Professional Authors

ငါတို့အတွေးအခေါ်ဟာ ငါတို့အဆင့်အတန်းပါပဲ။အချစ်ကို ကလေးကစားသလို သဘောမထားနဲ့။

သူ့အဓိပ္ပာယ်ထဲ ကျွန်တော့်ဘာသာဗေဒက အ၀င်ကြမ်းတယ်
ကျွန်တော့်နာမည်ကို လူယဉ်ကျေးတွေရဲ့နှုတ်ခမ်းနဲ့ စုပ်ယူနမ်းရှိုက်ဖို့ ကြိုးစားရင်
မှားမှာပဲ
လူတစ်ယောက်ကို ခက်ဆစ်ဖွင့်တာ ဘာများခက်စရာရှိလဲကောင်မလေးရဲ့
အကျယ်အကျယ်နဲ့ မငြိမ်းဖွယ်တွေ လျှောက်တွေးမနေစေချင်ဘူး

ဒွါရခြောက်ပေါက်နဲ့၊၃၂ကောဋ္ဌာသနဲ့၊ဓာတ်ကြီးလေးပါးနဲ့၊ ခန္ဓာငါးပါးနဲ့
ခြေနှစ်ဖက်လက်နှစ်ဖက်နဲ့၊ပုခုံးနှစ်ဖက်ကြားပေါက်တဲ့ခေါင်းတစ်လုံးနဲ့
အချိန်မရွေးညှီပုပ်နံဟောင်သွားနိုင်တဲ့သွေးတွေကို ထုပ်ပိုးထားတဲ့အရေပြားနဲ့
အဲဒါတွေအားလုံးကို စုပုံမီးရှို့ကြည့်၊ထွက်ကျလာတဲ့ပြာမှုန်ပြာစတွေအထိ
မင်းကို ချစ်ကြောင်း တလူလူ လွင့်ပြလိမ့်မယ်။

သူလိုကိုယ်လို ငွေကို ထွန့်ထွန့်လူး ရှာနေရတဲ့လူငယ်တစ်ယောက်။
စားချိန်တန်ရင် စားချင်တယ်၊အိပ်ချင်တန်ရင် အိပ်ချင်တယ်။ကိုယ်နဲ့အပေးအယူတည့်တဲ့လူကို
စကားပြောမယ်။ငွေပိုငွေလျှံလည်း ရှိပြီး စိတ်လည်း အခန့်သင့်ရင် ပေးကမ်းမယ်။အလုပ်တွေ
တစ်ခုပြီး တစ်ခု ပြောင်းမယ်။ကျွန်တော့်ကို နာမည်လည်း ကြီးစေ၊လူကြိုက်လည်း များစေ၊
စံချိန်တင်ဝင်ငွေလည်း ရစေမယ့် ကဗျာတစ်ပုဒ် ရေးနိုင်ဖို့ အဆင်ပြေတဲ့ဘက်က လှည့်တွေးနေမယ်။
…………………………………..။

တစ်ရက်မှာ (၂၄)နာရီကုန်သွားရင် ဒီနေ့အတွက် လုပ်စရာ ဘာမှမရှိတော့သလိုပဲ။
ကျွန်တော် ချင်တင်ထိုင်တာ တစ်ဖက်ကမိန်းကလေးကို စကားလုံးတွေနဲ့ ကြွသွားအောင် မတာ၊
ဖျားသွားအောင် ကစားတာ၊ပျော့သွားအောင် ကညော့တာ။အဲဒီလုပ်ရပ်တွေကနေ သူ့အတွက်
ကျည်ဆံတွေ ထွက်ကျလာတာဟာ ဇာတ်နာအောင် လွမ်းသွားတာပါပဲ။

ကျွန်တော်တို့က တစ်ယောက်ကိုတစ်ယောက် နားလည်၊သာမာန်လူတွေ အိမ်ထောင်သားမွေးကြသလို
ကျွန်တော်တို့လည်း တစ်နေ့မှာ လက်ထပ်မယ်၊မျိုးဆက်ပြန့်ပွားမယ်။(ငရဲသားကြီးတွေကနေ ငရဲသားလေးတွေ
မွေးဖွားလာသလို မဖြစ်စေချင်)။ကျွန်တော်တို့ဘ၀တွေက ကျွန်တော်တို့နားလည်ထားမှုကို နားမလည်။
ကျွန်တော့်လက်တွေ ကြမ်းတမ်းလွန်းတာ သူ့ဂုဏ်အသရေကို ညှိုးနွမ်းစေတယ်။
ကျွန်တော့်ခန္ဓာအရိုးပေါ်အအရေတင်နေတာ သူ့အပေါ် ပတ်ဝန်းကျင် အမြင်ရိုင်းစေတယ်။

သူ့ပတ်ဝန်းကျင်မှာ ငွေက ပထမလူတန်းစားဖြစ်ပြီး လူက ဒုတိယတန်းစားပြက်လုံးဖြစ်နေ။
ကျွန်တော့်လခထုတ်ရက်က သူ့ကို လမ်းဘေးဆိုင်က လက်ဘက်ရည်ခွက်ထဲ ယက်ကန်ယက်ကန်
နစ်စေတယ်။သူ့လခထုတ်ရက်က ငါးကင်နံ့တသင်းသင်း၊အဲ(ယ်)ကွန်းလေး တညင်းညင်း၊နတ်သောက်တဲ့
ကော်ဖီခွက်တွေ ၀င်းနေတယ်။ကဗျာဆရာကို ချစ်မိတာ လူမဆန်တဲ့ပြစ်မှုအဖြစ် ပတ်ဝန်းကျင်က သူ့ကို
စွဲချက်တင်ထားတယ်။

သူ့လုပ်ဖော်ကိုင်ဖက်တွေက ရွှံ့နွံဆိုရင် သူ့အချစ်က ကုမုဒြာ၊ကျွန်တော့်အတွက် အဲဒီလို သူ ဝေဆာနေပုံကိုက
တန်ဖိုးကြီးမားလွန်းတယ်လို့ တခုတ်တရ တွေးခဲ့။သေချာအောင် ထပ်ပြောချင်တာက မင်းအသက်လည်း
ငယ်တော့တာမဟုတ်ဘူး။အိမ်ပြန်ချိန် တစ်ယောက်တည်းဆို သတိထား။

                                                                                                                          ကိုသျှား

In: ကဗျာ Posted By: Date: Nov 20, 2012
Comment #1

သူ့ပတ်ဝန်းကျင်မှာ ငွေက ပထမလူတန်းစားဖြစ်ပြီး လူက ဒုတိယတန်းစားပြက်လုံးဖြစ်နေ….

commentinfo By: mayviolet at Nov 20, 2012
Comment #2

😛

commentinfo By: ei lay at Nov 20, 2012
Comment #3

ကျွန်တော့်နာမည်ကို လူယဉ်ကျေးတွေရဲ့နှုတ်ခမ်းနဲ့ စုပ်ယူနမ်းရှိုက်ဖို့ ကြိုးစားရင်
မှားမှာပဲ…..
ကဗျာဆရာကို ချစ်မိတာ လူမဆန်တဲ့ပြစ်မှု….

commentinfo By: kyawsanoo at Nov 21, 2012
Comment #4

ကောင်းပါ၏ ………..

commentinfo By: May Kha at Dec 17, 2012
Comment #5

ကဲ တော်တော်ကြာပြီ . . အဆင့်အတန်းတွေကိုတွေးခေါ်ရတာ
တွေးခေါ်ရင်းး အဆင့်အတန်းတွေပြန်ပေါ်လာတာ . . ပြန်ပေါ်လာရင်းတွေးခေါ်ရတာ
လုံးလည်ချာလည်လိုက်နေပြီကွ 😛

commentinfo By: မိငြိဏ်းခက် at Jan 22, 2013
Comment #6

ဒွါရခြောက်ပေါက်နဲ့၊၃၂ကောဋ္ဌာသနဲ့၊ဓာတ်ကြီးလေးပါးနဲ့၊ ခန္ဓာငါးပါးနဲ့ ခြေနှစ်ဖ က်လက်နှစ်ဖ က်နဲ့၊ ပုခုံးနှစ်ဖ က်ကြားပေါက်တဲ့ခေါင်းတစ်လုံးနဲ့ အချိန်မရွေးညှီပုပ်နံဟောင်သွားနိုင်တဲ့သွေးတွေကို ထုပ်ပိုးထားတဲ့အရေပြားနဲ့ အဲဒါတွေအားလုံးကိုစုပုံမီးရှို့ကြည့်၊ ထွက်ကျလာတဲ့ပြာမှုန်ပြာစတွေအထိ မင်းကိုချစ်ကြောင်း တလူလူလွင့်ပြ လိမ့်မ ယ်။
သူ့လုပ်ဖော်ကိုင်ဖ က်တွေက ရွှံ့နွံဆိုရင် သူ့အချစ်က ကုမုဒြာ၊ကျွန်တော့်အတွက် အဲဒီလိုသူဝေဆာနေပုံကိုက တန်ဖိုးကြီးမားလွန်းတယ်လို့ တခုတ်တရ တွေးခဲ့။ သေချာအောင်ထပ်ပြောချင်တာက မ င်းအသက်လည်း ငယ်တော့တာမဟုတ်ဘူး။အိမ်ပြ န်ချိန် တစ်ယောက်တည်းဆို သတိထား။
ကောင်းလိုက်တဲ့ လက်သံဗျာ

commentinfo By: အရိပ်ကလေး at Jan 22, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment