Professional Authors

ငါကိုယ်တိုင် အသည်းခွဲခဲ့ပြီး ငါကိုယ်တိုင်လဲ အသည်းကွဲခဲ့တယ် . . .

မျက်ရည်ဝဲရုံမဟုတ်ပါဘူး
မျက်ရည်တွေရွှဲနေခဲ့တာ
ကံကြမ္မာရဲ့ အပြောင်းအလဲ တစ်ခုမှာ
နင် နဲ့ ငါ့ ရဲ့ ကံဟာ
ဇောက်ထိုးလည်သွားတယ်
ဒီလိုပါပဲ ကံတရားက
မသိလိုက် မသိသလိုနဲ့ 
နှလုံးသားတွေ ကို အကြိမ်ကြိမ် ကစားတတ်တယ် . . .

ပြည်ဖုံးကားချ ဒီဇာတ်ကို နိဌိတန်တော့
နင် ငိုရပြီ . . .
မငိုပါနဲ့  …(တကယ်တော့)
ငါထားခဲ့တဲ့ နင့်ကို မုန်းတာ မဟုတ်ဘူး
ပြုဖူးခဲ့တဲ့ အရာတွေ အားလုံးအတွက်
ငါ့ကိုယ်ငါ မုန်းတာ ….ငါ့ကိုယ်ငါ မုန်းတာ

(အခုတော့)
ငါ့ရဲ့ ကောင်းကင်တစ်စင်းပြိုသွားပြီ
သြကာသ လောကအတွက် သမားရိုးကျ ကောင်းကင်ကသာထီးထီးကြီး
ငါ့ရင်ထဲက နင် ဆိုတဲ့ ကောင်းကင်ကြီး ပြိုသွားပြီ
ပြိုသွားပြီ ဆိုတာထက် ငါကိုယ်တိုင် ဖြိုခဲ့တာ . . .

ငါချန်ထားခဲ့တဲ့ နင် နဲ့ 
ချန်ထားခဲ့တဲ့ ငါ
အတိမ်အနက်မတူသော
ဒဏ်ရာ နှစ်ဖက်မှာ
ဝေဒနာ အသွားတွေ တပ်ခဲ့ပြီးကြပြီ . . .

ချစ်ခဲ့ကြတာခြင်း အတူတူ
နင်က ငါ့ထက်ပိုပြီး ချစ်ခဲ့မှာပါ
လွမ်းတတ်ခဲ့တာခြင်း အတူတူ
နင်က ငါ့ထက်ပိုပြီး လွမ်းခဲ့မှာပါ
(နောက်ဆုံး)
နာကျင်ခဲ့တာခြင်း အတူတူ
နင်ကသာ ငါ့ထက်ပိုပြီး နာကျင်ခဲ့ရမှာပါ . . .

တောင်းပန်ပါတယ် လို့ ဆိုရအောင်လဲ
ငါ့အပြစ်က ခွင့်လွတ်လို့ ရတဲ့ အပြစ်မဟုတ်ဘူး
မစာမနာ ထားခဲ့ရက်သူမို့ 
နင်လဲ ခွင့်မလွတ်ပါနဲ့ တော့
ငါလဲ ခွင့်လွတ်ဖို့ မတောင်းဆိုပါဘူး
နင်လဲ မေ့လိုက်ပါတော့
ငါလဲ နောင်တ မရတော့ပါဘူး . . .

ငါ သိပ်မြတ်နိုးခဲ့သော နင့်မျက်ဝန်းမှာ
မျက်ရည်စ တွေနဲ့ 
မငိုအောင် ထိန်းထားတဲ့ ကြားက
ပါးပြင်မှာ နွေးခနဲ
မတူသော အခြေအနေ နှစ်ခုမှာ
မသိနိုင်သော အကွာအဝေးထိ
ငါတို့  …ဝေးပြီ . . .

ဆန့် ကျင်ဘက် လမ်းနှစ်ဖက်မှာ
ဘယ်အကြောင်းနဲ့ လားရာတူခဲ့ပါသလဲ လို့ 
တစ်ယောက်သောသူက မေးရင်
အဲဒီ မေးခွန်းအတွက် အဖြေခက်လိမ့်မယ်
(တကယ်ဆို)
လားရာတူခဲ့လို့ ဆန့် ကျင်ဖက် ဖြစ်ခဲ့တာလား …
မတွေးတတ်အောင်ပါပဲ ကွယ် . . .

မယုံကြည်နိုင်သော နင့် ရဲ့ မျက်ဝန်းတွေကို
ယုံကြည်နိုင်လောက်အောင် ငါ မရှင်းပြတတ်ဘူး
မျက်ဝန်း စကားတွေ ဘာသာပြန်တတ်ခဲ့ရင်
နင် သိမှာပါ ….
ငါ နင့်ကို မညာခဲ့ဘူး
ငါ့ကိုယ်ငါ ညာခဲ့တယ်ဆိုတာ . . .

ငါခြုံထားတဲ့ စောင်က
ခန္ဓာကလွဲလို့ သိက္ခာထိ မလုံခြုံနိုင်ခဲ့ပါဘူး . . .
ငါ လိပ်ပြာ မလုံတော့ဘူး
နင် နဲ့ ငါရဲ့ သုံးနေကျ ဘာသာစကားမှာ
ငါ မုသား အစုစု ရောခဲ့ပြီ . . .
နားလည်ပေးပါ ဆိုတဲ့စကားထက်
နာကြည်းပေးပါ . . .
မေ့လိုက်ပါ ဆိုတာထက်
အဆုံးစွန်ထိ မုန်းပေးပါ . . .
ငါ့ ကိုးကွယ်ရာ အချစ်တစ်ခု
ငါ ကိုယ်တိုင် စော်ကားမှုပြုခဲ့ပြီ . . .

အဖြူနုနုထက်က သစ္စာတွေ
ငါ အခါခါ ရိုက်ချိုးခဲ့ပြီ . . .
မတည်နိုင်ရင် သစ္စာဟာ ခါးတယ် . . .
အမှန်တရားဟာ ပိုခါးတယ်
(ရှေ့ လျှောက်)
သမုဒယ မဟုတ်တော့တဲ့ ငါ့စကားတွေ
နင် နားနဲ့ မနာ ဖ၀ါးနဲ့ နာပါ . . .

ဦးနှောက်နဲ့ အသိ ယှဉ်တွဲ အကြည့်မှာ
အားလုံး အားလုံး ဟာ ငါမှားခဲ့တာ
တကယ်ပါ …. ငါမှားခဲ့တာကြီးပဲ
ဆုံတွေ့ စဉ်က ကဗျာဆန်သလောက်
ခွဲခွာခြင်းမှာ ၀တ္ထုဆန် တယ် . . .
ဒီလိုပါပဲ ထင်မှတ်ထားတာတွေထက်
မထင်မှတ်ထားတာတွေ အဖြစ်များပါတယ် . . .

အံတွေကြိတ် စိတ်တွေတင်းထားလဲ
တွေးကြည့်တိုင်း ငါမတရားဘူး
အပြစ်မရှိသူဟာ အပြစ်ရှိသူရဲ့  စကားနှစ်လုံးမှာ
ငိုခဲ့ရတယ်လေ . . .
ဖြေမဆည်နိုင်ပေမဲ့လဲ …ငါ မချစ်ရက်တော့ဘူးကွယ် . . .

နောက်ဆုံးမှာတော့ …………….
……………………..
…………………………….
……………..
……………………….
ငါ  အတိတ်ကို ပြန်တူးဖော်လို့ 
ဒီကဗျာ တစ်ပုဒ် အသက်သွင်းခဲ့မိတယ် ….
ငါ မချစ်တော့သော ငါ့ရဲ့ ချစ်သူ
ဒါတွေကိုတော့ .
မင်း မသိတော့ပါဘူး ကွယ် . . . . . .

In: ကဗျာ Posted By: Date: Aug 13, 2010
Comment #1

ဒီကဗျာလေးကအရမ်းကောင်းတယ်ရှင့်

commentinfo By: Princess july at Aug 13, 2010
Comment #2

ပန်းအိ၇ဲ့အဖြစ်အပျက်ကိုမြင်နေ၇သလိုပဲ။

commentinfo By: pannei at Aug 14, 2010
Comment #3

ပြီးခဲ့တာတွေ အတိတ်မှာ ထားခဲ့ပြီး အနာဂတ်မှာသာ ရှင်သန်စမ်းပါကွာ..

commentinfo By: လင်းဆက် at Aug 14, 2010
Comment #4

ငါ လွယ်လွယ်တော့ မမေ့နိုင်ဘူး ..လင်းဆက် မင်းလဲ ငါ့အကြောင်းကောင်းကောင်းသိတဲ့ကောင်ပဲကွ
မင်း အသိ ဆုံးပါ မင်း အသိဆုံးပါ ကွာ
🙁

commentinfo By: လမင်းဇော် at Aug 14, 2010
Comment #5

ခံစားရတယ်ဗျာ…

commentinfo By: ko paing at Aug 14, 2010
Comment #6

အဲလိုခံစား၇တာကို သူလဲသိနေမှာပါ ။
ရတုတော့ အဲလိုထင်တယ်။ ဘာကြောင့်နေခဲ့ရမှန်း သူနားမလည်နိုင်ပေမဲ့
လမင်းဇော်လဲ ခံစားရမယ်ဆိုတာ သူသိမှာပါ ။
ရတုလဲ နေခဲ့ရတာပဲ ။
ဘာလို့ နေခဲရမှန်းနားမလည်ပေမဲ့ သူလဲခံစားရမယ်လို့ ရတုထင်ထားတယ်လေ ။
“မတူသော အခြေအနေ နှစ်ခုမှာ
မသိနိုင်သော အကွာအဝေးထိ
ငါတို့  …ဝေးပြီ . . .”
တကယ် ခံစားရပါတယ် ။

commentinfo By: yatu at Aug 14, 2010
Comment #7

သူ့  ကို ကျွန်တော် မချစ်တော့ပါဘူး ရတု
ခံစားရတာကတော့ တကယ်ခံစားရပါတယ်
ကျွန်တော် မေ့နိုင်အောင် သာ ကြိုးစားနေတာပါ
အဲဒါဟာ ကျွန်တော်တို့ နှစ်ယောက်လုံးအတွက် အကောင်းဆုံးလို့ ကျွန်တော်ထင်တယ်လေ

commentinfo By: လမင်းဇော် at Aug 14, 2010
Comment #8

မင်းရဲ့ကဗျာကို ဖတ်ရတော့ ကိုယ့်အနာဂတ်ကို
ခပ်ဝါးဝါးမြင်ရတယ် လမင်းဇော်…။ ဒါပေမဲ့ ……
မင်းလိုမျိုးဇွတ်မှိတ်မေ့ပစ်ဖို့ကတော့ ခုထိခပ်ဝါးဝါးပဲ……။

commentinfo By: scarlet at Aug 15, 2010
Comment #9

စိတ်မကောင်းပါဘူး
ကောင်မလေးကိုလည်း သနားတယ်

commentinfo By: hnin at Aug 15, 2010
Comment #10

ကောင်မလေးကိုတော့သနားပါတယ် ဒါပေမယ့်မင်းအဲဒါတွေကိုမေ့လိုက်ပါတော့ကွာ

commentinfo By: Gipsy Lay at Aug 15, 2010
Comment #11

ရေးတဲ့လူလဲကောင်းတယ်
ပြောကြတဲ့လူတွေလဲမှန် တယ်
ထင်တာပဲ

commentinfo By: ko aung at Aug 16, 2010
Comment #12

:'(

commentinfo By: mandalar at Aug 17, 2010
Comment #13

good

commentinfo By: thangyan at Aug 17, 2010
Comment #14

ကဗျာလေးအရမ်းကောင်းပါတယ်
ကျွန်မရဲ့အတိတ်ကိုလည်း ဒီကဗျာလေးက ပြန်တူးဖော်သွားတယ်
ခံစားချက်ချင်းတူနေတယ်
ဒါပေမယ့် သူဘက်ကရော ဒီလိုမျိုး ခံစားရရဲ့လားဆိုတာတော့ မသိဘူး ပြီ်းတော့ သူကလည်းပြောခဲ့သေးတယ်
သူ့ကိုမုန်းတော့ မမုန်းလိုက်ပါနဲ့
မေ့လိုက်ပါတဲ့
အဲဒီစကားကိုကြးလိုက်ရတော့ ကျွန်မအရမ်းရယ်ချင်နေမိတယ်
အခုတွေးရင်လည်း အခုရယ်ချင်နေတုန်းပဲ
စကားတစ်ခွန်းကို ဒီလိုလွယ်လွယ်ပြောလို့ရလား
ထားခဲ့ရက်တယ် လုပ်ရက်ခဲ့တယ်လို့လည်း မပြောချင်တော့ပါဘူး
ကိစ္စတစ်ခုခုဖြစ်ရင် ဘယ်တော့မဆို နှစ်ဘက်လုံးမှာ အမှားဆိုတာ ရှိတတ်ကြစမြဲမို့လား
ကျွန်မဘက်က သူ့ကိုကျွန်မဘ၀ထက်ပိုချစ်မိတာကိုက ကျွန်မအမှားလေ
နောက်ဆုံးတော့လည်း ကျွန်မရဲ့အမှားတွေပါလို့ပဲ ကိုယ့်ကိုကိုယ့်ပြောနေမိတယ်

commentinfo By: mathu at Aug 20, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment