Professional Authors

တိုးတိတ်ရင်ခုန်သံ

နှင်းစက်တွေနဲ့ အေးခဲနေတဲ့ညပေါ့

အဲဒီညက ပတ်ဝန်းကျင်တစ်ခုလုံးကို

မြောက်ပြန်လေတွေ ကကြီးစိုးထားတယ်

အတွေးတွေနဲ့ ယောက်ယက်ခတ်နေတဲ့ငါ

ဘယ်လိုမှ အိပ်မပျော်ခဲ့ဘူး

တစ်ယောက်တည်းရယ်……..

အထီးကျန်နေတဲ့

ဆောင်းလေအေးကို

အဖော်ပြုရင်း

ကြယ်တွေနဲ့စကားပြောတယ်

မှတ်မှတ်ရရ လမသာခဲ့ဘူး

တစ်ယောက်နဲ့တစ်ယောက်

ခံစားချက်တွေ ဖလှယ်ကြတယ်

နင့်အကြောင်းတွေ သူ့ကိုရင်ဖွင့်နေတုန်း

ဓူဝံကြယ်က ငါ့ကိုနှစ်သိမ့်တယ်

စိတ်မခိုင်တော့တဲ့ ကြယ်တွေက

လမိုက်နေတဲ့ ကောင်းကင်ယံကနေ

တဖျောက်ဖျောက် ကြွေကျတယ်…………..

ဒီဇင်ဘာ ဆီးနှင်းစက်တွေရဲ့ကာရန်အတိုင်းပေါ့

တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်က အလိုက်တသိနဲ့

ငါ့အတွေးတွေ ရွက်လွှင့်နိုင်အောင်

ဖေးမတယ်……….

တိုးတိတ်နေတဲ့ ငါ့နှလုံးခုန်သံနဲ့အတူ

ရင်ထဲက ခံစားချက်တွေက

လမိုက်ညရဲ့ ကဗျာတစ်ပိုဒ် အဖြစ်

ထွက်ကျတယ်………

In: ကဗျာ Posted By: Date: Jan 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment