Professional Authors

ဖြေသိမ့်ရာ သီချင်း

ချစ်ယောင်ဆောင်ခဲ့သူ
သူမတူသော သွားတက်လေးများနဲ့
ငါ့ ကဗျာတွေကို
ရင်ထဲက ဆွဲထုတ်သွားရဲ့…

မိုးအဆုံး မြေအဆုံးလို့
ကိုယ့်ကိုကိုယ် ယုံထားပေမယ့်
မတားရက်ခဲ့ဘူးကွယ်
အဲဒီလောက်ကို ငါကျဆုံးခဲ့ပါတယ်…

တပိုင်းတစ ရာသီတွေမှာ
အိပ်မက်ပြာပြာတွေကောက်ရင်း
ငါ့သီချင်းငါညည်းခဲ့ရ
နင့် အပြုံးလင်းလင်းတွေကိုပြန်ကြား
တံတားဟောင်းတစ်စင်းရဲ့ အထီးကျန်ခြင်းနဲ့ပေါ့လေ…

နင်မသိပေမယ့်
သံလွင်တော့သိခဲ့ပါတယ်
နှုတ်မဆက်ချင်ဘူးကွယ်
ပက်သက်မှုတွေအားလုံး စုံးစုံးမြုပ်
အမှတ်တရတွေတောင်
ကျမ်းတစ်အုပ်စာထူခဲ့ပြီပဲ…

ရှိနေတယ် ရှိနေပါတယ်
လိုတဲ့အချိန် တကြည့်လိုက်ပေါ့ကွယ်
အိပ်မက်အလယ်တည့်တည့်မှာ
ငါ ရှိနေမှာပေါ့
ပေါ့ပေါ့ဆဆတော့ မဖြစ်ပါစေနဲ့…

ဆုံတွေ့ခြင်းရဲ့နောက်
ငါ့ ခွန်အားတွေပျောက်ခဲ့ရ
နင့်ဆီက တမ်းတစရာတွေ
ထမ်းထားရတာများလွန်းတယ်…

ယောင်္ကျားတစ်ယောက်ရဲ့ တွေဝေခြင်း
အကုန်ဟင်းလင်းပွင့်မပြတော့ဘူးကွယ်
နှစ်ပတ်လည် သတိတရတွေမှာ
နင်ငါ့ရင်ထဲ ရှိနေမှာပါပဲ
လွဲခဲ့ရတာက
နောက်ကျလို့မဟုတ်ပါဘူး
ကံဦးကံဖျားမှာ  
ငါ ပွင့်လင်းချိန် တိုသွားတာပါ…..

ထာဝရပေါ့ကွယ်
နားလည်နိုင်မှုတွေ ပြည့်ဝ
ချစ်ခြင်းမျက်စိကျတဲ့နေ့မှာ
နင်ငါ့ကို လွမ်းပေးပါ
တနေရာသော နေရာမှာ
ငါ လဲလျောင်းနေခဲ့မယ်ဆိုရင်တောင်မှ
နင့်နာမည် ပါနေအုံးမှာပါ…. 

In: ကဗျာ Posted By: Date: Nov 20, 2012
Comment #1

🙂

commentinfo By: ei lay at Nov 20, 2012
Comment #2

ဆုံတွေ့ခြင်းရဲ့နောက်
ငါ့ ခွန်အားတွေပျောက်ခဲ့ရ
နင့်ဆီက တမ်းတစရာတွေ
ထမ်းထားရတာများလွန်းတယ်…

အဲ့ဒီ့စာသားလေးကိုကြိုက်တယ်ဗျာ…အဖြစ်ချင်းတူနေလို့ပါ..။

commentinfo By: violet-13 at Nov 20, 2012
Comment #3

တပိုင်းတစ ရာသီတွေမှာ
အိပ်မက်ပြာပြာတွေကောက်ရင်း
ငါ့သီချင်းငါညည်းခဲ့ရ
နင့် အပြုံးလင်းလင်းတွေကိုပြန်ကြား
တံတားဟောင်းတစ်စင်းရဲ့ အထီးကျန်ခြင်းနဲ့ပေါ့လေ…

အရမ်းကောင်းတယ်ရှင့် .. အဖြစ်တူနေတာမို့ပါ

commentinfo By: မေပျို at Nov 20, 2012
Comment #4

ကောင်းတယ်ဗျို့။

commentinfo By: miss tower at Nov 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment