Professional Authors

ငါ့အမှားကို ဘယ်သူနေရာရွှေ့သွားလဲ (ဆူးနစ်ရင်)

ဘယ်သူဘယ်ဝါ ရိုက်လိုက်မှန်းမသိသော
ဂေါက်သီးတစ်လုံးလို . . .
ငါ မြောက်တတ်လာခဲ့ပြီ . . .
ပတ်ဝန်းကျင်ဟာ အနီ
ပတ်ဝန်းကျင်ဟာ အစိမ်း
ပတ်ဝန်းကျင်ဟာ အပြာ
လောကမှာ အရောင်တွေ ထွေပြားလွန်း
လောကမှာ ကျင်းတွေဟာ များပြားလွန်း
ဘယ်ကျင်းမှာ စိမ်ရမလဲ
ဘယ်ကျင်းဟာ နားခိုရာလဲ
ဘယ်ကျင်းဟာ နောက်ဆုံးကျင်းလဲ
ငါ့လမ်း ငါ ဖောက်ခဲ့ပါတယ်
ငါ့ဒိုင်ယာရီ ငါ ရေးခဲ့ပါတယ်
ငါ့အဘိဓမ္မာ ငါ ဖွင့်ခဲ့ပါတယ်
ကောက်ရိုးတစ်မျှင် ကျန်တဲ့အထိ . . .
ကောင်းကင်ပေါ် ငါ ရေးခြယ်ခဲ့သော တိမ်ရုပ်များ
လေ . . . စားသွားပေါ့
ကမ်းခြေတစ်လျှောက် ငါ လျှောက်လှမ်းခဲ့သော ခြေရာများ
ပင်လယ် . . . စားသွားခဲ့ပေါ့
စာအုပ်ထဲ ငါ ရေးမှတ်ခဲ့သော ခံစားချက်များ
အချိန်ကာလ  . . . စားသွားခဲ့ပေါ့
အဲဒီလိုမျိုးနဲ့
ဒါလီရဲ့နာရီတွေဟာ ဆောင်းညတွေလို
အေးစက် မာကျောလွန်းနေတော့တယ် ။         ။
                                                 ဆူးနစ်ရင်

In: ကဗျာ Posted By: Date: Jul 14, 2010
Comment #1

ရိုက်ချက်နည်းနည်း တန်ဖိုးမြင့်မြင့်
လက်မှန်းလက်ဆ မှန်မှန်
အထိန်းအနုတ် သေသေသပ်သပ်
မြက်ခင်းပြင် ခပ်စိမ်းစိမ်းတစ်ခုအပေါ်
အေးစက်စက် အတွေးတစ်ချက်နဲ့
လှမ်းလျှောက်ရာ ကျင်းတစ်ခုဆီ…………။

commentinfo By: John Moe Eain at Jul 15, 2010
Comment #2

ကောင်းလိုက်တဲ့ကဗျာလေးဗျာ နောက်ထပ်များ2တင်ပေးပါ

commentinfo By: saithiha at Jul 24, 2010
Comment #3

အရမ်းမိုက်တယ်
ဖွဲ့နွဲ့ပုံ တင်ပြပုံစုံလင်ပြီး ထိမိလှပါတယ်
အားပေးနေမယ်……..

Leave Comments

Name*

Email*
Website
Email me whenever there is new comment