Professional Authors

ညီမလေး…

 အစ်ကိုတို့တွေက ဦးမြကြိုင်အင်္ဂလိပ်စာသင်တန်းကျောင်းမှာ စတင်ပြီးရင်းနှီးခဲ့ကြတယ်နော်။ အဲဒီစတင်ရင်းနှီးခဲ့တဲ့ တနင်္ဂနွေနေ့က အတန်းပြီးလို့ ကျောင်းပေါက်ဝမှာ လူတွေအုပ်အုပ်ကြပ်ကြပ်ကြားထဲက အစ်ကို့ကို ” Hi…your presentation is very nice. Congratulation to you,brother ” ဆိုပြီး ဗိုလ်လိုနုတ်ဆက်လာတဲ့ ညီမလေးရဲ့အသံကို ယခုထက်တိုင်ကြားရောင်နေတုန်းပါ။ တကယ်တော့ နှလုံးသားမှာ ပဲ့တင်ကျန်ရစ်ခဲ့တဲ့ အစ်ကို့အတွက် ပထမဦးဆုံးကြားရတဲ့ ညီမလေးရဲ့စကားသံတွေပေါ့။

 

 အဲဒီနေ့ကရလိုက်တဲ့ ညီမလေးရဲ့အီးမေး(လ်)လိပ်စာကို သေသေချာချာ၊မြတ်မြတ်နိုးနိုးနဲ့ အဲဒီနေ့မှာပဲ အစ်ကို့ရဲ့အကောင့်ထဲကို ဖိတ်ခေါ်လိုက်တယ်။ ဒါပေမယ့် အွန်းလှိုင်းမှာတွေ့ကြတဲ့အခါ မျှော်လင့်ထားသလောက် ချက်တင်လုပ်လို့မရခဲ့ပါဘူး။ တိတ်တခိုး အချစ်တွေနဲ့ ပေစွန်းနေတဲ့ရောင်စုံစိတ်ကူးတွေဟာ အပြင်လက်တွေ့မှာ တကယ်ဖြစ်မလာခဲ့ပါဘူး။ စတင်ရင်းနှီးခဲ့တုန်းက အရမ်းပျော်ခဲ့ရသလို အွန်လှိုင်းမှာဦးစားပေးပြီး စကားပြောခြင်းမခံရတဲ့အခါ ၀မ်းသာခဲ့ရသလောက် ပြန်ဝမ်းနည်းခဲ့ရတယ်။ တကယ်တော့အစ်ကိုက ရုပ်ဆိုးတဲ့လူတစ်ယောက် မဟုတ်ပါဘူး။ ညီမလေးကိုက လူတကာမော်ကြည့်ရတဲ့ အလှပိုင်ရှင်မို့ပါ။ အစ်ကို့ရဲ့အရပ်က လူစဉ်မမီ ပုနေတဲ့လူတစ်ယောက်လည်း မဟုတ်ပါဘူး။ ညီမလေးကိုက သာမန်မိန်းကလေးတွေထက် ပျိုမျှစ်ထွားကျိုင်းတဲ့ တော်ဝင်ပန်းတစ်ပွင့်မို့ပါ။

 

အနေအထားတွေက အစစအရာရာမှာ ကွာခြားလွန်းနေပါလားလို့ သတိထားမိတဲ့အချိန်မှာ မျှောင့်လင့်ချက်ကြီးစွာနဲ့ ချစ်မိနေခဲ့တာ(၂၈)ရက်တိတိရှိနေခဲ့ပြီလို့ ဒိုင်ယာရီစာအုပ်လေးက အသံတိတ်ပြောပြပါတယ်။ သြော်…မမီတဲ့ပန်းကို လက်မလှမ်းတော့ပါဘူးလေဆိုပြီး တိတ်တခိုးချစ်နေတဲ့အတိုင်း တိတ်တစိတ်နဲ့ပဲလက်လျှော့ရင်း ဒိုင်ယာရီလည်း

မရေးဖြစ်တော့ပါဘူး။ အတိုင်းအတာတစ်ခုထိကြာအောင် မေ့နိုင်ဖို့ကြိုးစားရင်း စိတ်ထွက်ပေါက်တစ်ခုအနေနဲ့

ညီမလေးရဲ့နေရာကို တခြားကောင်မလေးတစ်ယောက်ကို ရည်းစားတော်စပ်ရင်း အစားတောင်ထိုးခဲ့မိပါတယ်။ ချစ်သူတိုင်း ရည်းစားဖြစ်ပေမယ့် ရည်းစားတိုင်း ချစ်သူမဖြစ်တာတော့ ဘ၀ရဲ့အပြစ်ပေါ့ညီမလေးရယ်…

 

ဒီလိုနဲ့ ၂၀၀၉ ခုနှစ်အတွက် ဆယ်တန်းအမှတ်စာရင်းထုတ်တဲ့ အချိန်ရောက်လာခဲ့တယ်လေ။ နယ်မှာရှိတဲ့ ညီမလေးရဲ့မောင်အတွက် အမှတ်စာရင်းထုတ်ယူဖို့ ညီမလေးက အစ်ကို့ကို အကူညီတောင်းလာတဲ့အခါ အစ်ကိုလည်းဝမ်းသာစွာနဲ့ စေတနာတွေ ရေစီးကမ်းပြိုလို့ပေါ့။ အဲဒီတုန်းက စံချိန်ကျိုးသွားခဲ့တဲ့ ရာသီဥတုရဲ့အပူချိန်အောက်မှာကူညီပေးခဲ့တယ်ဆိုပေမယ့် အနှယ်မထိုင်နိုင်သေးတဲ့ အစ်ကို့ရဲ့ချစ်ခြင်းတွေက နေမှကျလာတဲ့ အပူလှိုင်းတွေကိုတောင် လရိပ်လရောင်တွေလို အေးမြစေခဲ့တယ်။ စေတနာတွေရေစီးကမ်းပြိုခဲ့လို့ထင်ပါရဲ့ အဲဒီနောက်ပိုင်း အအေးဆိုင်၊ အသုတ်ဆိုင်၊ စားသောက်ဆိုင်တွေမှာ နှစ်ယောက်တည်းအတူ ထိုင်ခွင့်တွေရရှိခဲ့တဲ့အထိ ရင်းနှီးမှုတွေကနက်ရှိုင်းလာခဲ့တယ်။ ဒါပေမယ့် ဘ၀ရဲ့လိုအပ်ချပ်တွေတနစ်တပိုးကြီးပိုင်ဆိုင်ထားတဲ့ အခြေအနေနဲ့ ရင်ဖွင့်ပြဖို့သတ္တိတွေမရှိခဲ့ပါဘူး။ သတ္တိမရှိဘူးဆိုတာထက် ရင်မဖွင့်ရက်ခဲ့တာပါ။

 

ဒီလိုနဲ့တစ်နေ့တော့ ညီမလေးနဲ့အွန်းလှိုင်းမှာ ချက်တင်လုပ်နေတုန်း နိုင်ငံခြားကိုရောက်နေတဲ့ ညီအစ်ကိုရင်းတွေလို

ခင်တဲ့သူငယ်ချင်းက အစ်ကို့ဆီကိုချက်တင်ဝင်လာတယ်။ ညီမလေးဟာ အစ်ကို့ရဲ့အခင်မင်ရဆုံး

သူငယ်ချင်းဖြစ်ကြောင်း ချောမောလှပပြီး နုပျိုထွားကျိုင်းကြောင်း၊ လိမ္မာရေးခြားရှိကြောင်း  အစရှိတာတွေပြောပြရင်း ညီမလေးနဲ့မိတ်ဆက်ပေးခဲ့တယ်လေ။ နောက်ပြီး အစ်ကိုတိတ်တခိုးနဲ့ ကြိတ်ပြီးကနေခဲ့တဲ့ ဒီအချစ်ဇာတ်လမ်းမှာ သူ့ကိုမင်းသားအဖြစ်ပါဝင်လာစေပြီး အစ်ကိုကိုယ်တိုင်က ဇာတ်ပို့အဖြစ်အခွင့်ရတိုင်း မင်းသားအကြောင်းကိုပြောပြရင်း အောင်သွယ်ပေးခဲ့တယ်ဆိုတာ ညီမလေးသိပါတယ်။ အစ်ကို့ရင်ထဲမှာ ဘာတွေရှိနေတယ်ဆိုတာကိုလည်း မပြောပြရပါပဲ ညီမလေးသိသွားခဲ့တယ်နော်။ အစ်ကို့ရင်ထဲမှာ ဘာတွေရှိနေတယ်ဆိုတာကို အစ်ကို့ရဲ့မျက်ဝန်းများမှတဆင့်ညီမလေးသိသွားခဲ့သလိုပဲ ညီမလေးရဲ့ရင်ထဲမှာ အစ်ကို့အတွက် ဘယ်လိုအဖြေမျိုးရှိနေတယ်ဆိုတာကိုလည်း အစ်ကိုသိပါတယ်။ ညီမလေးပြောတဲ့ တစ်ချို့စကားလုံးတွေရဲ့နောက်ကွယ်က အဓိပ္ပါယ်တွေကို နှလုံးသားနဲ့နားလည်ခံစားမိတာပါ။ဒါပေမယ့် ကိုယ့်ချစ်သူကိုရယူပိုင်ဆိုင်ရင်းနဲ့ သူရဲကောင်းဆန်ဖို့ မထိုက်တန်ဘူးဆိုတာထက် အစ်ကို့ဘ၀ထဲကိုမခေါ်ရက်ခဲ့တာပါ။

 

အစ်ကို့ရဲ့သူငယ်ချင်း နိုင်ငံခြားကအလည်ပြန်လာတော့ သူနဲ့ညီမလေးကို လူချင်းစုံတွေ့ပေးခဲ့ပြီးနောက်ပိုင်း

အစ်ကိုနဲ့ညီမလေး အဆက်အသွယ်မရှိသလောက်ဖြစ်ခဲ့တယ်နော်။ ဇာတ်ပို့က မင်းသားထက် မင်းသမီးကို

စကားများများပြောလို့မှ မသင့်ပဲလေ။ ဒီဇာတ်လမ်းမှာ ညီမလေးတို့နှစ်ယောက်အဆင်ပြေဖို့ အချိန်တွေဘယ်လိုပ

ဲ ကြာခဲ့ပေမယ့် နောက်ဆုံးတော့လည်း ကံကြမ္မာဇာတ်ဆရာအလိုကျ လူမှန် နေရာမှန်ဖြစ်လာပြီး နေနဲ့လ

ရွှေနဲ့မြဆိုသလို ညီမလေးတို့စုံတွဲက ချစ်သူနဲ့ရည်းစား တစ်ထပ်တည်းကျသွားခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။

 

ဒီပွဲမှာအစ်ကိုက ဒဿလိုအရှုံးနဲ့ ရှုံးခဲ့တာတော့မဟုတ်ပါဘူး။ တကယ်တော့အစ်ကိုက အရှုံးနဲ့ နိုင်သွားခဲ့တဲ့သူပါ။

ချစ်ခြင်းတရားဆိုတာ ရယူပိုင်ဆိုင်ခြင်းမဟုတ်ပဲ ပေးဆပ်ခြင်းပါဆိုပြီး ဂန္တ၀င်မြှောက်ဖို့နှလုံးသားနဲ့ရင်းပြီး

သမိုင်းရေးထိုးခဲ့တာမဟုတ်ဘူး။ အချစ်ဆိုတာကို ရိုးရိုးရှင်းရှင်း ခံစားတတ်ကြရင် ထိခိုက်နာကြင်တဲ့အခါ

နောင်တဆိုတာမရတတ်ပါဘူး။ အချစ်ကို အတွေ့အကြုံတစ်မျိုးလို့ ခံယူတတ်ကြရင် အသဲကွဲတဲ့အခါ

ချိုမြိန်နေတာကို ခံစားမိကြမှာပါ။ အချစ်ကို ဖြတ်သန်းမှုတစ်ခုလို့ မှတ်ယူတတ်ကြမယ်ဆိုရင်

လဲပြိုချိန်မှာလှပတယ်လို့ ခံစားမိကြမှာပါ။

 

အခုလည်း ခြေသလုံးကိုအိမ်တိုင်လုပ်နေရတဲ့ အစ်ကို့ရဲ့အညတြရဘ၀လေးထဲကို အချစ်ဆိုတဲ့အရာတစ်ခု

ဖြတ်သန်းသွားခဲ့တာပဲလေ။ အချစ်တွေထိရှသွားခဲ့လို့ အသဲကွဲပြီး လဲပြိုနေချိန်မှာတောင် နောင်တဆိုတာမရပဲ

ချိုမြိန်စွာနဲ့ လှပနေလျှက်ပါ….

 

( The bloom fashion magazine,Vol.2 No.2 November 2010 တွင် ရေးသားဖော်ပြခဲ့ပြီးဖြစ်သည် )

 

                                                                                             ခွန်ကြယ်ဖြူ (ဆီဆိုင်)

In: Others Posted By: Date: Jul 4, 2011
Comment #1

ခံစားချက်ခြင်း တူနေပါတယ် အရမ်းကို အားပေးပါတယ်

commentinfo By: nyanlinhtet at Jul 4, 2011
Comment #2

မိုက်တယ်ဗျာ..တန်ဖိုးရှိလိုက်တာ..

commentinfo By: ဖိုးနမ်း at Jul 4, 2011
Comment #3

ချစ်သူတိုင်း ရည်းစားဖြစ်ပေမယ့် ရည်းစားတိုင်း ချစ်သူမဖြစ်တာတော့ ဘ၀ရဲ့အပြစ်ပေါ့

အချစ်တွေထိရှသွားခဲ့လို့ အသဲကွဲပြီး လဲပြိုနေချိန်မှာတောင် နောင်တဆိုတာမရပဲ

ချိုမြိန်စွာနဲ့ လှပနေလျှက်ပါ….

commentinfo By: MyoZin at Jul 5, 2011
Comment #4

သိပ်ကြိုက်…။

commentinfo By: အောင်ရဲသူ at Jul 5, 2011
Comment #5

အားပေးတဲ့အတွက် MyoZin နဲ့ ကိုအောင်ရဲသူတို့ ကိုကျေးဇူးတင်ပါတယ်..

commentinfo By: ခွန်ကြယ်ဖြူ(ဆီဆိုင်) at Jul 27, 2011
Comment #6

တော်တော်ကို ခံစားရတယ်…ဆရာကြီးဦးမြကြိုင်ကျုရှင်ရယ်..အမှတ်စာရင်းထုတ်တာရယ်..သူငယ်ချင်းနဲ့ မိတ်ဆက်ပေးတာရယ်..online မှာလည်း အရမ်းပဲခင်မိတာရယ်..အားလုံးအားလုံးနီးပါးကို တိုက်ဆိုင်နေလိုက်တာ…..ထပ်တူနီးပါးပါပဲ……အရမ်းကို အားပေးပါတယ်…

commentinfo By: lonelydragon at Sep 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment