Professional Authors

တူတူပုန်း (ဆူးနစ်ရင်)

ငါ ကိုယ်တိုင် ပုန်းခဲ့ဖူးသလား 
မသေချာခင်မှာ
ငါ . . . ရှာဖွေဖို့ ခရီးထွက်ခဲ့ရပြီ
တနံတလျား ခရီးစဉ်မှာ
လမ်းညွှန်မရှိ၊ မှတ်တိုင်မရှိ
ငါ ကျက်ထားတဲ့စာတွေ
ဘယ်မှာ သွားပြီး အလွတ်ရွတ်ပြရမလဲ
အမှားတွေ ပွတ်သီးပွတ်သပ်လုပ်ချိန်မှာ
နောင်တ က စီးထားတဲ့ဖိနပ်ပဲ
စာအုပ်ပုံကြား ခေါင်းထိုးတော့
ပုံပြင်တွေသာ တွေ့ရရဲ့ . . .
အမှတ်ပေးစည်းမျဉ်းမသိတဲ့ ကျောင်းသားလို
ငါ့အဖြေတွေ ကသောင်းကနင်းနိုင်လွန်းရဲ့ . . .
ရေလိုက်ငါးလိုက်လွဲသူတစ်ယောက်မှာ
ပလီပလာတွေပဲ ကြုံလွန်းရဲ့ . . .
ငါတွေ့ခဲ့ပါတယ် . . .
ကမ္ဘာမြေကို နှုတ်ဆက်သွားတဲ့ နားလည်မှု
ကြော်ငြာဆိုင်းဘုတ်ကြီးတွေအောက်မှာ
အသက်ငင်နေတဲ့ စစ်မှန်မှု
အမှိုက်သိမ်းကားပေါ် ပါသွားတဲ့ ရိုးသားမှု
ရေပန်းစားနေတဲ့ မသိခြင်းရဲ့ အလှတရား . . .
ခုချိန်မှာတော့
ငါ့ခေါင်းကို နောက်ကပုတ်မယ့်
ဘုရားသခင်ရဲ့လက်ချောင်းတွေကိုပဲ
မျှော်နေမိတော့တယ် . . . ။         ။
                                           ဆူးနစ်ရင်

In: ကဗျာ Posted By: Date: Jul 14, 2010
Comment #1

တူတူပုန်း ဆိုတဲ့ကဗျာလေးကို ခုမှဖတ်ဖူးတယ်… မိုက်တယ်.. ဆရာတောင် ameatur မဟုတ်တော့ဘူး… sense တွေ.. idea တွေ က professional ဖြစ်နေပြီပဲ…ဂုဏ်ယူပါတယ်ဗျာ….

commentinfo By: kyaesinkha at Jul 15, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment