တံလျှပ်ကိုရေထင်ပြီးအလိုက်မှားတဲ့သမင်တစ်ကောင်
တံလျှပ်ကိုရေထင်ပြီးအလိုက်မှားတဲ့သမင်တစ်ကောင်
သံယောဇဉ်ဆိုတာ
မစားကောင်းတဲ့သစ်သီးတစ်လုံးမှန်းသိလျက်နဲ့
ကျွန်တော်ကမြိန်ရှက်စွာစားသုံးမိခဲ့ပေါ့”မ”ရယ်။ ။
(၁)
ခေါင်းမာတတ်တဲ့ကျွန်တော့်အကျင့်အတိုင်း
ကျွန်တော့်ရင်တွင်းတစ်ခုလုံး
ပန်းတွေဖူးပွင့်လာခဲ့တဲအတွက်
ဘယ်တော့မှလည်းနောင်တရမှာမဟုတ်ဘူး။ ။
အလုပ်တွေပိနေတဲ့ “မ” ဆီကိုသတိရမိတိုင်း
အတားအဆီးမရှိတဲ့ စိတ်ခံစားချက်နဲ့အတူ
ဖုန်းတွေလည်းဆက်ခဲ့ဖူးပါရဲ့။
“ဟယ်လို“ ဆိုတဲ့ “မ” ရဲ့ ခွန်းသီသံချိုချိုကိုကြားရင်
ကျွန်တော့နှုတ်က စကားတွေဆွံအသွားလောက်အောင်
မာယာပြစ်ချက်ကင်းတဲ့ ပဉ္စလက်အသွယ်သွယ်နဲ့
ပြုစားရက်တဲ့ချစ်သူရယ်……………….။ ။
အလုပ်မအားဘူးလို့”မ” ဆီက
စိမ်းပြတ်ပြတ်စကားတစ်ချို့ကိုကြားရရင်
မငိုပါဘဲ ရှိုက်ရှိုက်နေခဲတဲ့
ဝမ်းနည်းသိမ်ငယ်မှုနဲ့အတူ
အိုအေစစ်မဲ့တဲ့ ကန္တာရလေးအဖြစ်နဲ့
ကျွန်တော့ရင်မှာခြောက်သွေ့အထီးကျန်ခဲ့ရပေါ့
“မ”ရယ်…………..။ ။
(၂)
ကျွန်တော့အတွက်ဆို
အရာရာပေးဆပ်ရဲတယ်ဆိုတဲ့စကား
ဘာလို့များသုံးနှုန်းခဲ့သလဲဆိုတာ
ကျွန်တော်မတွေးတတ်တော့ဘူး။
လှေနံနှစ်ဖက်နင်းတယ်လို့
ဘယ်တော့မှ”မ” ကိုမထင်ရက်ခဲ့တဲ့
ကျွန်တော်ကလေ”မ” ရဲ့စကားလုံးလှလှတွေအောက်မှာ
ဘာမဆိုယုံကြည်ခဲ့တဲ့အထိ
“မ”ကိုအစွဲအလမ်းကြီးတတ်ခဲ့တယ်…………။ ။
“မ”ရဲ့ သံယောဇဉ်တချို့ကို
ကျွန်တော်နားလည်လို့ရနေပေမယ့်
မသေချာမရေရာတဲ့အခြေအနေလေးတစ်ခုမှာ
ကျွန်တော်ဟာ
“တံလျှပ်ကိုရေထင်ပြီးအလိုက်မှားတဲ့သမင်တစ်ကောင်“
မဖြစ်ချင်တော့ဘူး။
အချိန်ရှိတိုင်း(ကျွန်တော့ဘက်က)
“မ”ကိုတမ်းတနေရတဲ့ကျွန်တော့အဖြစ်ဟာ
ရင်ကွဲပက်လက်အသက်ရှင်ဆဲ
အတောင်ကျိုးငှက်တစ်ကောင်သာသာပါ။
ဝေဒနာကိုကယ်တိုင်တူးဖော်
ဒဏ်ရာကို ဖန်တီးယူတဲ့
ကျွန်တော့နှလုံးသားစစ်တမ်း ပန်းဝင်ခါနီးမှ
အိပ်မက်တချို့
အရောင်တွေပြယ်လွင့်ကုန်တယ်။
ဆင်ခြင်နိုင်စွမ်းမဲ့စွာ
နှလုံးသားကြိုးဆွဲရာကမယ့်အရုပ်လေးအဖြစ်နဲ့
ကျွန်တော်က ခပ်ပေပေတေတေလူစားပါ။
(၃)
“မ”ရင်ထဲမှာ ပထမဆုံးတစ်ယောက်ကို
ဒီနေ့အထိစူးစူးနင့်နင့်ထည့်သွင်းထားတယ်လို့
ကျွန်တော်အသိတရားရတိုင်း
ကမ္ဘာပျက်မတတ် ထိတ်လန့်ခဲ့ရပေါ့။
ရှေ့ဆက်တိုးလို့မရတော့တဲ့လမ်းမှာ
ကျွန်တော်ဟာအိပ်မက်တွေကိုရိုက်ချိုးခံလိုက်ရရင်း
ဒူးတွေလည်းယိုင်နဲ့ခဲ့တယ်။
“မ”ဆီကဘာတစ်ခုမှ
ရယူပိုင်ဆိုင်ခြင်းမရှိတဲ့ကျွန်တော်ဟာ
အရိုင်းစံပယ်လေးတစ်ပွင့်ပါ………။ ။
အကြင်နာစစ်ဆိုတာလောကမှာ
တစ်ကယ်လို့များရှိခဲ့ရင်
ကျွန်တော်တွေ့ကြုံနေရတဲ့လက်ရှိအဖြစ်အပျက်လို
ကျွန်တော်ဟာအစွဲအလမ်းတကြီးနဲ့
အချစ်ကိုကိုးကွယ်ခဲ့တဲ့
အတ္တများတဲ့သူ
ဘယ်တော့မှမဖြစ်ပါရစေနဲ့လို့
ဘုရားရောက်တိုင်း
အထပ်ထပ်ဆုတောင်းမိတယ်
ချစ်သူရယ်………………….။ ။
ထူးသူရဇွဲ
(၂၁.၁၀.၂၀၁၀)
Zwe
Comment #1
အလုပ်မအားဘူးလို့”မ” ဆီက
စိမ်းပြတ်ပြတ်စကားတစ်ချို့ကိုကြားရရင်
မငိုပါဘဲ ရှိုက်ရှိုက်နေခဲတဲ့
ဝမ်းနည်းသိမ်ငယ်မှုနဲ့အတူ
အိုအေစစ်မဲ့တဲ့ ကန္တာရလေးအဖြစ်နဲ့
ကျွန်တော့ရင်မှာခြောက်သွေ့အထီးကျန်ခဲ့ရပေါ့
“မ”ရယ်…………..။
……………………………………………..
အားပေးသွားပါတယ်နော်