Professional Authors

သင်္ချိုင်း

ဒီနေရာမှာ

သင်္ချိုင်းစောင့်အဘိုးအိုရဲ့လက်က နွေးထွေးပြီး

ဘုရားသခင်ရဲ့လက်က အေးစက်နေတယ်။

ဒီနေရာမှာ

လူတွေက ဂူထဲအိပ် နှုတ်ဆိတ်လို့

တစ္ဆေတွေက လူလုံးပြ လမ်းသလားနေတယ်။

ဒီနေရာမှာ

ဂိတ်ပေါက်ဝကို အမြဲဖွင့်ထားပြီး

ဂူပေါက်ဝကို အသေပိတ်ထားတယ်။

ဒီနေရာမှာ

ကြေးစည်သံက တိမ်ဝင်သွားပြီ

ဧယင်ကျူးသံက ဆူညံနေတတ်တယ်။

ဒီနေရာမှာ

ငုံလာတဲ့ ကုသိုလ်က နည်းပြီး

ထုပ်လာတဲ့ အကုသိုလ်က များနေတတ်တယ်။

ဒီနေရာမှာ

ဝိညာဉ်လှန့်တဲ့ သစ်ခက်က ပျော့နေပြီး

ပေါက်ခွဲမယ့်ရေအိုးက မာနေတတ်တယ်။

ဒီနေရာမှာ

အဓိပ္ပာယ်တွေကို အရိုးစုနဲ့ တေ့ဆက်ထားပြီး

အရိုးစုကို ရှုခြင်းက အဓိပ္ပာယ် ရှိနေတတ်တယ်။

ဒီနေရာမှာ

သွားလေသူက ကျန်ရစ်သူ ဖြစ်သလို

ကျန်ရစ်သူက သွားလေသူ ဖြစ်တယ်။

ဒီနေရာမှာ

ရှင်သန်ခြင်းတွေက သေလို့

သေခြင်းက ရှင်သန်မြဲ ဖြစ်တယ်။

ဒီနေရာမှာ

ဗန်ဂိုးရဲ့ ရုပ်က တဖြည်းဖြည်း ပုပ်ပွသွားပြီး

သူ့နေကြာပန်းတွေက တဖြည်းဖြည်း ပွင့်လန်းလာတယ်။

ဒီနေရာမှာ

ဒီနေရာမှာ

ဒီနေရာမှာ

အရှုပ်ထွေးဆုံးက အသက်ရှင်ခြင်း ပုံစံဖြစ်ပြီး

အရိုးရှင်းဆုံးက သေခြင်းတရား ဖြစ်တယ်။

မောင်ယုပိုင်

In: ကဗျာ Posted By: Date: Feb 26, 2013
Comment #1

နှစ်သက်မိပါ၏

commentinfo By: အသဲကွဲ မိုး at Feb 27, 2013
Comment #2

ကြိုက်တယ်ဗျာ

commentinfo By: နိုးဆက် at Feb 27, 2013
Comment #3

အဲ့ဒီနေရာလေးကိုသွားချင်တယ်ဗျာ… အရမ်းငြိမ်းချမ်းတဲ့နေရာလေး

အားပေးသွားပါတယ် အစ်ကို

commentinfo By: loafer at Feb 27, 2013
Comment #4

ကျွန်တော် ရေးတဲ့ ကဗျာ မဟုတ်ပါဘူး ခင်ဗျ … ဒါ ကဗျာဆရာ မောင်ယုပိုင်ရဲ့ ကဗျာပါ … ဝင်ရောက် ဖတ်ရှုသူ သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်

commentinfo By: makebelieve at Feb 27, 2013
Comment #5

*-*

commentinfo By: ei lay at Feb 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment