Professional Authors

မနေ့ကအကြောင်း (မနော်ဟရီ)

ပုလင်းနဲ့မျောလာတဲ့ စာတွေကများများလာတယ်
မနေ့က အကြောင်းတွေပြန်ပြန်ပြောဖြစ်ကြတဲ့အခါ
ပြဿဒါးတွေကများပြီး ရက်ရာဇာတွေက ပါးလွန်းသတဲ့
သမားတွေကညိုလိုက် ဖြူလိုက်
နဂါးခေါင်းတွေက ငါ့ဆီကျမှတည့်တည့်လှည့်လိုက်
မဟာရက်ကြမ်းတွေရဲ့ နှုတ်ခမ်းနဲ့အနမ်းခံရတိုင်း
အသက်ရှူသံတွေက အပိုင်းပိုင်းပြတ်ကျ ..
ပုလင်းဝမှာကပ်ပါလာတဲ့ ရေချိုကိုအငမ်းမရဖြစ်မိသလို
အဲဒီလို နေ့ရက်တွေနဲ့..တဒင်္ဂများစွာမှာသေဆုံး..
အရှုံးတွေကိုချည်း ရွတ်ဖတ်သရဇ္ဇယ်နေရပြန်
မနက်ဖြန်တွေနောက်ကို တကောက်ကောက်လိုက်ရင်း
အပြင်းစားနာရီတွေကိုပဲ လိုက်လံတွန်းတိုက်နေခဲ့ရ
ဘဝဆိုတာက စာမျက်နှာမတပ်ထားတဲ့ တိုက်ပျက် စာအုပ်တစ်အုပ်လို
ဘာဆိုဘာကိုမှမသိချင်တော့ပါဘူးဆိုလည်း
အဆီအငေါ်မတည့်စွာ ဆက်လက်ချီတက်နေရဆဲ။
အခင်းအကျင်းမဲ့စွာခမ်းနားတဲ့ မရဏဗုံသံတွေလို
နာကျင်မှုရဲ့တော်လဲသံက ဆူညံလွန်းတယ်
မနေ့ကအကြောင်းတွေက လှခဲ့တာလည်းမဟုတ်ပါပဲ
မနက်ဖြန်တွေကို ပိုပိုကြောက်တတ်လာခဲ့ ..
အဲဒါကိုကသဘာဝ ကျ တဲ့ မြင့်မြတ်သောကျိန်စာ ….။
မနော်ဟရီ
နိုဝင်ဘာ ၂၊ ၂၀၀၉

Leave Comments

Name*

Email*
Website
Email me whenever there is new comment