Professional Authors

“အို” (or) “O”

“အို”ရေ ….. မိုးပွင့်တွေကြွေ ဆောင်းလေတွေ မဖြတ်သန်းခင် ငါ့ရင်ကို အနွေးငွေ့လေး ပေးလှည့်ပါ …. တစ်ခြုံစာ စောင်နွေးနွေးအောက်က မင်းကိုယ်ငွေ့ရနံ့လေး မပြယ်ခင်ပေါ့ …. တစ်ကယ်တော့ လိပ်ပြာတွေပေါင်းဆုံဖို့ ခရမ်းရောင်ညခင်းလေးရဲ့ ဘ၀နှစ်ခု ထပ်တူကျချိန် ငါတို့စားသုံးနေတဲ့ အိပ်မက်တစ်ပွဲမှာ စံတော်ချိန်မဲ့နေသော နှစ်ယောက်တစ်ဘ၀က ဘယ်လောက်များ လှလိုက်သလဲ တွေးကြည့်လိုက်စမ်း “အို” ….. ပြေးကြည့်တာထက်တောင် ငါကတော့ မြင်ယောင်နေမိတယ် …. မင်းမျက်ဝန်း စူးရှရှတွေအောက်မှာ အလင်းကြောက်သူ ငါတစ်ယောက် ဘယ်လောက်များ ကပိုကရိုဆန်နေမလဲလို့ …. “အို” တွေးရင်းနဲ့ ငါ့အိပ်မက်တွေ ရုပ်လုံးကြွလာလိုက်တာ အခန်းထောင့်က Diffuser မီးသင့်နေတဲ့ နှင်းဆီရနံ့လေးတွေ ရှက်သွေးဖြာကုန်ကြပြီ …. စားပွဲပေါ်က ငါ့နှုတ်ခမ်းနီရာနဲ့ ကော်ဖီခွက်လေးက တအံ့တသြ ငေးမောနေရှာတယ် …. ငြိမ့်ညောင်းသွဲ့ပျောင်းတဲ့ တယောသံ ခပ်မျှင်းမျှင်းကြားက ရွှေရောင်စက်ဝိုင်း နှစ်ခုကတော့ အဓိပ္ပါယ်ရှိရှိ ငါ့ကိုပြုံးပြနေတယ် …. ကော်ဖီခွက်လေးဘေးက ရေးလက်စ ကဗျာတစ်ပုဒ်ထဲမှာ အခုတော့ မင်းရယ်သံလေးတွေ စွက်နေသလိုလို ကြားယောင်နေမိသေးတယ် “အို” …. ပြူတင်းတစ်ဖက်က ညှင်းခတ်လာတဲ့ လေပြည်လေညှင်းကြား နီကျင်ကျင် ဆံနွယ်ဖျားလေးတွေမှာ ငါ့စိတ်တွေ အရိုင်းဆန်ဆန် တွဲလွဲခိုနေကြပြန်တယ် …. ဒီလိုနဲ့ မင်းအချစ်လက်ဆွဲခေါ်ရာ ငါ့အနာဂတ်တွေ တရွေ့ရွေ့ လိုက်ပါလာခဲ့ပြီ …. တစ်လှမ်းချင်း နီးကပ်လာတော့မှ ငါ့ကိုယ်ထဲ စိမ့်ဝင်လာတဲ့ အာရုံတစ်ခုကို အလိုလိုသိလိုက်တယ် …. လက်ကမ်းကြိုလိုက်ပါဦး “အို” …. သူဟာ ပင့်သက်ရှုကျ ညအလှနဲ့ ပနံတင့်စွာ သက်တန့်တစ်စင်းလို တို့နှစ်ယောက်ဘ၀ကို တံတားထိုးပေးနေတယ် …. တစ်ချိန်ကျရင် နင့်လက် တစ်ဖက်တစ်ချက်မှာ ဘ၀သစ်လေးအဖြစ် ခြေလှမ်းကျဲကျဲနဲ့ ပါလာတော့မှာ မြင်ယောင်မိသေးတယ် …. ငါ့လို စူပုပ်ပုပ် နှုတ်ခမ်းလေးနဲ့ အလိုက်မသိ တောင်းဆိုမှုတွေ၊ ဆံပင်မကောက်ပေမယ့် စိတ်ကောက်တတ်တဲ့ ငါ့အကျင့်လေးတွေ၊ အရာရာထက် မင်းကို ပိုတွယ်တာတတ်တဲ့ စရိုက်ဆိုးလေးတွေ နေ့နေ့ညည မင်းရင်ဆိုင်ရဦးမှာပါလား “အို” ….. အဲ့ဒီကျမှ ငါ့ကိုလေ လက်မှိုင်ချတဲ့အကြည့်နဲ့ မျက်စောင်းတစ်ချက်တောင် မထိုးမိစေနဲ့ “အို” ရယ် ….. ငါ့ပီတိတွေ လတ်ဆတ်နေတုန်း မင်းနဲ့အတူ သုံးဆောင်ခွင့်ပြုပါ …. အဲ့ဒီ ကိုယ်စားအကြည့်လေးတွေနဲ့ ငါ့ဘ၀ကို တစ်သက်စာ အကျယ်ချုပ် ပေးထားပါ “အို” ….. မွတ်သိပ်တပ်မက်လျှက် မြတ်နိုးကြည်ဖြူစွာ ငါခံယူပါရစေတော့ ….. ဟူးးးးးးးးးးးးး ….. မှုတ်ထုတ်လိုက်တဲ့ ပင့်သက်တိုင်းမှာ ငါ့အချစ် တစ်စွန်းတစ်စများ ပါသွားလေမလား နှမြောတသရင်း အိပ်မက်ကလေးကို အရူးအမူး ဖက်တွယ်နေလျှက်ပါပဲ …. “အို ”

In: ကဗျာ Posted By: Date: Oct 24, 2010
Comment #1

ဒီ..အို..ဆိုတဲ့ကဗျာခေါင်းစဉ်ကိုယူသုံးခွင့်ပြုပါ……

commentinfo By: kohtike at Nov 15, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment