Professional Authors

သံလွင်ကဝေ

ပြန်တွေ့ကြ အုံးမှာပေါ့ သံလွင်..
ကြယ်ကြယ်ချင်း ယှဉ်မှသဘာဝကျတယ်ဆိုရင်
ငါ မခင်တော့ပါဘူး
ထူးထူးမိုက်မိုက် ဆောင်းတွေခိုက်ခိုက်တုန်ချိန်ကျ
တို့ တွေ နက္ခတ်တိုက်မှာပေါ့…

ကိုယ့် လှေကိုယ်လှော်ရင်း
မြစ်တွေဖြတ်နင်းသွားကြပေါ့လေ
ဆိုခဲစေမြဲစေ
တိတ်တိတ်ဆိတ်ဆိတ်နေခဲ့မယ် မိသံလွင်..

ပျိုးခဲ့တဲ့ အနာဂတ်ကို ဖက်တွယ်ရင်း
တို့ အိပ်မက်ချင်းလွဲခဲ့ကြ
သတိမရပါနဲ့မိသံလွင်
သေသေရှင်ရှင် မခေါ်ချင်စမ်းပါနဲ့လေ
ပေရေတဲ့လက်နဲ့ပဲ ငါ လက်တွဲဖြုတ်ခဲ့ပါရဲ့…

အလီလီသော မျက်လုံးတောင့်တွေမှာ
သာသာယာယာ မပုန်းပါနဲ့ မိသံလွင်
ဝါဆို မဟုတ်ရင်ပြာသိုဖြစ်လိမ့်မပေါ့ကွယ်
ငါ့ကိုသာ တကယ်မုန်းသွားစမ်းပါ
အဲဒီမျက်ဝန်းပြာကို စစ်ပွဲတစ်ရာထက် ငါ ကြောက်ပါရဲ့…

ချစ်ပါတယ် မိသံလွင်
နင် လူမထင်ခဲ့တဲ့အရာတွေထဲ
ကဗျာတွေလဲ သိပ်သိပ်သည်းသည်းပေါ့
အတိတ်တွေကိုပြန်ဖွလဲ တွဲမရမယ့်အတူတူ
ငါ့ကိုသာ ကူညီပြီးမုန်းပေးစမ်းပါကွဲ့
မိုးကုတ်စက်ဝိုင်းတွေ သမိုင်းကြောင်းဖွဲ့ရင်း
ဖြည်းဖြည်းချင်း အနာကျက်မှာပေါ့…

မိုးတတွင်းထက် ထန်တဲ့ မျက်ရည်
ငါ့အတွက် ပင်လယ်သေတစ်ခုဖြစ်ခဲ့ပြီ မိသံလွင်
ပန်းရောင်မာယာတွေ ပီပြင်ေ၀၀ါး
တရားအသစ်အသစ်တွေရှာပါ မိသံလွင်
ရင်ခုန်ချင်ရင်တော့ ငါ့ကိုရှောင်ပေးပါ…

ထာဝရဆိုတာတွေ ထားခဲ့ကြတာပေါ့
သစ္စာတွေ မစူးဖို့ဆုတောင်းပါ မိသံလွင်
ငါကတော့ လာရအုန်းမယ်ကွဲ့
မျက်နှာချင်းဆိုင် မျက်လှည့်မပြကြေးကွယ်
တကယ်ဆို တို့တွေ
အလွမ်းနဲ့ပဲ ဖြေကြရုံပေါ့…

ငါမမှားပေမယ့် ထားလိုက်ပါ မိသံလွင်
လိုလိုချင်ချင် လျော်သွားလိုက်ပါတယ်
နင့်ရဲ့ စက္ကူတရားကိုနားယောင်ရင်း
တံတားတွေလဲ မှုန်ဝါးခဲ့ပြီးပြီ
တောင်းပန်တာလဲ အခါခါပါ မိသံလွင်
အရိုးသားဆုံးဆိုလိုက်ချင်ပါရဲ့
ပြုစားခြင်းကင်းနိုင်တဲ့ နေ့မှာ
ကတိပြုစကားတခွန်းသာ ငါ့ဆီ
ရင်ခုန်သံပါးလိုက်ပါ…. 

In: ကဗျာ Posted By: Date: Oct 16, 2012
Comment #1

so nice

U’ll get what u give.
U r what u did.
Bravo.

commentinfo By: ei lay at Oct 16, 2012
Comment #2

အံ့ဖွယ်ပါပဲ.

commentinfo By: May Kha at Nov 12, 2012
Comment #3

မိသံလွင်….. နာမည်ကြားတာနဲ့ ရင်ထဲမှာ ဗလောင်ဆူတယ်ဗျာ…

ကဗျာလေး အားပေးသွားပါတယ်

commentinfo By: 13th at Jan 30, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment