Professional Authors

ကျောက်ဆောင်ပုံပြင်

 

 

 

(နိဒါန်း)

မင်းကို ငါ  အရမ်းချစ်တာ ပေါ့….. ပင်လယ်…….

 

(၁)

တိတ်ဆိတ်ငြိမ်သက်စွာ

မင်းအိပ်စက်နေပုံကိုငေး

ကြိုးမျှင်လေးတွေအားလုံး စုရုံးရစ်ပတ်လာ..

ငါ…

ချစ်လိုက်တာ ကလေးရယ်…။

 

ကောင်းကင်ကမ္ဘာဆီက

ကြယ်စင် တလက်လက်တို့ကိုတုပြိုင်ဖို့

မင်းပိုင်ဆိုင်တဲ့ တံလျပ်များမှာ

မင်္ဂလာတရားပေါင်းများစွာ ကပ်ငြိနေကြတယ်။

မင်းသိရဲ့လား ပင်လယ်…

မင်းဟာ သိပ်လှတယ်.။

ကျက်သရေပေါင်းများစွာနဲ့ ထည်ဝါစွာလှတယ်.။

 

လမင်း စန္ဒာ….

သူကိုယ်တိုင် ရွှေဝါရောင်အဆင်းနဲ့ပါပဲ

ဒါပေမဲ့

သူလည်း မင်းကို အားကျနေရတယ်။

သူ့အလင်းများနဲ့ မင်းရင်ခွင်ဆီ သက်ဆင်း

အဲဒီအလင်းများကိုပဲ မင်းရှေ့မှောက်မှာ ရှက်..

တိမ်တွေနဲ့သူ့ကိုယ်သူ ၀ှက်ဖို့ ကြိုးစားနေရတယ်..။

 

သက်ငြိမ် တည်ကြည်လွန်းလှပေရဲ့..ပင်လယ်

ထည်ဝါမှုတန်ခိုးတို့နဲ့များ

လောကရဲ့ ကောင်းမြတ်ခြင်းတွေနှိုး ချင်နေရော့သလား

တည်ငြိမ်စွာ ကိုယ်ရောင်ဝါတွေဖြန့်ခင်း

စီး ဆင်း နေ တယ်….

တင့်တယ် လွန်းလှပေခြင်း  မင်းလေးရယ်….။

 

ဘယ်နေရာမှာ ဘယ်လိုရစ်ခွေ…

ဘယ်ဒေသမှာ ဘယ်လို သွေလို့

မင်းရဲ့ လက်တံရှည်တွေနဲ့

ဘယ်သူတွေရဲ့နှလုံးသားကို ဖမ်းစားခဲ့ပြီလဲ…

သူတို့တွေအားလုံးလဲ…မင်းကိုချစ်ကြမှာ……

နာကျင်စွာ ငါသိခဲ့ပါတယ် ပင်လယ်…..။

 

တိမ်ပွင့်ကြီးတွေကပြောတယ်..

သူတို့ဟာ မင်းဆီကအငွေ့အသက်တွေနဲ့

အသက်ဆက်ရသူတွေတဲ့…

သူတို့ဟာ မင်းကိုယ်ငွေ့တွေစုပ်ယူလို့

တိမ်ပွင့်ဖြူဖြူလက်ဆောင်ကလေးတွေကို

ကမ္ဘာမြေဆီ ပြန်ပေးခွင့်ရသတဲ့…

 

တောင်တန်းကြီးတွေကလည်းပြောတယ်

သူတို့ခြေရင်းဆီက ကျက်သရေကြောင့်

သူတို့အနေခက်သတဲ့

မင်းဟာ

အောက်ဆုံးသောအရပ်ဒေသဆီကနေ

အမြင့်ဆုံးဆီက စိတ်ဝိဥာဉ်အထိ

ဆွဲကိုင်လှုပ်ရှားနိုင်စွမ်းရှိသူ လို့လဲဆိုပါတယ်…။

 

စင်ယော်ငှက်တွေ

ငါ့ရင်ခွင်ထက် ပျံတက်နားကြတဲ့အခါ..

မင်းရဲ့ ကောင်းသတင်းတွေကြားမှာ

ငါသာယာခွင့်ရတယ်…။

 

တကယ်တော့

ငါမင်းကို သိပ်ချစ်ပါတယ် ပင်လယ်…။

ဆက်စပ်ဖို့မတွေးရဲ..ပေမဲ့

ငါဆိုတဲ့ ကျောက်ဆောင်ကြီးဟာ

မင်းကိုမှ သိပ်ချစ်ခဲ့ မိတယ်……

ပင်လယ်….။

 

(၂)

ဒါပေမဲ့ ဘာကြောင့်ပါလဲ ပင်လယ်

မင်းဟာ ငါ့ဆီကိုရည်ရွယ်မှ

ဒေါသမာန်ဟုန်တွေသုံးတတ်တယ်

ရက်စက်မှုတွေသုံးတတ်တယ်

အပြင်းအထန် ပေါက်ကွဲပြတတ်တယ်..။

 

လှိုင်းလုံးဖြူလက်နက်တွေနဲ့ ပစ်ပေါက်တာထက်

ငါ့အပေါ်ကိုမှ အသက်ညှာဘူး ဆိုတဲ့အသိဟာ

ငါ့ရင်ကို ပိုနာစေတယ် ပင်လယ်

ငါ့ရင်မှာ နာတယ်…။

 

ငါ့တစ်ကိုယ်လုံးစာ

ပွန်းပဲ့ တိုက်စားရာတွေအထပ်ထပ်နဲ့မှ

မင်းကျေနပ်မှာတဲ့လား…….

လက်နက်အားလုံးကို ရင်ကော့ပြီးခံ

ငါ့သစ္စာအမှန်နဲ့ တိုင်တည်ပါတယ်

အမုန်းကြွေးတွေ ဒီဘ၀နဲ့ ကျေပါစေ ပင်လယ်….။

 

ငါ့ဘ၀ကို အတိုက်စားခံ..

မင်းဖန်တီးတဲ့ ဒေါသမာန်ရဲ့ အသံတ၀ုန်းဝုန်းကြား

ငါ….အားတင်းပြုံးထားမယ်….

မပိရိဆုံး လိမ်လည်မှုတစ်ခုဖြစ်ပါစေဦး…

ငါ ပြုံးထားမယ်  ပင်လယ်…။

 

ငါ့ကို ရက်စက်ချင်သလောက် ရက်စက်စမ်းပါ…….။

 

(နိဂုံး)

ဘယ်လို အငြိုးတရားများကြောင့်

ငါ မင်းကို ချစ်မိခဲ့သလဲ…..

ဘယ်လိုအငြိုးတရားများနဲ့

မင်းငါ့ကို မုန်းတီးရွံရှာသလဲ….

အဖြေမရှိတဲ့ မေးခွန်း သူသတ်တွေ

တစ်ကိုယ်တည်းကြားရုံ အထပ်ထပ်မေး…

မင်းကို

တိတ်တိတ်ကလေး ငေးကြည့်နေခဲ့တယ်…

တိတ်တိတ်ကလေး ငေးကြည့်နေခဲ့တယ်…

တိတ်တိတ်ကလေး……………………….။

 

 

နိုးဆက် နေ့

In: ကဗျာ Posted By: Date: Feb 17, 2013
Comment #1

ဟင်
ဟုတ်ပါဘူးနော်
ပင်လယ်ကကျောက်ဆောင်မရှိပဲနဲခွန်အာ့းဘယ်ရှိမလဲ
ပင်လယ်ကဘယ်လောက်ပဲကြီးကျယ်နေပါစေ ဘယ်လောက်ပဲအစွမ်းထက်နေပါစေ ပင်လယ်နားခိုစရာွေန်အားပေးနေတဲ့ခကျာက်ဆောင်ကြီးမရှိရင် ဘယ်ပြည့်စုံမှာလဲ
ကျောက်ဆောင်ကြီးအားကိုးနဲ့ ပင်လယ်ကအစွမ်းထက်ပြီး အရမ်းမာနကြီးနေတာပါ
ကျောက်ဆောင်မရှိရင်ပင်လယ်လည်းခွန်အားမရှိတော့ပါဘူး

commentinfo By: ei lay at Feb 17, 2013
Comment #2

ကျောက်ဆောင်က ပင်လယ်ကို ချစ်ပါတယ် မြတ်နှိုးပါတယ် တဲ့
တကယ်လား
စိတ်ဆင်းရဲနေတာမဟုတ်ဘူးလား
ပင်လယ်ကြောင့် ဆုံးရှုံးမှုတွေကြီးပဲခံစားနေရပါတယ် အရမ်းလည်းနာကျင်နေရပါတယ်ဆိုတာ ပင်လယ်သိရင် လည်းအရမ်းကိုကြေကွဲဝမ်းနည်းရမှာပါ

commentinfo By: ei lay at Feb 17, 2013
Comment #3

အတွေးလေးကသေသပ်လှပလွန်းတယ်ဗျာ……

commentinfo By: moehtetaung18 at Feb 17, 2013
Comment #4

ကြိုက်တယ်ဟာ

ကဗျာလေးက ငါ့အတွက်တော့ သိပ်ကောင်းတယ်

commentinfo By: သွဲ့သွဲ့ at Feb 17, 2013
Comment #5

ကဗျာလေးဖတ်ပြီး ၀မ်းနည်း ၀မ်းသာ ကြီး… ဖြစ်ကျန်ခဲ့ရတယ်..။ လေးစားတယ်ဗျာ..လေးစားတယ်
ကျွန်တော့အတွက်လည်း သိပ်ကောင်းပါတယ်

(ရစ်လုံး)

commentinfo By: yit lone at Feb 17, 2013
Comment #6

ကျောက် ဆောင် ကြီး ကို ထာ ၀ ရ လစ် လျူ ရှု ထား တဲ့ ရက် စက် နေ ခဲ့ တဲ့ ပင်လယ် ရဲ့ အကြောင်း ပါ မ အိ လေး။ ဒီလို ပင်လယ်မျိုးလည်း တကယ်ရှိတတ်ပါတယ်…။ တကယ် ရှိပါတယ်..ကိုယ်တွေ့ပါ….

အားပေးသူများ အားလုံး ကျေးဇူးပါ…..ခင်ဗျ..။

လေးစားလျက်
နိုးဆက် နေ့

commentinfo By: 13th at Feb 27, 2013
Comment #7

:'(
one sided decision.

commentinfo By: ei lay at Feb 27, 2013
Comment #8

ဘာလို့လဲ မအိလေးရယ်

commentinfo By: နိးဆက် at Mar 10, 2013
Comment #9

နှစ်ဘက်စလုံးကိုတွေးပေစေချင်တာပါ
တကယ်ချစ်တယ်ဆိုရင်

commentinfo By: ei lay at Mar 10, 2013
Comment #10

ဟင့်….ဟုတ်ကဲ့။ ဟင့်

commentinfo By: နိးဆက် at Mar 10, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment