Professional Authors

ထီလက်မှတ်လေး

ကျွန်မအတွက်တော့ သံယောဇဉ်လက်ကျန်ဆိုတာ မပေါက်တော့ဘူးအမှတ်နဲ့ ချောင်ထိုးထားမိတဲ့ ထီလက်မှတ်လေး တစ်ရွက်လိုပါပဲ … လျှို့ဝှက်တန်ဖိုးတစ်ခုအဖြစ် ကျွန်မဘ၀ကို မထင်မှတ်တဲ့ အချိန်မှာ အပြောင်းလဲကြီး ပြောင်းလဲစေဖို့ အခြေအနေတစ်ရပ် ဖန်တီးပေးနိုင်ခဲ့တယ် … ဒီလက်မှတ်လေးကို မလွှင့်ပစ်မိခဲ့တာက ကျွန်မအတွက် ကံကောင်းခြင်းတစ်ရပ်ပဲလား … ကံတရားကို နာကျည်းမုန်းတီးစိတ်နဲ့ မဆုတ်ဖြဲပစ်မိတာကပဲ ကျွန်မကို တူသောအကျိုး ပေးလိုက်တာလား … ဝေခွဲမရဖြစ်ပေမယ့် … တန်ဖိုးမဲ့ထင်ခဲ့တဲ့ စာရွက်လေးတစ်ရွက် နေ့ချင်းညချင်း ဘ၀အပြောင်းအလဲ တစ်ခုကို မှော်ဆန်ဆန် ဖန်တီးမှုတွေနဲ့အတူ ကျွန်မဘ၀ကိုပါ သိမ်းပိုက်သွားတာ ဘယ်သူ အလွယ်တကူ ယုံမှာတဲ့လဲ … ဆယ်စုနှစ် လက်သုံးချောင်းစာ ဖြတ်သန်းခဲ့တဲ့ ကျွန်မရဲ့ အသွေးအသားများတောင် ပုံမှန်အလုပ်တွေ မေ့လျော့သွား လောက်တဲ့အထိ သူ့အစွမ်းက အံ့ မ ခန်း သိမ် မွေ့ နက် နဲ ….. အခုတော့ သူ့ကောင်းမှုနဲ့ ကျွန်မပခုံးထက်မှာ အစွန်းထွက် စလွယ်တစ်ခု ၀င့်ထည်စွာ ဆင်ထားနိုင်ခဲ့ပါပြီ … အားကျလေးစားတဲ့ အကြည့်တွေထက် နှိမ့်ချအထင်သေးတတ်တဲ့ ပတ်ဝန်းကျင်ရဲ့ စူးရဲထိုးနှက် ရုပ်ပျက်လွယ်တဲ့ အကြည့်တွေကို တန်ပြန်နိုင်အားတွေ ကျွန်မရခဲ့ပါပြီ … တစ်ရံအခါကတော့ အကြိမ်ကြိမ် လွှင့်ပစ်ဖို့ ကြိုးစားခဲ့ဖူးတဲ့ ဒီထီလက်မှတ်လေးဟာ မကြာခဏ ကျွန်မမျက်ရည်တွေကို ဖြုန်းတီးခဲ့ဖူးတယ် … သူ့ရဲ့ ငိုရှိုက်သံတစ်ချို့နဲ့ မိတ်ဆက်ပေးဖူးသလို စုံစမ်းနှောင့်ယှက်မှုဆန်တဲ့ သင်္ကာမကင်း စကားတွေကိုလည်း အလိုက်မသိ ခေါ်ဆောင်လာတတ်သေးတယ် … အဲ့လိုအချိန်တိုင်း တဆတ်ဆတ် တုန်ရီနေတဲ့ နှုတ်ခမ်းသားတွေကို ဆွဲယူအားတင်း၊ ဇောသုံးတန်ပြန်နေတဲ့ အပြုံးတစ်ခုကို ခက်ခက်ခဲခဲ မွေးဖွားရုံမှတစ်ပါး ထီလက်မှတ်လေးကို စွန့်ပစ်ဖို့ ကျွန်မမ၀ံ့ရဲခဲ့ပါဘူး … တစ်ချိန်တည်းမှာပဲ ကျွန်မဟာ မြေနိမ့်နေရာလွတ် တစ်ခုအဖြစ် မခံယူသလို တစ်ဖက်သားကိုလည်း ကျွန်မအတွက် ထက်မြက်တဲ့ လှံတစ်ချောင်းဖြစ်ခွင့် မပေးခဲ့တာ ရယ်စရာများ ကောင်းနေသလား … တစ်ခါတစ်ရံ ဒီလိုရယ်စရာ အဖြစ်အပျက်တွေကို ပြန်တွေးမိတိုင်း လောကကြီးဟာ ကျွန်မအတွက်တော့ နေတတ်သလောက် ကျေနပ်မှုတွေ ပြန်ပေးစွမ်းနိုင်တယ်ဆိုတဲ့ အသိတစ်ချက် ရင်မှာစွန်းထင်းနေဆဲဆိုတာ သတိထားလိုက်မိတယ် … တစ်ကယ်တော့ ချောင်ထိုးတယ်လို့ လူကြားကောင်းအောင် တင်စားခဲ့ပေမယ့် အမှန်က အမြတ်တနိုးကွယ်ဝှက် သိမ်းဆည်းထားတာကို ကျွန်မကလွဲလို့ရော ဘယ်သူသိနိုင်ဦးမှာလဲ … ဒီလိုသာ မေးခွန်းထုတ်မိရင် ငါသိပ်သိတာပေါ့လို့ ထီလက်မှတ်လေး ထပြောလိုက်မှာ သေချာတယ် … ကျေးဇူးပြု၍ ငါ့ကိုသနားရင် မပြောလိုက်ပါနဲ့လား … ပတ်ဝန်းကျင်က နင့်ကို မမြင်တာကြာရင် မေ့ပျောက်လွယ်မယ့် အမျိုးအစားအဖြစ် သတ်မှတ်နေချိန်မှာ ငါကတော့ သူခိုးရွှေရတပြပြ ထုတ်ကြည့်သလိုမျိုးပေါ့ …. နင့်ကိုအဲဒီလောက် တန်ဖိုးထားခဲ့မှန်း နင်တစ်ကယ်သိရင် သေပျော်ပါပြီဟာ … ဒါ့ကြောင့်လည်း နင်ဟာငါ့အတွက် အချိန်နဲ့အမျှ တန်ဖိုးတက်ခဲ့တဲ့ ထီလက်မှတ်လေး ဖြစ်လာတယ်ထင်ပါ့ … ခုတော့လည်း ငါဟာ မနာလိုစရာ ကောင်းလောက်အောင် နင့်အကျိုးကျေးဇူးတွေ ခံစားနေရပြီလေ … ဒီလိုပြောလို့ ပီတိတွေလျှံကျပြီး နင်ပြုံးနေမလား … ၀မ်းသာလွန်းရင် ငိုတတ်တဲ့အကျင့်တွေ ပြန်ပေါ်လာဦးမလား … ရှက်ကိုးရှက်ကန်းနဲ့ မနေတတ်မထိုင်တတ် ဖြစ်ပဲနေမလား ငါတွေးမိပြီး တစ်ရေးနိုးတိုင်း ဥစ္စာခြောက်တတ်တဲ့ငါ ထီလက်မှတ်လေးကို တရှိုက်မက်မက် ထနမ်းမိနေတုန်းပဲ …..

In: ကဗျာ Posted By: Date: Nov 8, 2010
Comment #1

Good, Better, Best!
XD

commentinfo By: ကိုဇင် at Nov 8, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment