Professional Authors

လမ်းပေါ်ထွက်ခဲ့…

အဲဒီ ဖန်တရာတေနေတဲ့
ဝါးလုံးခေါင်းထဲ ၀င်ပြီးတော့
လသာမနေစမ်းပါနဲ့…

ပုဆိုးခြုံထဲက
လက်သီးဆုပ်တွေဘာမှအသုံးမ၀င်ကြောင်း
မင်းလည်းသိတယ်
ငါလည်းသိတယ်

အမှန်တရားကိုချစ်လို့
မင်းတကယ်သတ္တိရှိရင်
လမ်းပေါ်ထွက်ခဲ့…

လမ်းပေါ်မှာ
လက်ညှိုးထိုးအရောင်းစားခံလိုက်ရတဲ့ တောင်တွေရှိတယ်

လမ်းပေါ်မှာ
ဇွတ်အသိမ်းခံလိုက်ရတဲ့ လယ်သမားတွေရှိတယ်

လမ်းပေါ်မှာ
ဘာမှမသိနားမလည်တဲ့ ကချင်စစ်ပြေးဒုက္ခသည်တွေနဲ့ သူတို့ရဲ့ ကလေးတွေရှိတယ်

လမ်းပေါ်မှာ
လုပ်အားဓားပြအတိုက်ခံနေရတဲ့ အလုပ်သမားတွေရှိတယ်

လမ်းပေါ်မှာ
အနှစ်လေးဆယ်ကျော်လုံးလုံး အဆိပ်ငွေ့ပေးဖျက်ဆီးခံရတဲ့
စာသင်ကျောင်းတွေရှိတယ်

လမ်းပေါ်မှာ
ကျန်းမာပါတယ်လို့ စာရင်းသွင်းခံရတဲ့
နာမကျန်းဖြစ်နေတဲ့ နာတာရှည်ရောဂါသည်တွေရှိတယ်

လမ်းမပေါ်မထွက်ဘဲ
အဲဒီ ဖန်တရာတေနေတဲ့
ဝါးလုံးခေါင်းထဲ ၀င်ပြီးတော့
ငြိမ်းချမ်းရေးလသာမနေစမ်းပါနဲ့...

ပုဆိုးခြုံထဲက
လက်သီးဆုပ်တွေဘာမှအသုံးမ၀င်ကြောင်း
မင်းလည်းသိတယ်
ငါလည်းသိတယ်

အမှန်တရားကိုချစ်လို့
မင်းတကယ်သတ္တိရှိရင်
လမ်းပေါ်ထွက်ခဲ့

In: ကဗျာ Posted By: Date: Mar 5, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment