Professional Authors

အချစ်အရပ်၌ရှိသော …

(၁)

 

ငါ့ကိုမေ့ပါ … သင်ဇာ

ငါဟာ

… ပျံသန်းတိတ်ဆိတ်သွားမဲ့ မီးတိမ်စ တစ်အုပ် ။

 

(၂)

 

……

ထပ်နာကျင်မှာစိုးလို့

အသက်တောင် … ပြင်းပြင်းမရှူဖြစ်တာ

… ကြာပြီ ။

 

(၃)

 

ကဗျာဆိုတာ …

ဒဏ်ရာတွေရဲ့ လူမြင်ကောင်းတဲ့ အလင်းဘက်ခြမ်း

မကန်းမချင်း … လင်းပြနေရ

နင်မရှိရင် နေသားမကျသေးတော့လဲ

… အလင်းတွေကြားမှာမှ ‘မှောင်’ တယ် ။

 

(၄)

 

ငါဆိုတဲ့ကောင်ကလဲ …

လမ်းလျှောက်ရင်တောင်

မြေနဲ့လွဲနေတတ်တဲ့ ကောင် … သင်ဇာ

အသက်ရှူရင် လေနဲ့လွဲနေကျကောင် …

 

ဒီလိုလူ့အယောင်ဆောင်က

နင် ငိုရင် ဒူးထောက်တတ်အောင်

ယဉ်ကျေးမှု ခေါက်ရိုးကျနေပြန်တယ် … ။

 

(၅)

 

နင်သိလား …

နင်ဟာ… ငါ့ရဲ့ ကမ္ဘာသစ်ကျမ်းစာ

ငါကတော့ …

ပြာသင့်သလောက်မပြာတဲ့ ကောင်းကင်တုတစ်စုံ

နင့်ကို လွှမ်းခြုံပေးချင်ပေမဲ့ … သင်ဇာရယ်

အခုလို …

ဖြေမပြေသူ တေလေလူရဲ့

ကောင်းကင်ပျောက်သမိုင်း မှာ …

နင့်ကိုပါ … မရိုင်းစေချင်ဘူး ။

 

(၆)

 

နင့်ရှေ့မှာ အပိုင်းပိုင်းပစ်ကျနေတဲ့ ညကို

ဒီတိုင်းထားလိုက် … သင်ဇာ

ပိတောက်ခြောက်ရောင် ရုပ်ရှင်လက်မှတ်အိုလေးကိုလဲ

သူ့အတိုင်းပဲ ထားလိုက် …

‘တစ်သက်လုံး ကို့ကို ‘ … ထားခဲ့

ထားခဲ့လိုက် … သင်ဇာ ထားခဲ့လိုက်ပါ ။

 

အတူတည်ရှိနေရက်နဲ့ ထက်ခြမ်းခွဲခံရတဲ့ …

အလင်းရောင် နဲ့ အမှောင်လိုမျိုး

ငါ့ကိုလဲ … ထားခဲ့ သင်ဇာ …

 

(၇)

 

ဘာကြောင့်ဆို

နင်ဟာ ငါ့ ကန္တာမှာ မစိုစွတ်သင့်တဲ့ တိမ် …

ငါကတော့ …

ကိုယ့်ကိုယ်ကို ပြန်မိနေတဲ့ ပင့်ကူအိမ် ပဲ …

စိုးရိမ်ခွင့်ရှိရုံနဲ့ … ကျေနပ်လုံခြုံတယ် ။

 

နင်သိလား … သင်ဇာ

အသစ်စက်စက် ‘ လ ‘ ကိုမှ

ထုတ်ပန်ဆင် ထားတဲ့ ‘ ည ‘ လိုပဲ … နင်သိပ်လှတယ် ။

 

ငါလေ …

လက်လေးပိုက်ပြီး တွေးရုံ ငေးရုံ

နှုတ်ခမ်းလေး ကိုက်ပြီး … ဆွေးရုံ ပေါ့ ။

 

(၈)

 

ဆူးနဲ့ ရက်ဖောက်တဲ့ သရဖူဆိုပေမဲ့လဲ

ဒီ တေလေမီးပေါက်ရဲ့ ရင်ခုန်သံတောက်လျှောက်မှာ

ရွာရိုးကိုးပေါက် ရှင်သန်နေဆဲ …

 

ဝေးကြပြီ ဆိုတဲ့ မီးစာက

ငါ့ရင်ကို လောင်တယ် …

တကူးတက ‘မှောင် ‘ ထားရတဲ့ ကောင်မို့

ဘာရောင်မှ ထပ်မလိုဘူး …

 

(၉)

 

အသက်ရှူတိုင်း …

ဘယ်ဘက်နံရိုးလေးတွေ မျက်ရည်ဝဲရုံနဲ့

ငါလဲ ပုံမှန်ပါပဲ သင်ဇာ …

 

(၁၀)

 

လျှပ်ပြက်တာမြင်ရင်တောင် …

သွေးပျက်နာကျင်တတ်လာတဲ့ ကောင်းကင်အသေမှာ

တစ်ငြိမ့်ငြိမ့် … လင်းဝေနေတဲ့ ငါ့ရဲ့ တနင်္လာနံလေးရေ

 

နတ်ဆိုးတို့ကမ်းတဲ့လက်မှာ

ငါ့ မှတ်ဥာဏ်တွေ ဒဏ်ရာစက်လက်

ဖုန်းမြည်သံကြားတိုင်း … ဆို့နင့် သွေးပျက် နေမယ် ။

 

(၁၁)

 

(၂၉)ရက်နေ့တိုင်း

တနင်္လာထောင့်မှာ သောက်တော်ရေ ၂ ခွက်

နောင်ဘ၀ဆက်တိုင်းလဲ … ထပ်ချပ်မကွာ

….. အသည်းကွဲရပါလို၏ ။

 

ငါ .. ဆုတစ်ခုတောင်းမိတယ် သင်ဇာ

နောင်ဘ၀ဆက်တိုင်း …

ဆူးသတ်လို့ သေတဲ့ … နှင်းဆီ မဖြစ်ရစေနဲ့တော့ကွယ် ။ ။ K.T.H

In: ကဗျာ Posted By: Date: Sep 28, 2010
Comment #1

ကိုယ်တိုင်ရေး ဖြစ်ပါသည် .. ။

commentinfo By: kyitha at Sep 28, 2010
Comment #2

ကြိုက်တယ်။ဆက်ရေးပါဗျာ။

commentinfo By: စက္ကူပန်း at Sep 29, 2010
Comment #3

တော်တော်လေးကိုဆွေးရတဲ့အလွမ်းကဗျာမျိုးပါလား။

commentinfo By: badboychan at Jan 18, 2011
Comment #4

များများရေးဗျာ …. ကဗျာတွေကောင်းတယ်

commentinfo By: မင်းနေဝေး at Aug 16, 2011
Comment #5

အဲဒီလောက်ချစ်ရတာရင်မနာဘူးလားဟင် တို.ဆိုအဲဒီလောက်မချစ်ချင်ဘူး သတိရတိုင်းရင်ထဲမှာနာနေရမယ်အဖြစ်မျိုးနော်
ကဗျာလေးကတော.ကောင်းပါတယ်အားပေးသွားတယ်နော်
ဒါပေမယ်.အသည်းကွဲကဗျာတွေပဲဖြစ်နေတယ် တခြားကဗျာတွေလဲရေးပါဦး

commentinfo By: htethtet at Aug 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment