Professional Authors

ဘုရားသခင် အသက်မဲ့သွားတဲ့ည

 

 

 

(နိဒါန်း)

ဘုရားသခင်သည်

လူသားယောက်ျားလေးကို ဖန်ဆင်းပြီးနောက်..

သူကိုယ်တိုင် နာကျင်နေသည့်..

ဒုတိယဖန်ဆင်းမှုကို စတင်ခဲ့လေ၏….။

 

(၁)

ကြယ်ကင်းသော ဗလာသက်သက်ကို

ချိတ်ဆွဲကပြရသော ညဖြစ်သည်..

သို့သော် တစ်စုံတစ်ရာသောအလင်းက

မှုံပြပြနှင့်ပင်  တောက်ပ နေခဲ့ချိန်..

တချို့သော လေပြည်ကကြိုးတို့တွင်

ရနံ့တစ်ချို့ ခိုးဝင်လာ၏..

 

ထိုညတွင် စောင်းကြိုးတို့ နိုးထလာကြသည်..

မြေပြင်ထက်မှ ပန်း ဟူသော နာမအသစ်များ..

ဝင့်ကြွားစွာ ထွက်ပေါ်လာခဲ့ပြီ…

ထိုည တွင်……

 

ထိုညတွင်…..

…………………

ဘုရားသခင် သည် …

လူသားမိန်းကလေးကို ဖန်ဆင်းနေလေ၏….။

 

ထိုအချိန်၌ပင်..

တစ်စုံတစ်ရာကို သူဆာလောင်လာခဲ့ခြင်းဖြစ်သည်….

သူမ မျက်ဝန်းထဲမှာလည်း  

အငွေ့အသက်များကို တွေ့လိုက်ရ၏။။

 

(၁)

 

ဒီမိန်းကလေးဟာ

မင်းအရိပ်ကို ခိုလိမ့်မယ်….

မင်းအခက်ကို ချိုးလိမ့်မယ်..

မင်းနှလုံးသားကို စားသုံးလိမ့်မယ်..

မင်းမျက်ရည်မှာ မွေ့ပျော်လိမ့်မယ် အာဒမ်…

သူမကို ဆက်ဖန်တီးဖို့

မင်း လက်ခံနေဦးမှာလား…..။

 

(၁)

သခင်…

ကျွန်တော် အလိုဆုံးဆုမှာ

ကျွန်တော့အရိပ်မှာ တစ်မှေးခန့်

သူအိပ်စက်စေဖို့ဖြစ်ပါတယ်..

ကျွန်တော်ကိုယ်တိုင်ဟာလည်း

နံရိုးတစ်ချောင်းတည်းစတေးပေးရတာ

အားနာ သိမ်ငယ်မိသူဖြစ်ပါတယ်..သခင်..

ကျွန်တော့ကို မမြင်ပါနဲ့..

သူမကို သာ အတင့်တယ်ဆုံးအဖြစ် ထုဆစ်ပါ..သခင်..

ယနေ့ညမှာဘဲ ပန်းတွေပွင့်ခဲ့ပြီမဟုတ်လား…           

သူမဟာ လာခြင်းကောင်းသော မင်္ဂလာတစ်ပါးဖြစ်ပါတယ်..။

 

(၂)

ဒါပေမဲ့  အာဒမ်…

မင်းမနက်ဖြန်တိုင်းမှာ

သူမပျော်ဝင်လာလိမ်မယ်..

အဲဒီလို ပျော်ဝင်လာဖို့မှာ

တစ်စုံတစ်ရာကို သူမခေါ်လာပေလိမ့်မယ်..

အဲဒီအရာကို… ငါမတားနိုင်ဘူး…အာဒမ်..

မင်းလည်း တားနိုင်မှာမဟုတ်လို့…ငါတို့နာကျင်ရလိမ့်မယ်..

အဲတော့

မင်း..မှားယွင်းမဆုံးဖြတ်ပါနဲ့တော့ အာဒမ်

သူမကို ဖန်ဆင်းမှု ငါရပ်လိုက်တော့မယ်….

 

(၂)

သခင်….

သူမသည် ကောင်းသော လာခြင်းဖြစ်ပါသည်…

ထို့ကြောင့် ကောင်းသော ပျော်ဝင်မှုဖြင့် သူမလာပါလိမ့်မည်..

သူမယူဆောင်လာသောအရာမှာ

လက်ဆောင်တစ်ခုသာ ဖြစ်ပါလိမ့်မည်…

မနက်ဖြန်တိုင်းမှာ သူမအတွက် ကြည်နူးသောအခါ…

ကျွန်တော်သည် ထိုရက်တိုင်းတွင် မွေ့ပျော်ရပါလိမ့်မည်..သခင်..

ဆုံးဖြတ်ချက်ကို မပြင်ပါတော့နဲ့..

သူမအား တွေ့မြင်ခွင့်သာပေးသနားပါ…။

 

(၃)

အာဒမ်…

မင်းသိပ် ခေါင်းမာတယ်….မဟုတ်လား..

အဲဒီအကျိုးအပြစ်ဟာ

မင်းအနစ်နာဆုံးတစ်ချက်အဖြစ်..

ဟောဒီ ခေတ်အဆက်ဆက်မှာ ကျန်ရစ်လိမ့်မယ်..

တကယ်တော့

ဒီနေ့ငါ တစ်စုံတစ်ခုကို ဆာလောင်ခဲ့တယ်..အာဒမ်..

အမှန်အတိုင်းပြောရရင်.

သူမမျက်ဝန်းတွေကနေ လျံကျနေတဲ့ ဆာလောင်မှုတွေပါဘဲ…

မင်းနာကျင်ရလိမ့်မ ယ်.. ရှုံးနိမ့်ရလိမ့်မယ်..

သူတို့ရဲ့ မျက်ဝန်းတွေကို အတတ်နိုင်ဆုံးရှောင်ပါ အာဒမ်..

မင်းဆန္ဒနဲ့ သူမကို ဆက်ဖန်တီးပါ့မယ်..

ငါမှာတာကိုသာ မမေ့ပါစေနဲ့….။

 

(၁)

အို….ငါ

မျက်စေ့များ အမြင်မှားလေသလား….

လက်ဖ၀ါး သေးသေးသွယ်သွယ်….

ဆံနွယ်ဆံခက် များနှင့်..

တင့်တယ်ခြင်းတိုင်း တင့်တယ်နေသူ..

တကယ်ဘဲ မင်းဟာ

ကမ္ဘာမြေရဲ့ အဖိုးအတန်ဆုံးလက်ဆောင်တစ်ခုပါဘဲလား…

ငါ့နံရိုးလေးအတွက် ငါကျေနပ်လိုက်တာ..မိန်းကလေး…ရယ်…

 

အဲဒီ ငါ့ထက်မြင့်မြတ်သွားတဲ့ နံရိုးကလေးတစ်ချောင်းဟာ

ဟောသည် ကမ္ဘာအတွက် အကြီးမားဆုံးလက်ဆောင်တစ်ခု

ဖန်ဆင်းပြုစုနိုင်ခဲ့ပြီတဲ့လား….ကွယ်….

မင်းနဲ့အတူ…ပန်းကလေးတွေဖူးပွင့်လာကြပေါ့…

အဲသည်သင်းရနံ့များနဲ့အတူ..ဟောဟိုက ကြယ်ဖြူဖြူကို

ဆွတ်ခူးဦးမယ်မဟုတ်လား…

ဆွတ်ခူးနိုင်မှာပါ……

ကြယ်တွေနဲ့လိုက်ဖက်လွန်းသည့်တိုင်

မင်းဟာ တင့်တယ်လွန်းလှသူပါ  မိန်းကလေးရယ်….။

 

(၁)

ဥယဉ်ထဲတွင် သစ်သီးနီနီများ သီးလာသည်…

ဘုရားခင်သည် တိတ်တဆိတ် အသက်မဲ့သွား၏..

အမှာစကား…..

အာဒမ်……

ပြီးတော့ ဧ၀….

 

ဘာကြောင့်လဲ….အာဒမ်

ဘာကြောင့်လဲ…….။

 

ဘုရားသခင်  အသက်မဲ့နေသည်….။

 

(နိဂုံး)

အာဒမ်သည်

ဧ၀၏ မျက်ဝန်းတွေထဲ စိုက်ကြည့်မိခိုက်..

သူမ ကလည်း ပြန်ကြည့်နေလေသည်…………….

 

နိုးဆက် နေ့

In: ကဗျာ Posted By: Date: Feb 1, 2013
Comment #1

Shin a yann daw de.
🙂

commentinfo By: ei lay at Feb 1, 2013
Comment #2

အဟား….မြောက်သွားပြီ မအိလေး ကျေးဇူးဗျာ ဘယ်နခါမှန်းမသိအောင်ထပ်ပြောတယ်

commentinfo By: n$n at Feb 1, 2013
Comment #3

ဖေဖော်ဝါရီ ဆယ့်လေးအမီရေးတာလား
ကောင်းပါတယ်ရှင်

commentinfo By: မေပျို at Feb 1, 2013
Comment #4

a yan mite tal bro
nice creation 😀

commentinfo By: loafer at Feb 2, 2013
Comment #5

Nice….. mY FrIend …… So NicE

commentinfo By: သီဟန်စိုး at Feb 2, 2013
Comment #6

ကျွန်တော်လေးစားရတဲ့ ကဗျာဆရာတစ်ယောက်တိုးလာပြီပေါ့……

commentinfo By: moehtetaung18 at Feb 2, 2013
Comment #7

ကျွန်တော်လေးစားရတဲ့ ကဗျာဆရာတစ်ယောက်က ကျွန်တော့ကို အားပေးသွားတယ်ဆိုတော့.. ကိုယ့်ကိုယ်ကို ယုံကြည်လာတယ်ဗျာ…

ကျေးဇူးပါ…ကိုမိုးထက်အောင်… နောက်များလည်း အားပေးပါဦး…..

လေးစားလျက်

နိုးဆက် နေ့

commentinfo By: 13th at Feb 2, 2013
Comment #8

ကျွန်တော် အလိုဆုံးဆုမှာ

ကျွန်တော့အရိပ်မှာ တစ်မှေးခန့်

သူအိပ်စက်စေဖို့ဖြစ်ပါတယ်..
………………………………………
…………………………………….
အရမ်းကောင်းတယ်

commentinfo By: နွေ at Feb 3, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment