Professional Authors

သင်္ကေတဝါဒနဲ့ပါးရိုက်ခြင်း (ပိုင်စိုးဝေ)

ပြတ်သားခဲ့ပြီတဲ့လား
မောင်းချဓားတစ်ချောင်းက ရယ်လိမ့်မယ်။

အကြိမ်ကြိမ်
စိတ်ကိုစိတ်နဲ့မှန်အောင်ပစ်
စိတ်ကိုစိတ်နဲ့ပွတ်သပ်ဖြေသိမ့်
စိတ်ကိုစိတ်နဲ့ကားစင်တင်
ဘဝတစ်ခု
ဝါကျတစ်ကြောင်း
ပုဒ်မတစ်ခုချလိုက်။

ရှုံးလိုက်နိုင်လိုက် အဆုံးသတ်မရတဲ့လောင်းကစားပွဲ
ဆက်ပြီးတော့သာ ကစားပါလေ
ဝက်တစ်ကောင်ဖြစ်ခဲ့မှတော့
ဗိုက်ဓားထိုးခံဖို့ ပြဋ္ဌာန်းပြီးသားပေါ့။

နေမင်းကြီးအောက်
အရှက်အကြောက် ကင်းမဲ့နေကြပုံတွေက
ကင်မရာရှေ့ အလုအယက်တိုးဝှေ့လမ်းလျှောက်ကြ
ပုဆိန်ရိုးအပြတ်ကို
နတ်ဒေဝတာထင်ပြီး ပ,သကြ
နပိုလီယံစီးတဲ့ဖိနပ်ကို
သရဖူမှတ်ပြီး အလုအယက်ဆောင်းကြ
သင်္ကေတဝါဒနဲ့
တစ်ယောက်ပါးကိုတစ်ယောက်ရိုက်ကြ
ဘုရားသခင်ကြည့်နေတာ မသိကြဘူးလေ။

ဒုစရိုက်ပန်းတွေအလုအယက်ပွင့်နေပုံက
အိပ်မရအောင် တယ်ဆူညံလှပါလား
စဉ်းစားခြင်းဝါဒကို ငြင်းပယ်လိုတဲ့
တိမ်တိုက်တွေကတော့
ထင်ရာကိုစိုင်းမြဲစိုင်းကြတယ်။

ချရေးလို့မရတဲ့ဝါကျတစ်ကြောင်းဟာ
ဘဝမှာအဆိုးဆုံးကျိန်စာပဲ။ ။
ပိုင်စိုးဝေ

Comment #1

ချရေးလို့ မရတဲ့ဝါကျတစ်ကြောင်းဟာ
ဘ၀မှာအဆိုးဆုံးကျိန်စာပဲ။
အဲဒီနေရာလေးအရမ်းကြိုက်ပါတယ်အစ်မရေ
ကျေးဇူးတင်ပါတယ်

commentinfo By: moehtetaung18 at Nov 7, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment