Professional Authors

သီချင်းစစ်

သီချင်းစစ်
……………(ကျော်ဆန်းဦး)

ခဏလေးပဲဖြစ်ဖြစ်

ကိုယ့်သီချင်းကို ကိုယ်ပြန်ဖွင့်ပြီး

ကိုယ့်အသံကို ပြန်နားထောင်ကြည်ဖူးလား

ခင်ဗျားကိုယ်ခင်ဗျား

အသေအချာပြန်တွေ့ရတာပေါ့

ခင်ဗျားဆိုတာ ဂီတရောဟုတ်ရဲ့လား

ခင်ဗျားရွတ်နေတာ ကာရံတွေမိရဲ့လား

ခင်ဗျားထုတ်လွှင့်နေတာ ဧရာမ ဆူညံမှုတစ်ခု မဖြစ်နိုင်ဘူးလား

ခင်ဗျားတင်ဆက်မှုက

ကားဘီးပေါက်သံတွေလို

ကလေးတွေရဲ့ ဆော့ကစားသံတွေလို

သေနတ်ဖောက်သံတွေလို

ခင်ဗျားအသံဟာ

လူ့အဖွဲ့အစည်းအတွက်

အကြီးမားဆုံး

အနှောင့်အယှက်တစ်ခု

အလျှင်မြန်ဆုံးကူးစက်ရောဂါ

စိုးရိမ်ရေမှတ်ဆိုတာ ငြင်းရဲလား

အခုနောက်ပိုင်း

အသိဥာဏ်ရှိတဲ့လူတစ်ယောက်ရဲ့ ဂီတသံက

တဆာဆာအော်နေတဲ့ငှက်ကလေးရဲ့အသံလောက် ချစ်စရာမကောင်းတာဆန်းတယ်

တသွင်သွင်စီးနေတဲ့ မြစ်တစ်ခုရဲ့ ရေစီးသံလောက်မှ စည်းမရှိတာ ဆန်းတယ်

အရူးမတစ်ယောက်ရဲ့ အော်ဟစ်ဆဲဆိုသံကမှ ဂီတရှိသေးရင်

ရထားတစ်စင်းရဲ့ ဥသြဆွဲသံကမှ လှပသေးရင်

ကိုယ့်သီချင်းကို ကိုယ်ပြန်ဖွင့်ပြီး

ကိုယ့်အသံကို ပြန်နားထောင်ကြည့်ပါ

ဝမ်းနည်းကြေကွဲစွာ

ဝန်ခံရင်း

အံသြစွာ ခင်ဗျားတွေ့ရလိမ့်

ဟောဒီဂြိုလ်ပြာပြာ ကမ္ဘာလေးမှာ

လှပဖို့

ငြိမ်းချမ်းဖို့

သီချင်းစစ်စစ်တွေ ရှားခဲ့ပြီ

In: ကဗျာ Posted By: Date: Jun 3, 2013
Comment #1

သီချင်းစစိစစ်လေးတို.လည်းကြားချင်တယ်။

commentinfo By: raindrops at Jun 4, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment