Professional Authors

မြို့ မ

မြို့ မ


သွေးသားပြောင်းလဲမှု မြန်လွန်းတာလား
ရာသီဥတုက အရင်ထက် ပိုပိုဆိုးလာတယ်
ပြေးတွေ့လို့မရတဲ့ ကမ္ဘာ တစ်ဖက်ခြမ်းမှာ
အခုဆို
ဆာလောင်မှုတွေက ယောက်ယက်ခတ်ကုန်ပြီ ။

ယုံကြည်မှုထဲက တိုးထွက်လာတဲ့ အနာတရတစ်ချို့
ဘယ်ဖက်ရင်အုံကို ချိန်ရွယ်ဖြတ်နင်း
လူ့အခွင့်အရေးဆိုတာ တစ်ကယ်တော့
အခွင့်ထူးခံ လူတန်းစားအတွက်လား
မဟုတ်သေးဘူး
ကျေးဇူးပြုပြီး ငါ့ မြို့လေး တိမ်မဖုံးပါစေနဲ့ ။

ရေစီး ရေလာ မကောင်းတော့တာ ကြာပြီ
မြို့လေးရေ…..
ဘေးက ရပ်ကြည့်နေရတာနဲ့တင်
ငါ့ကမ္ဘာတွေ ခဏခဏပြိုကျ
အခုဆို တစ်စက္ကန့်ခြားတစ်ကြိမ် အသက်ရှုရပ်တယ် ။

ငါ…..
ဒီနေ့အထိရှာဖွေ တူးဆွနေတုန်း
နေ၀င်နေထွက် မမှန်တော့တဲ့ မြို့မ
တစ်ခါတစ်လေ
ရေတိမ်မှာနစ်ရတာ ပျော်ဖို့ကောင်းတယ်။

မြို့မ ဟာ
ဆံပင်အရှည် မထားခဲ့ဘူး
လက်သည်းခြေသည်းတွေဆေးဆိုးပန်းရိုက်မခြယ်သဘူး
တွန့်လိမ်ကောက်ကွေးတဲ့ သူ့ဆံပင်ဖရိုဖရဲလေးကိုက
ငါ့ရင်ကို လက်နက်မပါပဲဖောက်ထွက်စေတယ် ။

အာရုံကိုအတတ်နိုင်ဆုံး စုစည်းထားလိုက်ပါရဲ့
မြို့ မ ရေ
မမြင်ရတဲ့ကြိုးတစ်ချောင်းနဲ့
ငါ့ကိုယ်ငါ ဒီနေ့အထိတုပ်နှောင်ထားတုန်း
စိုးရိမ်စိတ်ကြီးစွာနဲ့ ထမ်းပိုးထားရတဲ့ နာရီတွေကို
မှတ်မှတ်ရရဖြစ်အောင်
ဂုဏ်ပြုပွဲလေး ငါ လုပ်ပေးချင်တယ် ။

အမည်မဲ့
In: ကဗျာ Posted By: Date: Oct 9, 2010
Comment #1

mite dal..

commentinfo By: ဖြိုးဖြိုး at Oct 9, 2010
Comment #2

good!
so nice poem.

commentinfo By: moezat at Oct 15, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment