Professional Authors

ကြမ်းပိုးများတဲ့အိပ်ရာ (မောင်ချောနွယ်)

အမှန်မတော့
ကမ္ဘာကြီး သာယာပျော်ရွှင်ဖွယ်ကောင်းအောင်
လူဆန်ပြီး
သိပ်ယဉ်ကျေးတဲံ
စိတ်ကူးကောင်းသူတွေက
တည်ဆောက်ထားတာဖြစ်တယ်။
မောင်ချောနွယ်ဟာ
အဲသည်အစားထဲကဖြစ်လေရဲ့။

ရေညှိစိမ်းပုတ်
ဖုံးလွှမ်းအုပ်တဲ့
အုတ်တံတိုင်းပေါ်က
ပဒိုင်းပွင့်လေ
သင့်ကိုဖျားယောင်းနေခဲ့ပေါ့
ပန်းပွင့်ထဲက
ဝတ်ရည်လေးကို
သူတို့ကွပ်မျက်ခဲ့လို့
သင်နဲ့ငါ
လာရောက်စေးကပ်ငြိတွယ်ခဲ့ကြရဲ့။

စိုထိုင်းဆတွေ မှိုတက်
မှိုပေါ်မှာ
ပက်ကျိဟာ တွားသွားရဲ့
နှေးတာမြန်တာဟာ ကိစ္စမရှိဘူးလေ
သွားမသွားက ကိစ္စရှိပေရဲ့။

ကမ္ဘာကြီးကို
ယုယသူဟာ
မောင်ချောနွယ်
ဖော်ဝေး
အောင်ချိမ့်နဲ့
သုခမိန်လှိုင်တို့ဖြစ်ကြရဲ့။

ကမ္ဘာကြီးနဲ့စိမ်းသူဟာလဲ
သူတို့ပဲဖြစ်ကြတယ်။

ရေခဲတွေအရည်ပျော်ရန်
ငါ့ကိုခေါ်ပါ
မောင်ချောနွယ်ကိုခေါ်ပါ
ဖော်ဝေးကိုခေါ်ပါ။

မပူသေးတဲ့ရေ
ဆူရန်
ငါ့ကိုခေါ်ပါ
ဖော်ဝေးကိုခေါ်ပါ
မောင်ချောနွယ်ကိုခေါ်ပါ။

ဘယ်သူ့ကိုမှ မတရားမပြောပါဘူးဗျာ
ကျွန်တော်ထမင်းစားတတ်ပါတယ်
ကျွန်တော်တို့ထမင်းစားတတ်ပါတယ်။

ကျွန်တော်တို့ရင်ထဲမှာ
ဟာဝိုင်ယီကျွန်းလေးရှိပါတယ်
လူရွှန်းရှိပါတယ်
ဂျွန်ကိ ရှိပါတယ်
ကျွန်တော်တို့ရင်ထဲမှာ
တင်နီဆင်ရဲ့ ကျောက်မျက်ရွဲများ ရှိပါတယ်။

တို့တွေဟာ
ရေဒီယမ်သတ္တုကို
ရှာဖွေတွေ့ရှိသူ ဖြစ်ရဲ့
မဒမ်ကျူရီဖြစ်ရဲ့
အယ်ဒီဆင်ဖြစ်ရဲ့။

တို့တွေဟာ
အရောင်အဆင်းရဲ့ အသံကို
စိုက်ပျိုးနိုင်သူဖြစ်ရဲ့
ပီကာဆိုဖြစ်ရဲ့
ဗင်ဂိုးဖြစ်ရဲ့။

တို့တွေဟာ
အရာဝတ္ထုတွေရဲ့
အလျားလေးဖက် ထုလေးဖက်ကို
စမ်းသပ်မိသူတွေဖြစ်ရဲ့
ဟီရာကလီးတပ်(စ်)ဖြစ်ရဲ့။
မာ့(က်စ်)ဖြစ်ရဲ့။

တို့တွေဟာ
သံတွေ ခဲတွေကို
တောင်ပံတွေ
တပ်ဆင်နိုင်ကြသူတွေ ဖြစ်ရဲ့
ဗီသိုဗင်ဖြစ်ရဲ့
ရှိုပင်ဖြစ်ရဲ့။

အဆိပ်ရှိတဲ့မြွေပင်
ဟင်းတစ်ခွက်ဖြစ်နေရာ
အဆိပ်မရှိတဲ့ လင်းမြွေ
ဟင်းနှစ်ခွက်ဖြစ်လေပေါ့ခုခါ။

ကျောင်းပြေးဖူးလား
အိမ်ပြေးဖူးလား
ရည်းစားနဲ့ကွဲဖူးလား
ဖဲရှုံးဖူးလား
ဂျင်တိုက်ဖူးလား
လူမိုက်တွေနဲ့ ရိုက်ဖူးလား
ဆေးရှူဖူးလား
အရက်သောက်ဖူးလား
ပခြုပ်အိမ်ရောက်ဖူးလား
အပေါင်ဆိုင်ရောက်ဖူးလား
သင်ဟာလူမို့
အပူတစ်ခုထဲတော့
မလိုအပ်တန်ရာ။

ကန်ရေကိုသောက်ပါ
ဖန်ကလပ်ထဲကရေကိုသောက်ပါ
ကမ္ဘာထဲမှာ
ဘယ်လိုဖူးပွင့်မှာလဲ
အိမ်ဆိုတာ
ဖဲထုပ်လေးတစ်ထုပ်ရှိမှ
ပျော်စရာကောင်းပေမပေါ့။

မိတ်ဆွေ၊ ဘုရားသခင်
လူငယ်နဲ့ အနုပညာ
အတူနေပါစေ
ကမ္ဘာကြီးကို ပျော်ရွှင်ပါစေ။

ကော်ဖီရောင် နေမင်းကြီးထဲမှာ
မြစ်ဟာ
ပျင်းရိစွာ စီးဆင်းလို့
ဘယ်တော့မှ
ဟောင်းလိမ့်မယ်မဟုတ်တဲ့
အချစ်သီချင်းလေးကို နားထောင်ပါ
၁၅-နှစ်သားက သီဆိုလို့နေလေမှာ။

မွန်တီကို ရေလက်ကြားလေးမှာ
ရွှင်ပျော်ပျော်ဖဲဝိုင်းလေး
သွားကျင်းပဖို့
ကမ္ဘာကြီးဟာ
ရွှေအိုရောင်တောအုပ်တစ်ခုလို့
ကျွန်ုပ်တို့
ယူဆနှုတ်ဆက်ထားခဲ့ကြစို့
လာလေ။

“လီနင်” ကို
သင်မညာခဲ့ဘူး မဟုတ်လား
သင်
“ချေ”ကို မညာခဲ့ဘူး မဟုတ်လား
ကျွန်ုပ်သိပါတယ်
နွေးထွေးမှုဟာ
ဈေးကြီး
ဝေးကွာ
သင်ကဗျာလဲစပ်တတ်ရဲ့ မဟုတ်လား။

သင် “၀င်စတန်ချာချီ” ကို
လိမ်ညာခဲ့တာတော့ရှိပါစေ။

ဆံပင်ဘယ်ခွဲနဲ့
အသည်းရောင်ကိုင်းနေတဲ့
မောင်ချောနွယ်
စွတ်စိုထိုင်းမှိုင်းလှပေရဲ့
ကမ္ဘာထဲမှာ
မောင်ချောနွယ်
ချောင်းကောလေး မဖြစ်ချင်ပါ။

ဗလာစည်တွေက
တယ်ပြီးမြည်နေကြသကိုး
ကမ္ဘာကြီးကလဲ
နာမကျန်းဘူး မဟုတ်လား။

ငွေရှာခြင်းအတတ်
မတတ်တာနဲ့ မတတ်ချင်တာနှစ်ခု
နှစ်ခုလုံး မွေးမြူရေး မအောင်မြင်ပါ

မကာအိုမြို့က
အမှတ်ကိုး “ဘယ်လိုဒူဆေးလ်” မှာ
“မာဂရက်လီး” ဟာနေထိုင်ပါတယ်
သီရိခေတ္တရာပြည်က
တောင်ပေါ်လမ်းကွေ့မှာ
ကျွန်တော်တို့ဟာနေထိုင်လို့
မကာအိုမြို့ကသူနှင့်
မိတ်ဆွေဖြစ်ချင်ပါတော့သည်။

ကျွန်တော်
ဘော့ဒိုင်လင်ကို သိပါတယ်
စိုင်းထီးဆိုင်ကို သိပါတယ်
မွန်တီကို ရေလက်ကြားလေးကို သိပါတယ်
“သည်ကွိုက်ဒွန်” ကို သိပါတယ်
သံမဏိသူရဲကောင်းကို သိပါတယ်
အနုမြူကို သိပါတယ်
ဂေါ်ဒီယက်ကို သိပါတယ်
မာကူတာကို သိပါတယ်
ခင်သန်းနုကို သိပါတယ်
ပုဒ်မ ၃၂၀ကို သိပါတယ်
ညိုနိုကို သိပါတယ်။

ကျွန်တော်ဟာ
ကြယ်တွေကို ရေတွက်ဖူးလေရဲ့
လူသားရဲ့ဒုက္ခကို
ငါးမျှားခဲ့ပေရဲ့။

ကမ္ဘာထဲမှာ
ကျွန်တော်သိတာတွေအများကြီးပါ
ပွဲစားလေးမောင်ဘတင့်နဲ့
ဘိန်းစားငပိန်ကိုလဲ သိခဲ့ပါရဲ့
ဒါပေမယ့်
ကျွန်တော်အများကြီးကိုပဲ
မရခဲ့ပါလား။

အများကြီးကိုသိပြီး
တစ်ခုမှမရဘူးဆိုရင်
ဘော့ဒိုင်လင်ကို မသိပါရစေနဲ့
စိုင်းထီးဆိုင်ကို မသိပါရစေနဲ့
မသိပါရစေနဲ့
မသိပါရစေနဲ့
သိပြီးသားနဲ့ မသိရသေးတဲ့အားလုံးကို
မသိပါရစေနဲ့
ခင်သန်းနုကိုလဲ မသိပါရစေနဲ့လား။

ငါ
မာရ်နတ်ကို ယုံခဲ့ပေါ့
ပိုးကိုက်လေတဲ့
သစ်ရွက်လောက်မှ
တန်ဖိုးမရှိ ဥပဓိရုပ်မကောင်းလေခဲ့
စိတ်ကူးကောင်းသူရဲ့
ပျော်ရွှင်ဖွယ်လူသားကမ္ဘာ
ကျွဲပုခုံးထခဲ့ပေါ့
အားလုံးဟာ။

၂၄ နာရီတို့
တရားမဲ့
ကောက်ကျစ်
ငိုကြွေး
သစ္စာမဲ့
၂၄နာရီတို့
သောက ဒုက္ခတို့သာ
ယက်ဖွဲ့ခဲ့လေပေါ့။

ကမ္ဘာထဲကရနံ့တွေ
မရှူချင်တော့ဘူး

ကမ္ဘာထဲကသီသီးတွေ
မစားချင်တော့ဘူး
ကမ္ဘာထဲကရေကို
မသောက်ချင်တော့ဘူး

မှောင်မှန်းမသိမှောင်မှောင်လာတယ်
မှောင်မှန်းသိတော့
ပိုပြီးမှောင်တယ်။

ကမ္ဘာထဲက
အချိုဆုံးသစ်သီးကို
သောက်ပါရစေ။

ကမ္ဘာထဲက
အမွှေးဆုံးပန်းကို
စားပါရစေ။

ကမ္ဘာထဲက
အသန့်စင်ဆုံးရေကို
ရှူပါရစေ။

အသာယာဆုံး ရာသီဥတုဟာ
တို့တွေဖြစ်ဖို့ရှိတော့ရဲ့
လိုက်ခဲ့တော့မြနန္ဒာရယ်
အဆိုဆုံးရာသီဥတုဟာ
တို့တွေဖြစ်ခဲ့ပြီလေ။

တရားမစောင့်တဲ့နတ်ကို
ကြိမ်တို့လေပေါ့ ငါ့ကဗျာ။

ဘ၀ဟာမြက်ရိုင်းထူ
လူတွေဟာ
စည်းစိမ်ဓနကိုသာ
လုယူဖို့စဉ်းစားကြပြီး
ဒုက္ခသောကတွေကိုတော့
လုယူဖို့
နည်းနည်းမှ မကြိုးစားကြဘူး။

ငါ့သေခွက်မှာ
တက်တက်ပြောင်နေပြီ
ကမ္ဘာလောကကြီးကတော့
ဖိုးထောင်
ဂျိုးထောင်ရင်
ငြိမ်နေတော့တာပဲ။

ဘ၀ကိုသုတေသနလုပ်ပါ
မြောင်းကပုပ်တာ
မြောင်းထဲကျတဲ့
ရွှေပုပ်တာ မဟုတ်ဘူး
တို့တွေဟာ
ကဗျာဆရာပဲ
မြောင်းကပုပ်တာ။

နတ်ရေကန်ထဲကခုန်ဆင်းမယ်တဲ့
ဘယ်နှယ့် ၁၆ နှစ်ဖြစ်နိုင်မှာလဲ
ကဗျာနို့စို့ခွေးလေးရယ်။

အနုပညာနဲ့လူသားသိက္ခာကို
အဆိပ်မခပ်ခဲ့ပါ
နေရောင်ခြည်ရှိရာအရပ်မှာ
နေပါရေစေ
ကျွန်ုပ်သည်
သင့်ကိုပျော်ရွှင်ပါစေ
သင်ဟာ
အမတ်လောင်းပေလား
မျက်စိတစ်ဖက်စောင်းခဲ့ရဲ့။

ကမ္ဘာထဲမှာ ဆားခပ်တိုင်းငန်မသွားတဲ့
အရာနှစ်ခုရှိလေရဲ့
ပင်ကိုယ်က ငန်နေတဲ့
ပင်လယ်ဖြစ်ပြီး
ပင်ကိုယ်က မပြောင်းတဲ့
အမှန်တရား တို့ဖြစ်ရဲ့။

စစ်လိုလားသူဟာ
အန်ကောဝပ်ဘုရားခိုးကျောင်း
သိုးကျောင်းသားလေးနိုဗက်(စ်)
ဂျူးမလေးအက်စသာနဲ့
ပေါလ်တို့ ဖြစ်ကြတယ်။

ကမ္ဘာထဲမှာ
ငြိမ်းချမ်းရေးချစ်သူဟာ
ဟစ်တလာ
တင်နိုဟေကာနဲ့
မူဆိုလိုနီတို့ ဖြစ်ကြရဲ့။

ကမ္ဘာထဲမှာ
စာသင်ကျောင်းဟာ
ပျင်းဘွယ်ကောင်းရဲ့
ပန်းခြံဟာ
ချမ်းမြေ့ဘွယ်ကောင်းပြီး
ဘုရားရှိခိုးကျောင်းဟာ
တည်ငြိမ်လို့
အချိန်ဟာ
နာရီဒိုင်ခွက်ထဲအကျဉ်းကျလို့
တို့တွေဟာ
ဒိုင်ယာရီထဲနေထိုင်ကြတယ်။

လောကကြီးမှာ
လူဖြစ်ရတာလဲ
တကယ်တော့
စိတ်ညစ်ဖို့ကောင်းရဲ့
အိုနာဆစ်ဖြစ်ရတာလဲ
စိတ်ညစ်ဖို့ကောင်းရဲ့။
နစ်ဆင်ဖြစ်ရတာလဲ
စိတ်ညစ်ဖို့ကောင်းရဲ့။

မြန်မာပြည်မှာ
အပ်ချုပ်ဆိုင်လေးထောင်နိုင်ရင်
သင်ဟာ
လူရာဝင်ဆန့်မှာအမှန်ပင်
ဝန်ကြီးချုပ်ရာထူးမှန်း
အောက်တန်းစာရေးလေးနဲ့သာကျေနပ်ရင်
ယန်းပေါလ်ဆတ် သီအိုရီကို
ဒုက္ခရှာလို့ သင်မမေးလိုပါနဲ့တော့
ဘယ်အရာမှစောင်မနေ
ဖြစ်တာသွားခဲ့ပြီ။

ယနေ့
ကောင်းကင်မှာတို့မြင်ရတဲ့
ကြယ်လေးတွေဟာ
မနေ့ကမြင်ရတဲ့ကြယ်လေးတွေမဟုတ်ဘူးလေ။

ဒုက္ခတွေထဲ
စုန်းစုန်းမြုပ်ခဲ့လေပေါ့
အချစ်ကလေးရယ်
ပိုပြီးချစ်ကြစို့ရဲ့
တို့တတွေ။

ဘ၀ဟာတို့လက်ထဲကမုန့်လေးပဲဖြစ်တယ်
တို့တွေဟာ
ဇာတ်လိုက်တွေဖြစ်ပြီး
ကမ္ဘာကြီးဟာ
ဖတ်ကောင်းတဲ့စာအုပ်တစ်အုပ်ဖြစ်ရဲ့
လရဲ့ဝိညာဉ်ဟာ
ငါ့ရင်ခုန်သံဖြစ်ရဲ့
ပျံသန်းတဲ့ငှက်ရဲ့
အာသာရမက်အားခွန်ဟာ
ငါ့အိပ်မက်ဖြစ်ရဲ့။
မုန်တိုင်းဟာ
ငါ့ရဲ့ဈာန်ဖြစ်လို့မို့
ခေတ်ဟာ
ငါ့ကဗျာရဲ့ ဗီတာမင်ပရိုတိန်း ဖြစ်လေရဲ့
အချစ်ကလေးရယ်
မင်းမျက်ရည်တွေဟာ
ဂူစတီနာကို မသိခဲ့ဘူးနော်
ဂျွန် ၂၁ မှာ
ဖိနပ်သစ်လေးတစ်ရံဝယ်ခဲ့တယ်။

မောင်ချောနွယ်
၁၉၇၅ ၊ မေ ၁၀ သီရီခေတ္တရာ

/*ကဗျာဆရာ မောင်ချောနွယ် ရဲ့ ရထား ဆိုတဲ့ ကဗျာရှည် စုစည်းမှု စာအုပ်ကပါ။*/

Comment #1

i like this poem so much ,
thanks,
khernwai

commentinfo By: khernwai at Aug 10, 2010
Comment #2

နှေးတာမြန်တာဟာ ကိစ္စမရှိဘူးလေ
သွားမသွားက ကိစ္စရှိပေရဲ့။
မိတ်ဆွေ၊ ဘုရားသခင်
လူငယ်နဲ့ အနုပညာ
အတူနေပါစေ
ကမ္ဘာကြီးကို ပျော်ရွှင်ပါစေ။
မှောင်မှန်းမသိမှောင်မှောင်လာတယ်
မှောင်မှန်းသိတော့
ပိုပြီးမှောင်တယ်။…။

commentinfo By: မြေနံ့ at Jul 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment