Professional Authors

စိတ်ကူးငယ်ငယ်

ခုတလော ကိုယ် စိတ်ရှုပ်စရာတွေ တော်တော်များနေတယ် … လုပ်သမျှက ဆင်မပြေ … အိမ်မှာလဲ မွေးသမိခင်နဲ့ တပွမ်ပွမ် … သူကောင်းချင်လဲ ကောင်းနေပြီး မကောင်းချင်လဲ ဘာမှမဟုတ်တာလေးတွေနဲ့ တပွမ်ပွမ်ဖြစ်နေတော့ .. ကြာတော့လဲ အီစလံဝေလာတယ် … ဒီကြားထဲမှ ချစ်ရပါသော ကိုယ်တော်ချောလေးက အကွက်တွေကျော် … နှစ်ပေါက်တစ်ပေါက်ရိုက် …. လူကို ရူးချင်ရောပဲ … ။ စိတ်ပေါက်ပေါက်နဲ့ … ဘယ်သူမှ မရှိတဲ့ နေရာမှာ တစ်ယောက်ထဲ သွားနေရင် ကောင်းမလား တွေးမိတယ် … စိတ်ရှုပ်စရာတွေနဲ့ ဝေးဝေးပေါ့ … ။ အင်း စိတ်ရှုပ်စရာတွေနဲ့ ဝေးဝေးနေချင်ပေမယ့် … ကိုယ်တော်ချောလေးနဲ့က ဝေးဝေးနေလို့ မဖြစ်သေးဘူးရယ် … ကိုယ် သူ့ကို မခွဲနိုင်ဘူးမဟုတ်လား … ။

 

သူနဲ့ အတူနေဖို့ဆို … အရင်ဆုံး အိမ်ကလေးတစ်လုံးတော့ လိုမှာပေါ့ … ။ အိမ် … အင်း ကိုယ့်စိတ်ကူးထဲက အိမ်မျိုးလေးဖြစ်ရင် ကိုယ် သိပ်ပျော်မှာပဲ … ။ ကိုယ့်စိတ်ကူးထဲက အိမ် ဆိုတာက … ဒီလို ….

 

 

အိမ် … ထိုအိမ်လေးသည် .. အေးချမ်းဆိတ်ငြိမ်သော တောင်ပေါ်မြို့လေးတွင် တည်ရှိပေလိမ့်မည် … တောင်ပေါ်မြို့လေး၏ တစ်ခုသော တောင်ကုန်းလေးကို သူမတို့  အပိုင် သိမ်းပါမည် … တောင်ကုန်းဆင်ခြေလျှောလေးတွင် ရာသီပန်းလေးများကို စနစ်တကျ စိုက်ပျိုးမည် … သူမတို့ဆီသို့ အလည်လာသူများသည် … ပန်းခင်းကြီးကြားထဲမှ လှေကားထစ်လေးများကို ဖြတ်၍ အိမ်ကလေးဆီသို့ ရောက်ပေလိမ့်မည် … ။ သူမတို့၏အိမ်ကို ဧည့်ခန်းဆောင်က တစ်ဆောင် .. မီးဖိုခန်း … အိပ်ခန်း .. စာကြည့်ခန်း .. စသည်ဖြင့် အဆောင်လေးတွေဖြင့် သတ်မှတ်ထားမည် … အဆောင်တစ်ခုနှင့်တစ်ခုကြားသွားမည့်လမ်းကလေးကိုတော့ … ရေကန်လေးများ … လူလုပ်စမ်းချောင်းလေးများ .. ပန်းခင်းလေးများ စိုက်ခင်းလေးများ ဖြင့် လှပအောင် သူမ ပြုပြင်ပါမည် … ။ ဥယျာဉ်ထဲမှာ အိမ်ကလေး … အိမ်ကလေးထဲမှာ ဥယျာဉ် … အို … အတွေးနဲ့ပင် သူမ ကြည်နူးလာသည် … ။

 

သူမတို့၏ အိမ်ကလေးသည် … ကြီးကျယ်ခမ်းနားခြင်းမရှိစေရ … ရိုးရှင်းချစ်ဖွယ်ကောင်းနေစေမည် … ။ တောင်ကုန်းလေးပေါ်တွင် ရေတံခွန်များ စမ်းချောင်းများ ရှိနေလိမ့်မည် … သဘာဝတိုင်း မရှိနိုင်တောင်မှ ရှိလာနိုင်အောင် သူမ ဖန်တီးပါမည် … သူမ ပန်းချီဆွဲဖို့အတွက် outdoor studio တစ်ခုဖန်တီးပြီးသားဖြစ်မည် မဟုတ်ပါလား … ။ သူ့ အတွက်လဲ indoor studio တစ်ခု ဖန်တီးထားပေးမည် … ဂစ်တာတီးနိုင်မည် .. သီချင်းညည်းနိုင်မည် … ကျမနှင့် ကတောက်ကဆဖြစ်သော အချိန်များတွင် … ကျမက ပန်းချီဆွဲ ၍ .. သူက သီချင်းညည်း၍ … တယောက်အပေါ်တစ်ယောက် ပေါက်ကွဲမည့် စကားလုံးများကို ချေဖျက်နိုင်ပေလိမ့်မည် … ။  

 

အိမ်ကလေး၏ အခန်းဆောင်တိုင်းသည် … အလင်းရောင်နှင့် လေ၀င်လေထွက်ကောင်းစွာ ရရှိသော အခန်းများ ဖြစ်နေလိမ့်မည် … ။ သူမတို့၏ အပေါင်းအသင်းများ လာရောက်အနားယူနိုင်ရန်အတွက်လည်း ခန်းဆောင်ငယ်လေးများ ထားရှိစေမည် … ။ သူမတို့၏ အခန်းကို ရိုးရှင်းစွာပင်ထားပါမည် … အီလက်ထရောနစ် အသုံးအဆောင်များ နည်းနိုင်သလောက် နည်းနည်းနှင့်ပေါ့ … ။ မနက်ခင်းနေရောင်ခြည်နွေးနွေးသည် … နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေသော သူ့ ပါးပြင်ပေါ်သို့ ကျရောက်နေလိမ့်မည် … ထိုပါးပြင်လေးအား သူမ နမ်းရှိုက်၍ သူ့တစ်နေ့တာအား စတင်စေပါမည် … ။ သူမ မနက်စာပြင်သော အခါ … သူက ကော်ဖီ ဖျော်ပေးလိမ့်မည် … ။ မနက်စာ စားရင်း သူတို့ တီဗီကြည့်ကြမည် … သို့မဟုတ် … စာဖတ်နေကြမည် … သို့မဟုတ် … သတင်းစာဖတ်နေသော သူ့အား … ဘေးမှနေ၍ သူမက နှောင့်ယှက်မည် … ပျော်ရွှင်စရာကောင်းသော အချိန်ကလေးများ ဖြစ်စေပါမည် .. ။ သူမ နေ့လည်စာ ပြင်လျှင် သူက ဟင်းချက်ကူလိမ့်မည် … သူ ညနေစာပြင်လျှင် သူမ ပန်းကန်ဆေးကူပါမည် … သူနှင့် သူမတွင် … တာဝန်ဝတ္တရားများကို ဘေးဖယ်ထား၍ ချစ်စိတ်သက်သက်ဖြင့်ပင် … ကူညီရိုင်းပင်းကြမည် … ။

 

နေ့လည်နေ့ခင်းများတွင် … သူမက သူ့ဘေးနားတွင်ထိုင်၍ အင်တာနက်သုံးမည် … သူက စာအုပ်တစ်အုပ်နှင့် ဇိမ်ကျနေနိုင်ပါသည် … သို့မဟုတ် … သူမ ဆေးရောင်စုံဘူးများနှင့် အလုပ်ရှုပ်နေချိန်တွင် … သူက လက်ပ်တော့ ကီးပဒ် မှ စာလုံးလေးများကို ထောက်ထောက်နှိပ်၍ အလုပ်ရှုပ်နေလိမ့်မည် … မိုးလေး ဖွဲဖွဲ ရွာသောနေ့များတွင်တော့ သူမတို့ အခန်းထဲတွင် စာအုပ်တစ်ယောက်တစ်အုပ်စီနှင့် အနားယူနိုင်ပေသည် … ။ ညနေခင်းပိုင်းဆိုလျှင် … သူမတို့၏ ပန်းခင်းများ ၊ စိုက်ခင်းများနှင့် အလုပ်ရှုပ်နေပေတော့မည် … သို့သော် ကိစ္စမရှိပါ … သူမတို့ နှစ်ယောက်လုံး သဘာဝကို ချစ်တတ်ကြသည်မဟုတ်လား … ။ ညခင်းပိုင်းတွင်တော့ … လေအေးအေး တိုက်နေမည့် တောင်စောင်းလေးတွင် သူ့ရင်ခွင်ထဲ ခေါင်းဝင်၍ ကြယ်ကလေးများကို ကြည့်ကြမည် … ကြယ်ကြွေချိန်ရောက်လျှင်လည်း ဆုတောင်းနိုင်သေးသည် … တောင်းသမျှဆု ပြည့်ရပါလို၏ရယ်ပေါ့ …

 

တစ်လတွင် တစ်ခါနှစ်ခါ … မြို့ပေါ်သို့ တက်၍ လိုအပ်သည့် ပစ္စည်းများ ၀ယ်ယူကြမည် … သူနှင့် သူမ ပိုင်ဆိုင်သော ကားသေးသေးလေးက ထိုအချိန်မျိုးအတွက် အသုံးဝင်ပေလိမ့်မည် … ။ ထိုနေ့မျိုးတွင် … အိမ်အတွက် လိုအပ်သည့် ပစ္စည်းများ ၊ စားသောက်ဖွယ်များ နှင့် .. ကြည့်စရာ ရုပ်ရှင်ကားများ ကာတွန်းခွေများကို သူတို့ဝယ်ကြမည် … ။ သုံးလေးလ တစ်ခါတော့ ရန်ကုန်သို့ ဆင်း၍ မိဘဆွေမျိုးများဆီသို့ သွားကြပါမည်။ တခါတလေလည်း .. သူတို့နှစ်ယောက်၏ မိတ်ဆွေသူငယ်ချင်းများ … အကို အမ များ သူမတို့၏အိမ်ကလေးဆီသို့ သို့ အလည်လာရောက်ကြပေလိမ့်မည် … ထို အချိန်မျိုးတွင် သူမတို့၏ ဥယျာဉ်လေးတွင် Garden Party လေး တစ်ခု ဖြစ်လာနိုင်ပေသည် … အမျိုးသားများက အသားကင်များကို ပြင်ဆင်လျှက် … အမျိုးသမီးများက ရှေးဟောင်းနှောင်းဖြစ်များကို ပြောဆိုလျှက်ပေါ့ … ။ အကို အမများ၏ သားသမီးများကလည်း ပန်းပွင့်တွေကြား စမ်းချောင်းလေးတွေကြားတွင် ပြေးလွှားဆော့ကစားနေကြလိမ့်မည် … ။ အမြဲတစေ အေးဆေး ငြိမ်သက်နေမည့် သူတို့၏ အိမ်ဂေဟာလေးသည် ထိုကဲ့သို့သော နေ့မျိုးတွင်တော့ ဆူညံစွာ သက်ဝင်လှုပ်ရှားနေပေလိမ့်မည် … ။

 

ဒါလေးက ကိုယ့် စိတ်ကူးထဲက အိမ်ကလေးပေါ့ … ။ စိတ်ကူးနဲ့ လက်တွေ့ဆိုတာ အမြဲ တစ်ထပ်တည်းမကျနိုင်မှန်း ကိုယ်သိပါရဲ့ … တကယ်တမ်းတော့ လူမှုရေးတွေနဲ့ ကင်းဝေး အေးဆေး ဆိတ်ငြိမ်ရာမှာ နှစ်ယောက်ထဲ နေမယ်ဆိုတဲ့ အခြေအနေက တကယ်ကို မလွယ်ကူမှန်း ကိုယ်သိပါတယ် … ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့ … ကိုယ့် ချစ်သူနဲ့ ကိုယ်နဲ့ .. တစ်ချိန်မှာ တည်ဆောက်မယ့် အိမ်ကလေးက … စိတ်ကူးထဲကအတိုင်း တစ်ထပ်တည်း မဖြစ်နိုင်ရင်တောင် အနီးစပ်ဆုံး တူညီဖို့ ကိုယ် ကြိုးစားမယ် … … ကဲ … အပူပင်ကင်းကင်း ငြိမ်းချမ်းတဲ့ ဘ၀လေးဆီ ကိုယ်တို့ ဦးတည် …. စွန့်စားမယ် ကိုယ့်ချစ်ရဲ့ … လိုက်ရဲလား … ။

In: Others Posted By: Date: Oct 26, 2011
Comment #1

inn…
like ye de.
he,,he,,
tway kyi dar ne taung taw taw pyaw nay p.
good idea & best plan with simple preparations.
really really like.

commentinfo By: ei lay at Nov 11, 2011
Comment #2

😀 … အဲ့အိမ်လေး တကယ်ဆောက်ဖြစ်ရင် … မအိလေးကို အလည်ခေါ်မယ်နော့ … 😀

commentinfo By: Nge Lay at Nov 11, 2011
Comment #3

ok…
u lo pe ko doe le loak hmar lay,,,
thu ko kwint taung p hma…
he,,he,,

commentinfo By: ei lay at Nov 11, 2011
Comment #4

အင်းးးးး ဒါလည်း ငါ့အက်ဆေးကို ပြန်ရေးထားတာပါပဲလား..
http://www.nangnyi.com/blog/2008/12/%E1%80%85%E1%80%AD%E1%80%90%E1%80%B9%E1%80%80%E1%80%B0%E1%80%B8%E1%80%84%E1%80%9A%E1%80%B9%E1%80%84%E1%80%9A%E1%80%B9/

commentinfo By: နန်းညီ at Jun 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment