Professional Authors

သက်ရှိကဗျာ (ကြည်မောင်သန်း)

ဟောဒီကမ္ဘာကြီးကို
ဂေါက်သီးရိုက်သလို ရိုက်ပစ်လိုက်ချင်တယ်
မိုက်ရူးရဲရဲ့ အားကစားစိတ်ဓာတ်
ဂလူးကို့စ်နဲ့ လရောင်ကိုရောပြီး
အကြောထဲဆေးထိုးသွင်းချင်တယ်
အာဟာရကိုတန်ဖိုးထားသူ
အပြစ်ရှိတဲ့ လူကြီးတွေက
အပြစ်မဲ့တဲ့ ကလေးတွေကိုမွေးကြတယ်
ခန့်မှန်းရခက်တဲ့ မျိုးဆက်တွေ
ကာမဂုဏ်ခံစားသလို
ရမ္မက်အပြည့်နဲ့ ကဗျာတစ်ပုဒ် ရေးချင်တယ်
မဓာတ်မဲ့တဲ့ညမှာ
စာကြွင်းစားကျန်အဖြစ်
ဒီခေတ်ကြီးကိုထားခဲ့ရမှာအားနာတယ်
ကမ္ဘာ့မြေပုံကိုပုံသေမတွက်နဲ့
မိန်းမတွေထက်ပိုပြီးမိန်းမဆန်တဲ့
မိန်းမအတုတစ်ယောက်နဲ့ ဆက်ဆံရသလို
အနုပညာဆိုတာကိုလည်းသဘောပေါက်ခဲ့ပါပြီ။           ။

 
ကြည်မောင်သန်း

ဇန်န၀ါရီ ၂၀၀၀
ရနံ့သစ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment