှုံးတွေ ရင်ခွင်ပိုက် ခေါင်းငိုက်စိုက်နဲ့ အိမ်ပြန်လာရတဲ့အခါ
ကိုယ့်ကို ၀ိုင်းဟောင်ကြတဲ့မျက်လုံးတွေကို
ကျားနာတစ်ကောင်လို အော်ဟစ်မာန်ဖီပစ်ချင်တယ်

ရိုးသားတဲ့စပျစ်သီးလေးတွေကို
လူတွေက ရက်ရက်စက်စက် ၀ိုင်ဖြစ်စေခဲ့သလို
နူးညံ့ရွှန်းစိုတဲ့ကိုယ့်နှလုံးသားကိုလဲ
သူတို့အတ္တရဲ့ညစာအဖြစ် ပွဲတော်တည်ချင်ကြတယ်
စပျစ်သီးလေးတွေ နာနာကျင်ကျင် တိတ်ဆိတ်လည်စင်းပေးခဲ့သလို
ကိုယ်လဲ ကိုယ့်ကိုကိုယ် စူးစူးဝါးဝါး ပြန်မြိုချခဲ့ပါတယ်

တစ်ချို့က ငါးမျှားဖို့ လူဖြစ်လာခဲ့တယ်
တစ်ချို့က ငါးပါးသီလဆောက်တည်ဖို့ လူဖြစ်လာခဲ့တယ်
တစ်ချို့က ဓားရောင်းဖို့ လူဖြစ်လာခဲ့တယ်
တစ်ချို့က နောက်ကျောကိုဓားနဲ့ထိုးဖို့ လူဖြစ်လာခဲ့တယ်

ဘယ်ဘုရားရှင်ရဲ့အဆုံးအမမှာပဲတည်တည်
ဘယ်ဝါဒကိုပဲလက်ကိုင်ထားထား
လူမှန်ရင် လူဆန်ဖို့နဲ့လူပီသဖို့ပဲ လိုတယ်

ကိုယ်က သစ္စာစောင့်သိခဲ့လဲ ကိုယ့်ကို လုပ်ကြံချင်ကြတယ်
ကိုယ့်လူသားဆန်မှုတွေ ခြေစုံကန်ခံရတဲ့အခါ
ဘာကိုညွှန်းဆိုရမှန်းမသိတဲ့နာကျည်းချက်တွေ
ရင်ထဲ လှိုက်လောင်တယ်

သူရဲကောင်းတစ်ယောက်အတွက် ဒဏ်ရာဆိုတာ ဆုလာဘ်ပဲ
အဲဒီလို ကိုယ့်ကိုကိုယ် နားချနေမိလဲ
ကိုယ်က အကျအရှုံးတွေသာ ပွင့်ဝေတတ်တဲ့ဓားသွား
ဘ၀တစ်လျှောက်လုံး ဘယ်သူ့ဓားချက်နဲ့တိုက်ပွဲကျသွားမလဲ
ရင်ထိတ်နေမိသူ

ဘာပဲဖြစ်ဖြစ်
ကိုယ့်ရိုးသားမှုဟာ ဘယ်တော့မှ လက်နက်မချဘူး
ကိုယ့်သစ္စာတရားဟာ ဘယ်တော့မှ အလံမလဲဘူး

ကိုယ်သိခဲ့တာ ကြာပါပြီ
လောကဓံဆိုတာ
စိတ်ညစ်တဲ့အခါ ဘာရယ်မဟုတ်ဘဲ ကန်ပစ်လိုက်လို့
လွင့်ထွက်သွားတဲ့ခဲလေးတစ်လုံးထက် ဘာမှမပိုပါဘူး

ဆန္ဒညွှန်ရာ ပြိုပြိုကျနေတဲ့အသံထွက်မှားကြောင်း မသိလို့
ကြယ်တွေဆီ အငမ်းမရ လက်ညှိုးထိုးပြနေတုန်းပဲ
ဘ၀တစ်ခုလုံး ရေစီးကမ်းပြိုဖြစ်နေတာကို မကြားခဲ့ဘူး

နားချလို့မရတဲ့ အစွဲအလန်းတွေကို
ဘုရားမှာ ခေါင်းလောင်းထိုးလှူဖို့
ကိုယ့်ဘ၀ကိုယ် ဆည်းလည်းသံလေးလို ချိုဖူးချင်သေးတယ်
ကိုယ့်မှာပေါင်မုန့်တစ်လုံးတည်းရှိလေတော့
ကြွက်တွေကိုတောင် ကြောက်လန့်နေရတယ်
ကိုယ့်ခေတ်တစ်ခုလုံးဟာ ရက်လွန်အက္ခရာတွေလား
ကိုယ်ပြဋ္ဌာန်းရာယုံကြည်ချက်တွေ မှောင်လွန်းလှချည့်
ရှင်သန်နေရတာကိုက ပုစ္ဆာတစ်ပုဒ်လို
ကံကြမ္မာကို ခေါင်းပန်းလှန်ခွင့်မရခဲ့

ကိုယ့်စိတ်အလိုအတိုင်းဆိုရင်
ဘ၀ဇာတ်ခုံပေါ် ကျရာဇာတ်ရုပ်ကနေပီပြင်အောင်သရုပ်ဆောင်ပြီး
အကယ်ဒမီတွေ တပွေ့တပိုက်ကြီး ရယူချင်တာပေါ့
အခုတော့….
ရင်ထဲမှာကြေကွဲနေလဲ ကြည်နူးယောင်ဆောင်ရ
စိတ်ထဲမှာနာကျင်နေလဲ ပျော်ရွှင်ယောင်ဆောင်ရ
ကိုယ်တိုင်မရယ်ရတဲ့ပြက်လုံးတွေနဲ
ဘ၀ဟာ နာကျည်းစရာ ခေါက်ရိုးကျိုးခဲ့ပါပြီကွာ

လျှောက်ရမယ့်လမ်းတွေက ဘ၀ထက် ရှည်တယ်
ကိုယ်က စိတ်သွားတိုင်း ကိုယ်မပါဘူး

                                                               ကိုသျှား

In: ကဗျာ Posted By: Date: Nov 30, 2011
Comment #1

ကောင်းတယ်ဗျာ အရမ်း…အရမ်းကိုကောင်းတယ်လို့ခံစားမိတယ်
ကျွန်တော်က 17ယောက်မြောက်ဖက်တဲ့သူ ဒါပေမယ့် အရှေ့က ဖက်သွားတဲ့သူတွေက
ဘာလို့များ မှတ်ချက်ကလေး တစ်ခုတောင် မပေးခဲ့ပါလိမ့်လို့ ……………….
အင်း အကြောင်းတစ်ခုခုကြောင့်နေမှာပေါ့….ဒါပေမယ့်
ကျွန်တော်ပြောမယ်…. ကြိုက်တယ်ဗျာ…..

commentinfo By: nate thit at Nov 30, 2011
Comment #2

လျှောက်ရမယ့်လမ်းတွေက ဘ၀ထက် ရှည်တယ်
ကိုယ်က စိတ်သွားတိုင်း ကိုယ်မပါဘူး
လေးစားမိပါတယ်…

commentinfo By: sharon myorr myor at Dec 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment