Professional Authors

ရေသူမနှင့် ညစာစားခြင်း (ကြည်မောင်သန်း(လှသန်း))

 

မော့မကြည့်ဖြစ်တာ ကြာပြီဖြစ်တဲ့ ကောင်းကင်အောက်က

ညနေလှလှတစ်ခုမှာ

ရေသူမနဲ့ ကျွန်တော်တွေ့ပါတယ်

ငွေမင်ရောင် ရေကူးဝတ်စုံနဲ့ သူမ

အလှမွေးငါးတစ်ကောင်လို ရေကန်ထဲမှာ

ကျွန်တော့်မှာသာ

အရှင်လတ်လတ် ငါးတစ်ကောင်မျိုချမိသူလို ဖြစ်နေရ

ဒါကို ရိပ်မိတဲ့ ရေသူမဟာ

ကန်ပေါင်ပေါ်တက်လာပြီး စကားစပါတယ်

” ရေကူးရတဲ့ အရသာကို မနှစ်သက်ဘူးလား . . . ” တဲ့

ပွင့်ပွင့်လင်းလင်းပဲ ကျွန်တော်ပြန်ပြောမိတယ်

” ရေကူးရတဲ့ အရသာထက်

ရေကူးနေသူကို ထိုင်ကြည့်ရတာ ပိုသဘောကျတယ် . . . ” လို့

ရေသူမက ဖွဖွလေးရယ်ရင်း

ဆာလမ်ပရုပ်အေး စီးကရက်တစ်လိပ်ကို မီးညှီတယ်

ကျွန်တော ကြားဖူးနားဝရှိခဲ့တဲ့ ရေသူမတွေဟာ

ဆံပင်ဖားလျားနဲ့တဲ့

အခု တွေ့နေရတဲ့ ရေသူမကတော့ ဆံပင် မရှိဘူး

ခေါင်းတုံးနဲ့

နားရွက်မှာ အဖိုနဲ့ အမ လိင်သင်္ကေတ နားဆွဲနဲ့

အိုင်ယာလန်က ပန့်ခ်ရော့ခ်အဆိုတော်မတစ်ယောက်နဲ့ တူနေရဲ့

ဒေသခံမဟုတ်ကြောင်း ငြင်းရင်းနဲ့

သူမကို ဘယ်ကလာလဲလို့ စပ်စုလိုက်တော့

သူမက သူ့နိုင်ငံအမည်ကို ပြောပါတယ်

ကျွန်တော့်ကို ဘယ်နိုင်ငံသားလဲလို့ မေးလို့

ကျွန်တော့် နိုင်ငံအမည်ကို ပြောပြတော့

(အားမနာပါးမနာ)သူမက တစ်ခါမှ မကြားဖူးဘူးတဲ့

ပြီးတော့ သူတို့ အနောက်ကလူတွေဟာ

အရှေ့ကို သိပ်စိတ်မဝင်စားကြောင်း ဖွဲ့နွဲ့ပြန်ရဲ့

ကျွန်တော်က သူ့နိုင်ငံတည်နေရာနဲ့ မြို့တော်အမည်ကို ပြောပြတော့

သူမ အံ့အားသင့်သွားပုံက တပ်မက်စရာ

” ငါ့မှာ အရှေ့တွေ အနောက်တွေ မရှိဘူး

ကမ္ဘာပေါ်က လူတစ်ယောက်အနေနဲ့

ကမ္ဘာကိစ္စတွေကို သိနိုင်သမျှ သိအောင် ကြိုးစားနေတယ်…” လို့

ပြောပြတော့ သူမ နည်းနည်းဖျားသွားတယ်

အဲဒီအချိန်မှာ ညဟာ ဘွားခနဲ ပေါ်လာတယ်

ရောင်စုံမီးတွေလည်း လင်းလာပြီ

ကပွဲခန်းမထဲက မရိုးမရွ ဂီတသံဟာ

အပြင်ကို လျှံထွက်လာရဲ့

ရေသူမဟာ စိတ်ဝင်တစားနဲ့

ကျွန်တော့်ကို ညစာအတူစားဖို့ ဖိတ်ခေါ်ပါတယ်

ငြင်းလိုက်ရရင် ကောင်းမလား

ကျွန်တော် စဉ်းစားတယ်

ကျွန်တော့်နိုင်ငံအမည်ကို မသိတဲ့ မိန်းမတစ်ယောက်နဲ့

ညစာအတူစားဖို့ သင့်လျော်ပါ့မလား

အီလျာအာရင်ဘတ် ရေးခဲ့သလို

လူမျိုးတစ်မျိုးက အခြားလူမျိုးတစ်မျိုးကို နားလည်ဖို့ဆိုတာ

သိပ်လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူးလေ

ဒါပေမယ့် ကျွန်တော်က ယောင်္ကျားပီသသူပါ . . .

ဒီိလိုနဲ့ ဆီမီးခွက်အလင်းရောင် မှိန်ပျပျနဲ့

” အာဖရိကရဲ့ ပြင်ပ” ဆိုတဲ့ စားသောက်ဆိုင်မှာ

သူမနဲ့ကျွန်တော် သမင်သားနဲ့ ညစာစားဖြစ်တယ်

ကျွန်တော် မှားသလား

ကျွန်တော့်နိုင်ငံအမည်ကို မသိတဲ့ မိန်းမတစ်ယောက်နဲ့

ညစာ အတူစားမိတယ်

ကျွန်တော် မှားသလား

ခင်ဗျားတို့လည်း ဝိုင်းစဉ်းစားပေးကြပါ

ကျွန်တော် မှားသလား

ခုချိန်ထိ ကျွန်တော်လည်း စဉ်းစားနေတုန်း။         ။

 

လှသန်း

Comment #1

ငါ့မှာ အရှေ့တွေ အနောက်တွေ မရှိဘူး

ကမ္ဘာပေါ်က လူတစ်ယောက်အနေနဲ့

ကမ္ဘာကိစ္စတွေကို သိနိုင်သမျှ သိအောင် ကြိုးစားနေတယ်…

commentinfo By: မေပျို at Apr 27, 2013
Comment #2

🙂

commentinfo By: ei lay at Apr 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment