Professional Authors

ပျော်ရွှင်စရာနေ့များ ၂ (မိုးဝေး)

နေ့စဉ် ဂျာနယ်တွေ ဖတ်
အောင်ချိမ့်လို ရေးရင် ပျော်စရာပါ
သို့သော် ဒီမှာ လမ်းတွေပေါ် ရေကျော်
အစိုးရအဖွဲ့ဝင်များ ပိုင်ဆိုင်မှု ထုတ်ဖေါ်ရေးအဆို ရေကျော်
ဒီတွင် ဘယ်လိုပျော်မလဲ ဒီကဗျာ
ဒီမှာ မိုးတွေက ရွာ၊ ဒီမှာ ရခိုင်ပြည်အရေးက ရှိ
ဒီမှာ လယ်သမားကိစ္စတွေက ဖြစ်
ဒီမှာ စာပေမဂ္ဂဇင်းက တစ်စောင်နှစ်စောင်
ငါတို့ဟာ ရေလွှမ်းလယ်ကွက်တွေပေါ်မှာ ကဗျာရေးပါတယ်
ငါတို့ဟာ ပိတ်ဆို့ခံ အဆိုတွေကို အကြောင်းအရာလုပ်ပါတယ်
ငါတို့ရဲ့နေ့စဉ်ဘ၀ဟာ ငါတို့ကဗျာပုံသဏ္ဍာန်ပေါ့
သို့သော် ပျော်နေတဲ့ ဒီကဗျာ ဒါ ခက်တာပဲ
ငါတို့ဟာ လွတ်လပ်တဲ့အရေးအသားကို လိုလားပါတယ်
သို့သော် ငါတို့ဟာ မလွတ်လပ်တဲ့ အဖွဲ့အစည်းတွေထဲလည်း ၀င်လိုက်ကြတာပဲ
ဒီလို ရေနစ်နေသော်လည်း ပျော်နေတဲ့ သူတွေလို ဒီကဗျာထဲ
ဒီကနေ့ထုတ် သစ္စာသတင်းဂျာနယ် မျက်နှာဖုံးကောက်စာနည်းနည်း ထည့်ကြည့်မယ်
ရခိုင်နယ်စပ်လုံခြုံရေး ရေပြင်ပိုင်နက် ထိန်းသိမ်းရန် လိုအပ်နေ
ရှစ်လေးလုံးအရေးတော်ပုံနေ့ သမိုင်းဝင်နေ့အဖြစ် တရားဝင် သတ်မှတ်ပေးရန် တောင်းဆို
မိုးစပါးစိုက်ချိန် ရေကြီးမှုဖြစ်စဉ်ကြောင့် စပါးစိုက်ပျိုးထုတ်လုပ်မှု လျော့နည်း
အိန္ဒိယတပ်မတော်၏ စစ်ရေးနည်းပညာများ မြန်မာ့တပ်မတော်သို့ သင်ကြားပို့ချမည်
ငါဟာ တော်တော် ပျော်တတ်တာပဲ
ငါ့လိုပဲ ပျော်နေတဲ့သူတွေ တော်တော်များတာပဲ
ရန်ကုန်မြို့ရဲ့လမ်းတွေပေါ် အဆင့်မြင့်ဘတ်စ်ကားတွေ ရောက်လာခဲ့သလို
တော်တော်ပျော်စရာကောင်းတဲ့ကဗျာ
ဒီလိုတွေးတောရင်း ငါ သမ်းဝေလိုက်ပါတယ်။   ။
 
မိုးဝေး
12.8.2012
Comment #1

@_@

commentinfo By: ei lay at Apr 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment