Professional Authors

အဲဒီလိုပဲပြောချင်ပါရဲ့

 

အဲဒီလိုပဲပြောချင်ပါရဲ့


အဲဒီကနေပဲ စပြောရတော့တာပေါ့

အဲဒီရပ်ဝန်းလေးထဲ မှာပေါ့

ခြေထောက်အစုံကို

ဘယ်ညာဆိုတာ အတူရေတွက်လို့ပေါ့

ထိတို့မိသမျှ ချိုချိုမြမြ

သီးသန့်တည်ဆောက်ခဲ့တဲ့ နန်းတော်လေး

ရွေ့လျားပုံတွေ လှပလို့

ခမ်းနားလွန်းနေပုံများ

စိုလို့ပြည်လို့။

 

အဲဒီလိုပဲလေ

စူးစူးရှရှသောက်သုံးခဲ့ကြတယ်

မိုးမြေနဲ့အတူ ရူးသွပ်လို့

သွေးနဲ့သားးနဲ့ ရစ်ပတ်

သံယောဇဉ်ဆိုတာ ဖြတ်လို့မရတဲ့အရာတစ်ခုပါပဲ

နားလည်မှုဆိုတာ တန်ဖိုးမဖြတ်နိင်ကြောင်း သက်သေပြကြတယ်။

 

အဲဒီအတိုင်းပါပဲ

နူးညံ့တယ်

သိုသိုသိပ်သိပ်လေး

ဖွဖွလေးတွေ စိုက်ကြည့်ကြတယ်

သွေးလည်မှုတွေ နွေးထွေးလို့

မဖော်ပြတတ်တဲ့ အထိအတွေ့

ဆိမ့်ဆိမ့်ကလေး ခိုဝင်နေကြတယ်

မခါးသက်ပါဘူး

မူးယစ်ဆေးတစ်မျိုးပဲပါ

ရုန်းထွက်နိင်ဖို့ အာမခံချက်မရှိဘူး။

 

အဲဒီနေရာမှာပေါ့

ခွန်အားဆိုတာ လေ လိုပဲ ပြင်းထန်လို့

ရေ လိုပဲ သန်မာတယ်

တိုက်ခိုက်ဖို့အသင့်

အဆုံးစီရင် ၀ံ့ ကြတယ်

နစ်နာတဲ့အရာဆိုတာ ပြောစရာမလိုတဲ့ သတ်မှတ်မှုပဲ။

 

အဲဒီလိုဖြစ်ခဲ့ကြတယ်

ဒီဘက်ခြေလှမ်းက ဟိုဘက်အတွက် အနာဂတ်

ဟိုဘက်အောင်မြင်မှုဆိုတာ ဒီဘက်အတွက်ပီတိဖြာလို့

ကျရှုံးခြင်းမှာ အတူတူစီးမျောကြဦးမှာပဲလေ

အဲဒီပင်လယ်ပြင်မှာ အတူတူရွက်လွှင့်ကြ

အပြန်လှန်ဖေးကူမကြ

ကတိဆိုတာ မဖောက်ဖျက်တတ်တဲ့ စကားတစ်ခွန်းဖြစ်ကြောင်း

လွတ်လပ်စွာ ရယ်မောကြလိမ့်မယ်။

 

 

အဲဒီအတိုင်း

ဆယ်ကမ္ဘာမက ပျံသန်းချင်လို့

ဘ၀ရှိသမျှ အမှတ်ရနေဖို့

ရင်ဘတ်ကိုယ်စီမှာ တံဆိပ်ရိုက်ပြီးသား

ဘာမှမရှိတဲ့နေရာမှာ အတူတူပျော်ရွင်လို့

အတူတူစိမ့်ဝင်စီးမျောလို့…..

အဆုံးအထိ..

ဟိုး..အဆုံးဆိုတာအထိ

ပျံသန်းလို့..

ရွက်လွှင့်လို့..

ထွက်သက်ဆိုတာရဲ့ နောက်ဆုံးအထိ

အတူတူ ရှင်သန်နေချင်ကြတယ်။

 

အဲဒီလိုပဲလေ

အဲဒီအတိုင်းပါပဲ

အဲဒီနေရာမှာပေါ့

အဲဒီလိုဖြစ်ခဲ့ကြတယ်။

အဲဒီအတိုင်း

အဲဒီ အရာနဲ့အတူ

ဒါဟာ အဲဒီအကြောင်းပါပဲ။            

 

 နေသွေး

source:

http://mmbravo.net/about-love

In: ကဗျာ Posted By: Date: Sep 12, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment