Professional Authors

မပြီးသေးသော ပန်းချီကား

ဒီည …
ဒီအိပ်မက်မှာ
(ငါ့) ဇီဝိန် ငါခြွေ
ကြွေလွင့်ခဲ့တယ်လေ…

အိပ်မက် အရေခြုံတဲ့
ဒီည…
စဲ လဲ မစဲ
မိုးသည်းကလဲ ၀ုန်းဝုန်းဒိုင်းဒိုင်းနဲ့ 
(ငါ့)
နှလုံးသားကို တဖြုတ်ဖြုတ် ရိုက်ခတ်နေတယ်…

ဆွဲအားမဲ့ ၀တ္ထု တစ်ခုလို
ဘုတ်ခနဲ…အိပ်မက်က ကြွေအကျ
ကမ္ဘာနှစ်ခြမ်းစာ ဝေးလို့ သွားသလိုမျိုး..
ငါ့အချစ်က ဒီလို….

တိမ်မယောင်နဲ့ နက်သည့်ကြိုး
လွယ်မယောင်နဲ့ ခက်သည့်ကြိုး
အတိုင်းအတာဟာ
အတိုင်းအဆမဲ့ ရှည်တယ်
ထုထည်နဲ့ ပြလို့ မရလဲ
မေတ္တာနဲ့ ကြည့်လို့ ရတယ်
ဒါကို အမည်ပေးကြတယ်
သံယောဇဉ်ကြိုးတဲ့…
ချစ်သူ …ငါ့ရင်ထဲ ရစ်ငင်တဲ့ဒီကြိုး
မြင်နိုင်ရဲ့ လား…….

ချစ်သူ…များများမတွေးနဲ့ 
ထွေပြားစေတယ်
ရိုးရိုးလေးပဲကြည့်
ဒီဖြစ်ရပ်မှာ
ကြယ်နှစ်စင်းတိုက်သည့် အလင်္ကာ
ဖြည်လိုက်တော့ ဒီကဗျာရတယ်……

ချစ်တာကို ချစ်တယ် ပြောဖို့  (ငါ)
အင်အား မရှိ
ဒီစကား နှစ်လုံးက
ငါ့ရင်ထဲက ခွန်အားတွေကို
ဖြေလျော့ သွားစေတယ်…
ဒီစကားနှစ်လုံးကပဲ
င့ါရင်ထဲက ပူလောင်မှုတွေကို
ချုပ်ငြိမ်းသွားစေတယ်…

အမှန်ကို သိခြင်းက
အမှားကို မသိနိုင်ဘူး
အမှားကို သိခြင်းက
အမှန်ကို ရှာဖွေနိုင်တယ်..
ငါက အမှန်ကိုပဲသိခဲ့သလား…
ွှတကယ်လို့ 
ချစ်ခြင်းက အမှားဆိုရင်
(ငါသာ မဟုတ်ပါဘူး)
တစ်လောက လုံးက မှားယွင်းနေသူချည်းပဲ……

အချစ်စစ် ဆိုတာ
ဖြောင့်ဖြူးသော လမ်းတစ်ခုဆိုရင်
ဒီကမ္ဘာမှာ အချစ်စစ်ဆိုတာ မရှိနိုင်တော့ဘူး
ငါ့အတွက် ကတော့
အရာအားလုံးက ခဲရာခဲဆစ်တွေပဲ
ဒီအရာတွေ ကျော်ဖြတ်မှုကပဲ
အသန့် စင်ဆုံး ပန်းတစ်ပွင့် ဖြစ်လာစေတယ်
ဒီပန်းကို အချစ်စစ်လို့ ခေါ်တယ်
ဒါကလဲ နင့် တစ်ယောက်အတွက် သီးသန့် ……

ငါဟာ….
(နင့်အတွက်)
မှားယွင်းသော ကျောက်စာတစ်ချပ်ဆိုရင်
ဒီကျောက်စာမှာ
မုသား နုနုတွေ ပါမယ်
ဒီမုသားတွေကလဲ နင်ကောင်းစားဖို့ အတွက်
ငါ ငါးပါးသီလ ကိုချိုးဖောက်ခဲ့ခြင်းဖြစ်တယ်
ဒီကျောက်စာထဲမှာပဲ
ဘယ်တော့မှ မမှားတဲ့
အမှန်တရားတစ်ခုလဲပါတယ်
နင့်ကို ချစ်တယ်
ဒါပေမဲ့ နင်မသိဘူး
တိတ်တခိုးအချစ်
ငါ ဒုတိယအကြိမ်
ငါးပါးသီလ ကို ချိုးဖောက်ခဲ့ရပြန်တယ်…..

ရိုးစင်းခြင်းက ဆန်းပြားစေတယ်
ငါ့အချစ်က ရိုးရိုးလေးပဲ
ဒါပေမဲ့ ဆန်းပြားမှုတွေပါတယ်
ရယူခြင်းမဟုတ်တဲ့ စွန့်လွတ်ခြင်းမျိုးပေါ့….
နင့်ကိုငါ ချစ်ခဲ့တာ
လိုအပ်ချက်အရ ရယူလိုခြင်းမျိုးမဟုတ်ဘူး
တောင့်တမှုအရ ပိုင်ဆိုင်လိုခြင်းမျိုးမဟုတ်ဘူး
သိစိတ် နဲ့ မသိစိတ်ရဲ့ နင့်အပေါ်
ကိုးကွယ်ချင်စိတ် တစ်ခုတည်းနဲ့ 
ချစ်ခဲ့တာ …(အဖြူသက်သက်ပါပဲ)

ငါဟာ နင့်အတွက် ကြယ်တစ်စင်းဖြစ်သလို
နင်ဟာ ငါ့အတွက် လမင်းဖြစ်တယ်
ငါ့အတွက်
နင်ဟာ ရိုကျိုးရာ အိပ်မက်လေးဖြစ်တယ်
ခဏလေးပဲဖြစ်ဖြစ် ငါ မနိုးထချင်ဘူး
ငါ ပိုင်တဲ့ ငါ့နေရာလို အမြဲ ကျောက်ချထားချင်တယ်…

တစ်စုံတစ်ခုကို လွန်ကဲစွာ စွဲလမ်းခြင်းသည်
အတ္တ ဖြစ်သည်တဲ့
ဒါဆို ငါက အတ္တခါးခါးတွေကို ၀ါးမြိုလို့ 
ဒီအယူကို ပယ်ဖျက်ခဲ့သူပဲ….

ငါ့ရင်ထဲက ၀ိုးတ၀ါးပန်းချီ
မသိနိုင်တဲ့ အနာဂါတ်က ပိုင်တယ်
ဒီအနာဂါတ်မှာ နင်ရယ် ငါရယ်
ဒီပန်းချီကား ကို အဆုံးသတ်ဆွဲမယ်
လောလောဆယ်တော့
ငါလွမ်းသမျှတွေ နင်မမြင်နိုင်တော့အောင်
ပြည်ဖုံးကားချ ဇာတ်ခဏ သိမ်းထားပါရစေတော့…၊၊ ၊၊

 

In: ကဗျာ Posted By: Date: Aug 5, 2010
Comment #1

ကဗျာကိုကြိုက်လို့ ..တစ်ပိုဒ်ကူးထားတယ်နော်…

commentinfo By: Phyu Lay at Aug 7, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment