Professional Authors

ဒီလို မွေးဖွားလာခဲ့ကြတယ်

 မွေးဖွားလာခဲ့ကြတယ် ဒီလိုပဲပေါ့

မြေဖြူအပြုံးမျက်နှာလေးလို

မရဏဒေဝီ ရယ်သံလို

ဓာတ်လှေကား ကျိုးပျက်သံလို

ကမောက်ကမ နိုင်ငံရေး မျက်နှာစာလို

ကောလိပ်ဘွဲ့ရ ကောင်လေးတစ်ယောက်

ကုန်စုံဆိုင်မှာ တောက်တိုမယ်ရ လုပ်သလို

အဆီအစ်နေတဲ့ ငါးကြီး သူ့သားကောင်ကို

ထွေးထုတ်လိုက်သလို

ရှင်နေမင်းကလည်း မျက်နှာဖုံးစွပ်လျက်နဲ့ပေါ့…………..

 

ဒီလိုပဲ မွေးဖွားလာခဲ့ကြတယ်လေ

ရူးသွပ်တဲ့ စစ်ပွဲတွေရဲ့ အလယ်မှာ

ဟာလာဟင်းလင်းဖြစ်နေတဲ့ စက်ရုံပြတင်းပေါက်တွေနဲ့

တစ်ဦးနဲ့တစ်ဦး စကားမပြောဖြစ်ကြတဲ့

သံတိုင်တွေ နောက်မှာ

သတ်ဖြတ်ခြင်းနဲ့ အဆုံးသတ်တဲ့ ရန်ပွဲတွေဆီမှာပေါ့……

 

ဒီလိုပဲ မွေးဖွားလာခဲ့ကြတယ်လေ

ဆေးရုံတွေက ဈေးကြီးလွန်းတယ်

သေရတာ အကုန်အကျ သက်သာတယ်

ရှေ့နေတွေက ဈေးကြီးလွန်းတယ်

အပြစ်ရှိကြောင်း ဝန်ခံလိုက်တာ ဈေးသက်သာတယ်

အကျဉ်းထောင်တွေမှာ လူတွေပြည့်နေပြီး

လူမှုဖူလုံရေးစခန်းတွေ ပိတ်ထားတဲ့ တိုင်းပြည်မှာ

အရူးတသိုက်က ချမ်းသာတဲ့ ဂုဏ်သရေရှိ

သူရဲကောင်းတွေပေါ့……………

 

သွားသွားလာလာ နေထိုင်ရှင်သန်ခဲ့ကြတယ်

ဒီလိုနဲ့ပဲ သေခါနီးလာတယ်

ဒီလိုကြောင့်နဲ့ပဲ ဆွံ့အကုန်ကြတယ်

အရူးလုပ်ခံရတာတွေ

အသုံးချခံရတာတွေ

ဒေါသတွေနဲ့ ရူးသွပ်ဖျားနာ

လူမဆန်စွာ ပေါက်ကွဲလိုက်ချင်ရဲ့……….

 

နှလုံးသားတွေ နက်မှောင်ကုန်ပြီလေ

လက်ချောင်းလေးတွေက

လည်ပင်းတွေဆီ

လူသတ်လက်နက်တွေဆီ

တုံဏှိဘာဝေ ဆိတ်ဆိတ်နေတဲ့

ဘုရားသခင်ဆီ

ပြီးတော့ အရည်သွပ်ပုလင်းတွေဆီ

ဆေးပြားဆေးလုံးနဲ့ ဖြူဖြူအမှုန့်တွေဆီ………

 

ဒီလိုပဲ မွေးဖွားလာခဲ့ကြတယ်လေ

ဝမ်းနည်းစရာ သေကောင်ပေါင်းလဲ အဖြစ်ဆီ

နှစ် 60 လောက် အကြွေးတင်နေတဲ့ အစိုးရဆီ

သူလဲနောက်ဆို အတိုးတောင် ပေးနိုင်တော့မှာမဟုတ်

ဘဏ်တိုက်တွေ လောင်မြိုက်

ငွေကြေးက အသုံးမဝင်

လမ်းလယ်ကောင် နေ့ခင်းကြောင်တောင်မှာ

အပြစ်ပေးမခံရတဲ့ လူသတ်မှုတွေ

လက်နက်အားကိုး လူရမ်းကားတွေ

အဏုမြူစွမ်းအင်ဟာ ပေါက်ကွဲမှုများစွာနဲ့

ကမ္ဘာကြီးကို ကိုင်လှုပ်ခဲ့တယ်လေ

ဓာတ်ရောင်ခြည်သင့် စက်ရုပ်လူတွေ

တယောက်နဲ့တယောက် စောင့်ကြည့်နေကြတယ်

အသပြာထုပ်နဲ့ အခွင့်ထူးခံတွေက

ပွဲကြည့်ပရိသတ်ပေါ့……………..

 

ဒန်တီရဲ့ ငရဲဘုံကို ကလေးကစားကွင်းနဲ့တူအောင်

ဖန်တီးကြလိမ့်မယ်

နေရောင်ခြည်ကို မြင်ရတော့မှာ မဟုတ်

အမြဲတမ်းညရောက်နေလို့ သစ်ပင်တွေသေကုန်ကြမယ်

ရောင်ခြည်သင့်လူတွေ အချင်းချင်း သတ်ဖြတ်စားသောက်ကြမယ်

ပင်လယ်တွေ အဆိပ်သင့် မြစ်ချောင်းအင်းအိုင်တွေ ပျောက်ကွယ်

မိုးရွာမယ်ဆိုရင် ရွှေပဲပေါ့………..

 

မဲညစ်ညစ် လေအဝှေ့မှာ လူသေနံ့ ပုပ်ဟောင်ဟောင်ရတယ်………..

 

မရှိမဲ့ ရှိမဲ့ အသက်ရှင်ကျန်သူတွေ ရောဂါအဆန်းတွေဖြစ်

ပွဲကြည့်စင်တွေ ဖျက်စီးခံရ ထောက်ပို့ရိက္ခာကုန်သလောက်ရှိပြီ

အထွေထွေဖောက်ပြန်ပျက်စီး   … ဆုပ်ကပ်ရဲ့ နိယာမအကျိုးဆက်တွေ

ကြားဖူသမျှထဲမှာ အလှပဆုံး ဆိတ်ငြိမ်ခြင်းသဏ္ဍာန်ရယ်

ဘာမှတွယ်ဖက်ထားဖို့ မလိုဘူးလေ……….

 

နေမင်းဟာ ပုန်းလျှိုးကွယ်လျှိုးနဲ့

ကဏ္ဍသစ်ကို မျှော်နေတယ်………….


ခင်မင်လေးစားလျက်

လေပြေ

(ချားလ်စ်ဘူကော့စကီး၏ Born into this အား မှီငြမ်းပါသည်)

In: ကဗျာ Posted By: Date: Jun 26, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment