Professional Authors

အိပ်မက်မိုးရွာသောနေ့မျး (၇)

လေတံခွန်ဖျားမှာ

ငြိမ်ငြိမ်လေးထိုင်ငေးခဲ့ဖူးတယ်

တိမ်တွေ ငါ့ကို ကျီကျီစယ်စယ်မြှူကြ

ငါ့နှုတ်ခမ်းတွေကိုတော့

ငါ့နှုတ်ခမ်းအောက်မှာပြန်ဝှက်ထားမိ…….

စုတ်တသပ်သပ် နဲ့

အားမလိုအားမရ သက်တန့်တွေရယ်

ကောင်းကင်နဲ့ မြေကြီးကြားက

မသင့်မြတ်မှုတွေ ဆွဲညှိပေးကြစမ်းပါ

 

မတောင်းဘဲပြည့်တဲ့ ဆုဆိုတိုင်း

ကောင်မလေးဆီက ရခဲ့တဲ့( ရနေဆဲ )

အချစ်တွေလောက်

ငါ့သေတ္တာငယ်လေးခမျာ မမွှေးဖူးရှာဘူး…..

အိပ်ခန်းဆောင်အလွင့်အမျောလေးတွေဆီ

အိပ်စက်ခြင်း အကွဲ အစ လေးတွေနဲ့

အိပ်မက်ကို ဝယ်ယူကြည့်တယ်….

 

ညကို ဖမ်းမိပေမဲ့

‘လ’ ကလက်ကြားခုန်ခုန်ထွက်နေတယ်…………..။

 

ကောင်…မ…လေး… ရေ

( ‘မ’ နေရာတွင် အသံဖိဖတ်ရန်)

ခဏလောက်ဖြစ်ဖြစ်ပါ

အလင်းထက် မင်း ကို အရင်မြင်ခွင့်ရရင်

အဲဒီနေ့ အဲဒီမနက်ဟာ

ငါ့ရဲ့ ဒုတိယမြောက်မွေးရက်သာ ဖြစ်တယ်…..။

 

ဗုံသံ ဆိုင်းသံ တွေနဲ့ ဆူညံနေရင် နေမယ်

လင်သေဆုံးပြီးစ မုဆိုးမတစ်ယောက်ရဲ့မျက်နှာကို

ငါ့မျက်နှာနဲ့ အလိုက်ပေးလဲရင် လဲမယ်

ရင်ဘတ်သံမပါရင်

ငါစကားမပြောတတ်ဘူးကွယ့် … ကောင်မလေးရဲ့။

 

နာရီတွေရဲ့ ဓာတ်ခွဲခန်းမှာ

မင်းနာမည်လေးက

ငါ့နှလုံးသားကလွဲလို့

ဓာတ်မပြုတတ်တဲ့

သူရဲကောင်းဒြပ်စင် တစ်ခုတဲ့ကွယ်…

 

မိန်းကလေးတွေရဲ့ ဖတ်စာမှာတော့

ငါက မင်းနာမည်ကလွဲရင်

အမြဲသတ်ပုံမှားနေတဲ့

မဟာဖိုဝါဒ ကဗျာတစ်ပုဒ်တဲ့……

အတော်လည်း ရယ်ရတဲ့ သင်ရိုးညွန်းတန်းပါဘဲ..။

 

ဘယ်တော့မှ မကွဲတဲ့ အသည်းရယ်လို့

ပုံတူထုပြီး ခမ်းနားမယ်ကြံကာရှိသေးတယ်

ငါ့သမိုင်းကို ပြန်လှန်တိုင်း

မင်းနဲ့ ရှူံးတဲ့ စစ်ပွဲတွေအကြောင်း လက်ညှိုးထိုးခံရ…

ငါ့မှာလည်း

“မ”ဘက်မလိုက်တတ်ပေမဲ့ “မင်း”ဘက်ချည်းပါနေမြဲ..။

 

မင်းကငါ့ကို ‘ကောင်လေး’ ရယ်လို့ ခေါ်တယ်

ငါကမင်းကို ‘ကောင်မလေး’ ရယ်လို့ခေါ်တယ်

ဒီလောက်ဆိုသိရောပေါ့

ငါက အမြဲတမ်း ‘၁’ ပိုနေရတဲ့ ရင်ခွင် ရင်ဖျား zero နဲ့ ကောင်…။

 

ဘယ်တော့ဖြစ်ဖြစ်

အပြစ်လို့ ခေါင်းစဉ်တပ်တိုင်း

မင်းကဘဲ ခေါင်းငုံ့လက်ပိုက်ပေးခဲ့တော့

တခါတခါ

ငါဘဝမေ့မေ့သွားတယ်….

ငါဆိုတဲ့ ယောက်ျားမည်လှ ပုရိသကလည်း

မင်းနာမည်ကို

မြင့်မိုရ်တောင်မှာ ရေးထိုးဖို့ကြမှ

အပေါက်ဝမရောက်ခင်လှည့်လှည့်ပြန်နေရတဲ့

ပဒိုင်းသီးလို ကောင် ဘဲ……။

 

…………ရပါတယ်အကိုရယ်…………

Platonic , ……….ပလေတိုးနစ်ခ်

Spirit , ………….စပိရစ်တ်

Relative , ………ရီလေးတစ်ဖ်

Kingship , ………ကင်းရှစ်ဖ်

ဘာအချစ် ညာအချစ် အသံကုန်သာဟစ်နေတယ်

တကယ်တော့

မင်းဆီကရတဲ့ အချစ်ကို ငါခေါင်းစဉ်ပေးဖို့ကြတော့

ငါက ဥာဏ်မမှီ …… ၃၉ မှတ်နဲ့ ဂုဏ်ထူးထွက်နေသူပါ ။

( အများသတ်မှတ်ထားခြင်းသာ)

 

မင်းမရှိတဲ့ နေ့ဆိုတာ ငါ့အတွက်တော့

လက်မစုတ်အိပ်မှ အိပ်ပျော်တတ်သူ

လက်ပြတ်သွားသလိုဘဲ

ဘဝ နဲ့ ည က ဘယ်လိုမှကို သဟဇာတ မဖြစ်တာ…

သူများလက် ငှားစုတ်လို့တော့ ညစ်ကျယ်ကျယ်မပြောနဲ့ပေါ့ကွယ် ။

 

စိတ်ကူးဆိုတာ ငါ့အတွက်တော့

နောက်လိုက်သာသာပါဘဲ…..

မိုးကတော့ ရွာလာပါရဲ့

ခြေကျင်းလေးက  ရေမစိုသေးဘူး…. ကောင်မလေးရေ

 

အနီးဆုံး ရင်ခုန်သံဆိုတာ

မတီးခတ်ခင်ကြားနေရတဲ့ ဂစ်တာသံလိုဘဲလား…..?

မင်းအနားမှာမရှိလည်း ငါကြားနေရတယ်…..

 

တောင်လေတိုးတိုင်း

အိမ်ဘေးကကံ့ကော်ကိုင်းတွေက ငိုတယ်

မိုးတွေ ညှိုလာရင်တော့

ငါ့ အိပ်မက်တွေက ရယ်တယ်

 

သူတို့နှစ်ဥိးစလုံး အိမ်ခြေယာခြေမှ မရှိကြတာ………။

 

လမ်းမကြုံလည်း တကူးတက လွမ်းလွမ်းနေတာကလွဲလို့

ငါ ကျန်းမာပကတိ ကောင်းစွာရှိပါတယ်……မိန်းကလေးရယ်

 

ဘာလိုလိုနဲ့ လို့ သုံးနှုန်းခွင့်ပြုရင်တော့

ငါတစ်ခုလောက်ပြောပါရစေ……….

ကောင်မလေးဝေးနေတာ ဆဌဂံ ၃ ခုစာရှိတော့မယ်

 

ပြက္ခဒိန်ခြေလှမ်းတွေ သိပ်ဝေးဝေးမရောက်ခင်

ငါရအောင် ပြေးလိုက်လာခဲ့မယ်

ရာဟုထောင့်မှာ ခြောက်မြှောင့်ကြယ်ကို ခူးပြီးစောင့်နေပါ….။

 

နှင်းဆီမျဉ်းကြောင်းလိုမျိုး

မင်းက ငါ့ရင်ဘတ်ကို အလျားလိုက်ဖြတ်သန်းသူ….

 

ငါက လမ်းပျောက်သူဆိုရင်

မင်းက ဓူဝံကြယ်……..

 

ငါ့ဘဝ ကိုလမ်းပြပေးလို့ချစ်သလို

မင်းကိုဘဲ တယုံတကြည် တကိုးတစားနဲ့

မော့ကြည့်နေအောင် ပြုစားလို့ မုန်းတယ်…..

 

မင်းက ငါအတွက်ဆို

အဲလိုမျိုး ရသ စုံတဲ့ ပန်းတမော့ ဘောင်ထဲက ရွှေရေးပန်းချီ တစ်ချပ်။

 

” ဒီမယ်….. ဒီမယ်

  ကျွန်တော့်သွေးနီဥတွေနဲ့ ရေးထားတဲ့ စာ

  ခင်ဗျား သူ့ဆီရောက်မှာမို့ ထည့်ပေးလိုက်ချင်လို့ “

ငါကအဲလို တိမ်တွေ ဖြတ်သွားတိုင်း စာထည့်ပေးချင်သူ ။

 

ကောင်းကင်ကြီးကလည်း

ငါ့ကိုဆို အတိုက်ခံမရှိဘဲ မုန်းနေတယ်ထင်ပါရဲ့

ငါငိုတဲ့ နေ့တိုင်း

သူက အုတ်ရောရော ကျောက်ရောရော မိုးတွေ လောင်းချတယ်

ငါ့မျက်ရည်တိုင်းခမျာ

နေရောင် လျှပ်ရောင် မကွဲရှာဘူး……….။

 

မှောင်လိုက်တဲ့…..နွေ

အလင်းကျိုး အလင်းပဲ့ တွေ ပစ်ပေါက်ချနေတာများ

ဆောင်း မစောင်းပင် ခန့်မှန်းဖို့ မလွယ် ။

 

အီဂျစ်ဗေဒင်စာအုပ်ကြားထဲကနေသာ

ဇွန်လ ၂၉ ကို

လက်ညှိုးထိုးထိုးပြီး ဆဲလိုက်ချင်တော့တယ်

စနေနေ့ညတိုင်း

အိပ်မက်မိုးတွေက ရွာဆဲ……………။

 

နေမင်းဝေး(ခ)မောင်ရေခဲ ၈.၁၀.၂၀၁၂ ( နံနက် ၅း၄၈ )

( ကျွန်တော့်၏ အိပ်မက်မိုးရွာနေသော ကောင်မလေးသို့…..)

In: ကဗျာ Posted By: Date: Jun 15, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment