Professional Authors

သူမအတွက် ကျွန်တော်တူးဖော်ခဲ့သော ရင်ထဲက အလွမ်းများ

ညင်သာသော သက်ပြင်းနုနု
ဒဏ်ရာ လက်တစ်ဆစ်လောက်တော့ပါတယ်
မကြေညာဘဲ ထိုးတဲ့စစ်
ပွဲမစခင်ကပဲ
ငါ့ဘက်က ရှုံးတယ် ၊၊    ၊၊

အကျိုးအမြတ်ကိုတော့
မသုံးသပ်တတ်ဘူး
သေချာတာတစ်ခုက
အတွေးစတွေနဲ့ လွန်ဆွဲတိုင်း
နင့်ကိုလွမ်းတဲ့အကြောင်းက တစ်စွန်းတစ်စနဲ့ 
အဲဒါကြောင့်ပြောတာ
ဒီအလွမ်းခက်ဆစ်တွေ
ငါ ဘာသာ မပြန်တတ်ပါဘူးလို့ ၊၊    ၊၊

ငါက
နံရံမှာ ချိတ်ဆွဲထားတဲ့
ရုပ်သေးတစ်ရုပ်လိုပဲ
နင်ဆွဲတော့ ပါတယ်
နင်ပစ်ထားတော့ သေတယ်
ငါ့ရဲ့ ဘယ်ဘက်ရင်အုံ အောက်က
နှလုံးသား တစ်ခု
လှုပ်ခတ်နေသေးသား
နင် စမ်းကြည့်ပေးပါ ၊၊    ၊၊

ငါ့အတွေးထဲက
သမားရိုးကျ တစ်လမ်းသွားလေးဟာ
အခုတော့ အသစ်အဖြစ်
နှစ်လမ်း ပြောင်းတယ်
ပထမ တစ်လမ်းက
နင့်ကို ချစ်တဲ့ အချစ်တွေသွားတယ်
ဒုတိယ တစ်လမ်းက
အဲဒီ ချစ်ခဲ့တာအတွက်
အလွမ်းတွေ ပြန်တယ်
နင် အပေါ်ယံလေးတင် ခပ်ပါးပါးတွေးကြည့်
“သမုဒယ” ဆန်သလားလို့ ၊၊    ၊၊

ဘီလူး နက္ခတ်နဲ့ စောင့်တဲ့ပန်း
ငါ ကဗျာနုနုနဲ့ ဆောင်ယူဝံ့တယ်
ကဗျာကပဲ ဆန်းသလား
ငါကပဲ ရဲသလား
ငါတော့ မတွေးတတ်အောင်ပဲ
တကယ်တော့ အားလုံးဟာ
အချစ်အတွက် ရဲရင့်ဝံ့ တယ်
အဲဒီအတွက် စိုးရွံ့ စိတ်
မြူမှုန်မျှပင် မလို ၊၊    ၊၊

(၁)ချစ်ရတာထက် လွမ်းရတာကမောတယ်
    လွမ်းရခြင်းအတွက် မျှော်လင့်ခြင်းတွေ မွေးဖွားတယ်
(၂)သစ်ရွက်လေးတစ်ရွက်
ဆွဲအားကြောင့် မြေခ ရမဲ့ အဖြစ်ကို ထိတ်လန့် 
သစ်ကိုင်းလေးကို အားကုန်
ဆွဲခိုထားတယ် ၊၊
အထက်က မတူညီသော
အဖြစ်သနစ် နှစ်ခုမှာ
တူညီတာ တစ်ခုက
မျှော်လင့်ချက် အသီးသီးနဲ့ 
ပစ္စုပ်ပန်ရှေ့ က
ဘာဖြစ်လာမလဲဆိုတဲ့ အနာဂါတ်ကို
တိုးတိတ်မှန်းဆ
ရင်ခုန်မျှော်လင့်နေကြရတယ် ၊၊   ၊၊

အကြောင်းရှိမှ အကျိုးရှိသတဲ့လေ
(ငါ့မှာတော့)
အကြောင်းတစ်စုံတစ်ရာ မညီညွတ်ခင်
ရလာတဲ့ အကျိုးက
“အတိုင်းအဆမဲ့ လွမ်းခြင်း” တဲ့
သက်ရောက်တာခြင်း အတူတူ
အလွမ်းရဲ့ သက်ရောက်မှုက
ငါ သေချာ ရှင်းမပြတတ်ပေမဲ့
အဲဒီ အလွမ်းအတွက် တုန့် ပြန်ရခြင်းဟာ
ရင်မောတယ်
ကိန္နရာ တို့ ရဲ့ အလွမ်း
ငါ အခုမှ ကရုဏာ သက်တတ်လာတယ် ၊၊    ၊၊

ဖြေဆေးဆိုတာ
အဆိပ်ရှိမှ ဖြစ်ပေါ်လာတာမျိုး
အဆိပ်မဟုတ်သော အချစ်အတွက်
ဖြေဆေးဆိုတာ
ခြွင်းချက် တစ်ခု အနေနဲ့ သာ
အရိပ်အမြွက် ပြောရရင်
အချစ်ဆိုတာ ဘယ်သော အခါမှ
ဖြေဆေးမလိုဘူး
အဆုံးထိ ချစ်ဖို့ သာ လိုတယ် ၊၊   ၊၊

ငါ့ကိုငါ ထုဆစ်ဖို့ 
ငါ့ အလွမ်းရဲ့ နောက်က
ဒသန တွေ လိုတယ်
နင်ပါမှ လျှောက်ရမဲ့ လမ်းကို
ငါ ဘယ်လိုအင်အားမျိုးနဲ့ မှ
မလျှောက်ဘူး
မလျှောက်ရဲတာ မဟုတ်ဘူး
သေချာသော မပြည့်စုံမှုကို
ငါ မရွေးချယ်ဝံ့တာ
လက်ခုပ်ဆိုတာမျိုး က
နှစ်ဖက်တီးမှာ မြင်နိုင်သည် မဟုတ်လား ချစ်သူ ၊၊    ၊၊

တိတ်တခိုး အုံ့ ပုန်း အချစ်နဲ့ 
စတင် ခဲ့သော ငါတို့ အချစ်
(ငါ့ဘက်က)
အုံ့ ပုန်း အလွမ်းနဲ့ ပဲ
မရေရာသော အနာဂါတ် ကို
ပုံဖော်ကြည့်တယ် . . .
နင့်ကို ချစ်ခဲ့တဲ့ ငါ့အချစ်တွေအတွက်
အလွမ်းသက်သက်နဲ့ တည်ဆောက်ထားခဲ့သော
ငါ့ အတ္ထုပတ္တိ ကို နင် ဘယ်လို ဝေဖန်မလဲ . . .
အနာဂါတ်ဆိုတာမျိုးက မသေချာသေးပေမဲ့
သေချာသော အနာဂါတ်က ငါတို့ အတွက် ရှိနေတယ် ချစ်သူ
နင် လှမ်းကြည့်လိုက်ပါဦး
ဒို့ ကောင်းကင်က ရောင်ခြည်တွေ ဘယ်လောက်များ တောက်ပနေသလဲလို့  ၊၊       ၊၊

(၁၉.၈.၂၀၁၀)
လမင်းဇော်

In: ကဗျာ Posted By: Date: Aug 18, 2010
Comment #1

ကဗျာ လေးကကောင်းပါတယ်

commentinfo By: nay at Aug 19, 2010
Comment #2

(၁)ချစ်ရတာထက် လွမ်းရတာကမောတယ်
လွမ်းရခြင်းအတွက် မျှော်လင့်ခြင်းတွေ မွေးဖွားတယ်
(၂)ဖတ်ရတာလဲမောပါတယ်ကွယ်….

commentinfo By: နော်ဧရာဝတီ at Aug 19, 2010
Comment #3

ညင်သာသော သက်ပြင်းနုနု
ဒဏ်ရာ လက်တစ်ဆစ်လောက်တော့ပါတယ်
မကြေညာဘဲ ထိုးတဲ့စစ်
ပွဲမစခင်ကပဲ
ငါ့ဘက်က ရှုံးတယ် ၊၊ ၊၊
ကောင်းပါ့ဗျာ..
ငါလဲ အဲလိုဘဲ မစခင်ကတည်းက ရှုံးပြီးသား..

commentinfo By: ဖိုးနမ်း at Sep 19, 2011
Comment #4

so much perfect

commentinfo By: ei lay at May 17, 2012
Comment #5

အရမ်းကောင်းတယ်ဗျာ…
အားပေးသွားပါတယ်

commentinfo By: သူထူးဇန် at May 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment