Professional Authors

လွမ်းရက်စေလေသော….သူ

လွတ်ထွက်သွားတဲ့ လက်တဖက်ကို
ဘာကြောင့် အတင်းလိုက်ဆွဲနေရပါသလဲလို့
နင် မဟုတ်တန်းတရား မစွပ်စွဲပါနဲ့ဦး
ချစ်သူ ။

ကျန်ရစ်တယ်ဆိုတာ နေခဲ့မှ ဖြစ်တာပါ ။

နင် ထားခဲ့တိုင်း ကျန်ခဲ့ရအောင်
ငါက နင့်အတွက် ထားရာနေ စေရာသွား
အရုပ်တရုပ် မဟုတ်ခဲ့ဘူးလေ ။
တစ်ယောက် သဘော တစ်ယောက်
အပြန်အလှန် ဝေဖန်ရင်း ကိစ္စမှန်သမျှကို
တိုင်တိုင်ပင်ပင် ဆွေးနွေးလို့ နှစ်ဦးသဘောတူ
ချစ်ကြည်ဖြူခဲ့ကြတာ မဟုတ်လား ။

နင်က ငါ့ကို ဖြတ်သွားတယ် လို့ပြောရအောင်
ငါက နင့်ကို လှုပ်မရအောင် တုပ်နှောင်ထားတဲ့
ကြိုးတချောင်း မဟုတ်ခဲ့ဘူး ။
နင်လိုချင်တာ ဖြစ်ချင်တာ မှန်သမျှကို
တရားနည်းလမ်းကျကျ ဖြည့်ဆည်းပေးဖို့
ကြိုးစားရင်း နင့်ကို အချိန်တိုင်းပျော်ရွှင်စေအောင်
ငါ့ဘဝကို ငါ့လက်နဲ့ထုဆစ်လို့ နင့်အကြိုက်
သရုပ်ပြ ဖျော်ဖြေခဲ့တာ မဟုတ်လား ။

ငါက နင့်ရဲ့စွန့်ပစ်ခြင်းကို ခံရတယ်လို့ပြောရအောင်
ငါက နင့်အတွက် အသုံးမဝင်တဲ့
ညစ်နွမ်းအမှိုက်တစမှ မဟုတ်ခဲ့တာ ။
နင့်ဘဝရဲ့အရေးပါဆုံးသောနေရာတခုထဲမှာ
နင့်ရဲ့လှပတဲ့နေ့စဉ်ဘဝတွေထဲမှာ
နင့်ရဲ့ အဖြူစင် အရိုးသားဆုံး ချစ်ရသူ
တစ်ယောက်အဖြစ် ရှိနေစေခဲ့တာမဟုတ်လား ။

နင် ရွေးချယ်လျှောက်လှမ်းမယ့်ခရီးဟာ
သိပ်ကို အိပ်မက်ဆန်လွန်းတဲ့ ပုံပြင်တပုဒ်ရဲ့အစဦး
လိုပါပဲ ။

ဒီလိုဆိုရင်တောင် အဲ့ဒီ့ပုံပြင်ဟာ
နင်ရော ငါ့အတွက်ပါ
ထိတ်လန့်ချောက်ချားဖွယ် အတိပြီးတဲ့
နေ့ရက်တွေနဲ့သာ ပြည့်နှက်နေလိမ့်ဦးမယ် ။

တခါတရံမှာတော့ ငါ့ရဲ့ တောင်းပန်တိုးလျှိုးတဲ့
အသံတွေအစား
နင့်အမေရဲ့အပြုံးကို နင်မြင်မိကောင်း မြင်မိနိုင်မှာပါ ။
အဲ့ဒီ့အချိန်မှာတော့ နင့်နှလုံးသားဟာ
ချော်ရည်ပူတွေနဲ့အေးခဲနေတယ် ဆိုတဲ့စကားလို
မျက်ရည်တွေနဲ့ကြည်နူးကောင်း ကြည်နူးရလိမ့်မယ် ။

တကယ်တော့ နင်ပြောခဲ့သလိုဆို
နင့်ရဲ့လျှောက်လမ်းဟာ
ဘယ်လိုမှ ပြန်လှည့်လို့မရတဲ့ အဝေးပြေးလမ်းမကြီး
တခုပေါ့ ။

ခြေရာတိုင်းတယ်လို့တော့ ယိုးစွပ်ဖို့ ဆန္ဒမစောပါနဲ့ဦး
ချစ်သူ ။
နင် လှမ်းမှီရာ လက်တကမ်းအကွာမှာ ငါရှိနေပေးချက်လို့ပါ ။

သတိရလို့ နင်ငဲ့ကြည့်ရင် နင့်ဘေးနားမှာ ငါရှိပါတယ် ။
နင့်ရဲ့ရည်မှန်းချက် မပြီးမြောက်သေးလို့
နင်မောပန်းတဲ့အခါ နင် မှီအိပ်ခဲ့ဖူးတဲ့ ပုခုံးပိုင်ရှင်
နင့်နားမှာ ငါရှိပါတယ် ။

ငါ မပါတော့ဘဲ နင် အားရပါးရ ပြုံးနိုင် ရယ်နိုင်တဲ့အချိန်အထိ

ငါ့မျက်နှာ မြင်လိုက်ရပေမယ့်
နင့်ရင်ထဲမှာ တချက်ကလေးတောင် မခါသွားတော့ပါဘူးဆိုတဲ့ အချိန်အထိ

ငါမရှိရင် ဘယ်လိုနေရပါ့မလဲလို့
စိတ်ကူးယဉ်ကြည့်ရုံနဲ့တင်
မျက်ရည်လည်င်္ရဲငိုခဲ့ဖူးတဲ့
နင့်ကိုယ်နင် မေ့သွားတဲ့အချိန်ထိ ။

ငါ နင့်အတွက် ရှိနေပါရစေ ချစ်သူ ။

ငါဟာ အချစ်ကို ဘာမှန်းမသိတဲ့ကောင်
ဖြစ်ချင် ဖြစ်ခဲ့ပါလိမ့်မယ် ။

ဒါပေမယ့် နင် ဖြစ်ချင်တာကို
ငါအတိအကျကို သိခဲ့ဖူးနေတယ်လေ ။

အဲ့ဒါ အကြောင်းအရင်းပေါ့
ကောင်မလေးရယ် ။

In: ကဗျာ Posted By: Date: Sep 2, 2013
Comment #1

nice creation.
hit directly.
100% like.
🙂
😛

commentinfo By: ei lay at Sep 3, 2013
Comment #2

ငါမရှိရင် ဘယ်လိုနေရပါ့မလဲလို့
စိတ်ကူးယဉ်ကြည့်ရုံနဲ့တင်
မျက်ရည်လည်င်္ရဲငိုခဲ့ဖူးတဲ့
နင့်ကိုယ်နင် မေ့သွားတဲ့အချိန်ထိ ။

ငါ နင့်အတွက် ရှိနေပါရစေ ချစ်သူ
အ၇မ်းတိုက်ဆိုင်လို့ အားပေးသွားပါတယ်နော်ကြိုးစားပါ

commentinfo By: slowwind at Sep 3, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment