Professional Authors

ဆိုးမွေခံ

သမုတိအတွက်၊

ငဝက်က ဒဏ်ခံ၊

အထက်က အတန်တန်ကို၊

ရွှေနန်းစံ မသိ၊

ရှစ်ခုနှစ် ထောင်မျက်နှာတွင်၊

မက္ခရာ မင်းနှင့်ပါရှိ။

 

ပလိပ်ကြောင်း အောင်ပန်းချွေ၊

မောင်ထမ်းချေ စေဘိ၊

ညောင်ရမ်းဆွေ ရဝိက၊

ပကတိ သက်သေ၊

ရန်သူတော် ရွှေဘိုသွား၊

ဘေကိုယ်စား လိုက်ခဲ့ရပေ။

 

သုံးခုနှစ် ကုလားပြေမှာ၊

ဇယားကြေ ဇာတ်စီးလို့ (ဇာတ်ကြီးနှင့်)၊

ဇာတ်ကြီးနှင့် (တသီးပ) ချင်းတို့နိုင်ငံ (သင်းနိုင်ငံ)၊

သွား (ကူး) ခဲ့ရပြန်၊

ပြီးတော့မှ (အခုဖြင့်) ကောင်းမွေလန်တယ်၊

ဆိုးမွေခံ ထိပ်တုံးနဲ့လေး … ။ ။

 

(တေးထပ်)

 

အချုပ်တန်းဆရာဖေ

 

ကွင်း () အတွင်းရှိ စာသားများမှာ တက္ကသိုလ်မောင်အေးသန့် ရေးသားသော “ဦးပုညနှင့် အချုပ်တန်းဆရာဖေ တို့၏ ဘဝစာပေ အထွေထွေ” စာအုပ်မှ မူကွဲ ဖြစ်ပါသည်။

 

မင်းတုတု (ထီးဖြူတော်နှစ်လက်) တေးထပ် ကိစ္စနဲ့ပတ်သက်လို့ “ခွေးသေ သေတယ်” ဆိုတဲ့ အသုံးအနှုန်းဟာ အင်္ဂလိပ်နဲ့မြန်မာ မဟာမိတ်များဖြစ်ကြတဲ့ အတွက် ဒီလောက်နစ်နာအောင် ရှုံ့ချရေးသားဖို့ မသင့်ကြောင်း၊ ဒါကြောင့် တေးရေးဆရာကို အပြစ်ပေးဖို့ မန္တလေးမြို့၊ အင်္ဂလိပ်ကိုယ်စားလည် တွဲဘက်ရုံးက မြို့သာဝန်ထောက် သီရိမဟာမင်းလှမင်းခေါင်သူရိန် (မြို့ဝန် ဦးသာအိုး) ဆီ စာပို့ တိုင်တန်းပါတယ်။ ဒါနဲ့ မြို့ဝန်က မင်းတုန်းမင်းဆီ လျှောက်ထားတင်ပြတော့ “ငဖေကို လွှတ်တော်က အပြစ်ပေးစေ” ဆိုပြီး အမိန့်ချလိုက်လို့ ဆရာဖေကို ချုပ်နှောင်ထားလိုက်ပါတယ်။ မြန်မာ သက္ကရာဇ် ၁၂၃၄-ခုနှစ်၊ နယုန်လဆန်း ၉-ရက်နေ့မှာ ပခန်းမင်းကြီးက မန္တလေးမြို့နေ အင်္ဂလိပ်အရေးပိုင်ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး အကြောင်းပြန်လိုက်ပါတယ် …‘အန္တမံကျွန်းတွင် အိန္ဒိယဘုရင်ခံ အနိစ္စရောက်ကြောင်းကို ကျိုးယုတ်ရှက်ရ သီချင်းစပ်ဆိုသူ ငဖေကို အကျဉ်းချ ထား စီရင်ကြောင်း၊ ဇာတ်ရုပ်စုံ ဗုံအတီးအကတို့ကိုလည်း က,ဆို မရှိစေရအောင် ကြပ်ကြပ်တီးတီး ဆင့်ဆို ရှိကြောင်း။’

 

တကယ်တော့ မင်းတုန်းမင်းဟာ ဆရာဖေကို အပြစ်မပေးချင်ပါဘူး။ ဒါပေမဲ့ မဟာမိတ်အင်္ဂါနဲ့ ညီညွတ်ရေး ပြလို တာကြောင့်တကြောင်း၊ အင်္ဂလိပ်နဲ့ ပြဿနာတက်လို့ မဖြစ်တာကတကြောင်း တို့ကြောင့် ရာဇပရိယာယ်နဲ့ အချုပ်ချထားလိုက်တာ ဖြစ်ပါတယ်။ ဆရာဖေဟာ သတ္တိအပြည့်ရှိသူမို့ ဘွားဘက်ကျော်တန်းက အချုပ်ထဲမှာ နောက်ထပ် တေးထပ်တပုဒ် ထပ်ရေးလိုက်ပြန်ပါတယ်။ အဲဒါ ဒီတေးထပ်ပါပဲ။

 

ရှေးဟောင်းမြန်မာ့ ကဗျာများ

https://www.facebook.com/groups/237590846346389/

မှကူးယူတင်ပြပေးလိုက်ပါသည်။

 

 

Leave Comments

Name*

Email*
Website
Email me whenever there is new comment