ညီမလေးမမမြင့် (မောင်ချောနွယ်)
(က)
မြောက်ကျွန်းသူအတုလကာရီရဲ့
တစ်စလည်ဝင် ထမင်းအိုးလေးဟာ
ရဟန္တာ အပါး၅၀ဝကို
ဆွမ်းကပ်လှူနိုင်သတဲ့ကွ …
ညီမလေးမမမြင့်ရဲ့
ရွှေသားသံယောဇဉ်ကလည်း
ကိုယ့်ဘဝတစ်ခုလုံးကို
ကျန်းမာဝေဆာအောင်
ကဗျာဆရာဖြစ်အောင်
ဖြည့်စွမ်းပေးနိုင်ခဲ့ပါတယ်။
ညီမလေးမမမြင့်ရေ
မမြဲတဲ့အနိစ္စတရားကမြဲလွန်း
တို့တွေမောင်နှမလိုနေကြမယ်ကွယ်။
သူငယ်ချင်းသုခမိန်ရေ
မင်းက ပဏ္ဍိတလမ်းမှာနေတယ်
မင်းကသုခမိန်လမ်းမှာနေတယ်ဆိုတော့
ငါ့အတွက် အင်နာဗွန်စီရယ်
အသည်းဆေး လင်ဗိုလင်ရယ်
အင်နာဗွန်စီရယ် ဝယ်ဖို့
မြန်မာကျပ်ငွေတစ်သောင်း အမြန်ပေးပါကွယ်…။
ညီလေး မောင်ပြည့်မင်းရေ
မင်းရဲ့နောက်ဆုံးဒြပ်စင်ထဲက ဇာတ်လိုက်ဟာငါပေါ့ကွာ
နောက်ဆုံးလက်ကျန် အရက်တစ်ခွက်ကိုငြင်းဆို
သီချင်းဆိုပြီး ပြန်ခဲ့တယ်
မင်းဟာ နာမည်နဲ့လိုက်အောင် ပြည့်ပြီး
နာမည်နဲ့လိုက်အောင် ပြည့်သူပါကွာ
ခုတော့ ဥက္ကလာဟိုးမားမှာနော်။
ငွေကြာယံက ဇိမ်ခံတိုက်ကြီးနဲ့
သူငယ်ချင်းကိုကျော်လှိုင်ရေ
ကဗျာအင်ဂျင်နီယာရင်းမှာ
ခင်ဗျားက
ကမ္ဘာခြားရဲ့အသင်းဝင်တစ်ဦးပါ။
ငါ့တူလေး လူဆန်းရေ
မင်းကတော့ မော်တော်ဆိုင်ကယ်လေးတစ်စီး
စုန်ဆန်လို့ ပဲခူးနဲ့ပုဂံ စုန်ချည်ဆန်ချည်
မင်း ပန်းတွေဘာတွေ ဆက်ခဲ့ရဲ့လား
Mount ပုပ္ပားရဲ့ နေဝင်ချိန်တွေ
သိပ်လှတာပဲကွယ်။
တောင်ဆီမှာမိုးတွေညို့ရင်
မောင်ဖီလာရယ် ငါ့ကိုပဲခူးကိုပို့ပါကွယ်
ရေထဲမြို့ကလေးက ညီလေး မောင်သက်ငြိမ်ရယ်
မင်းရဲ့ ကရင်ရွာက ဘုရားကျောင်းမှာ
ခေါင်းလောင်းသံလည်း မကြားရကြာပြီ
မင်းညီမလေးနဲ့ သမီးလေးရော နေကောင်းရဲ့လားကွာ
သော်ကဘုရားကြီးလည်း ဖူးချင်တယ်
ဝါးခယ်မဘုရားကြီးနဲ့ပြန်မလော့မြစ်မှာ ရေချိုးချင်တယ်
လမုသီးလေးနဲ့ တောအရက်လေးကိုလည်း
ဆန္ဒပြင်းပြင်းရှိတယ်
ပြန်မလော့မြစ်ရဲ့ နေဝင်ချိန်လေးကို ရှုစားချင်တယ်
ယောကျာ်းချင်းအချစ်နဲ့
ယောကျာ်းချင်းအချစ်ရှိခဲ့တယ်ဆိုရင်
အဲဒီဗိုင်းရပ်စ်ပိုးကို ငါအရင်တွေ့ရှိတာပါကွယ်။
မုံရွာကတင်ကိုကိုရေ
မင်း အရင်လိုအချစ်တွေ ငါ့အပေါ် ရှိသေးရဲ့လား
ငါလာခဲ့မယ်ကွယ်။
မုံရွာက အညာသားလေး မင်းဆွေနှစ်ရေ
မင်းရဲ့ ဆူပါရုဖ်ကားလေးနဲ့ ငါ့ကို
မုံရွေးကြေးမုံကို ပို့ပါကွယ်
အဲဒီမှာ ဆရာကြီးမှိုင်းရဲ့ တော်လှန်ကဗျာတွေ ရှိတယ်ကွဲ့
တော်လှန်ကဗျာဆရာကြီး
တော်လှန်သောကဗျာတွေ အပွင့်ဆန်း
ချောင်းနံဘေးမှာ အောင်ချမ်းသာဇီးသီးလေးဘာလေး
စားရင်း
သူများမကောင်းကြောင်း ကိုယ့်မကောင်းကြောင်း
ကမ္ဘာကြီးမကောင်းကြောင်းတွေ ပြောကြတာပေါ့ကွာ။
အနီးစခန်းက ညီလေး မြတ်ပေါ်ဦးရေ
မင်းရဲ့ ဂန္ဓမာပန်းခြံထဲမှာ ဂစ်တာတစ်လုံးနဲ့
မာယာကော့စကီရဲ့ ကဗျာတွေရွတ်ရင်း
ကဗျာဆရာကွယ်လွန်ရင်
ကဗျာနဲ့ သရဏဂုံတင်ရတယ်ဆိုတာ
ငါပြောခဲ့တယ်လေ
မင်းကောင်းကောင်းမှတ်မိမှာပါ။
ဒုဌဝတီမြစ်ကမ်းနံဘေးက
ကြွက်နဖားတောင်ကြီးရဲ့ နေဝင်ချိန်က သိပ်လှတာပဲကွယ်
ကင်မရာမင်းလေး မောင်စိုးရဲ့
ကြွက်နဖားတောင်ကြီးရဲ့ နေဝင်ချိန်တွေကို
မင်းရဲအလှဆုံးရိုက်ချက်နဲ့ ရိုက်ခဲ့တယ်နော်
ငါကောင်းကောင်းမှတ်မိပါတယ်
နေဝင်ချိန်တိမ်တောက်လို့
ပျိုကြောက်ပါတဲ့ ဒီအချိန်ဆိုသီကာ
လှည်းယဉ်ကြော့လေးမောင်းလို့
တောသူမလေးရဲ့ ရင်သိမ့်တုန်သံမှာ
တို့ရဲ့ သောတာရုံမှာ လွတ်လပ်ငြိမ်းစေခဲ့တယ်နော်။
ကိုသန်းထွန်း မုံရွာ မီးရထားလမ်းနံဘေးက
လက်ဖက်ဆိုင် ကဖေးဆိုင်လေးမှာ
ရဲခဲ့ဘိ အစဉ်အလာနဲ့ အလံလွှင့်ထူ
ခင်ဗျားလက်နက်မချသေးဘူးမဟုတ်လား
ကျုပ် ဂုဏ်ယူတာ
ကုန်းဘောင်သူပုန် ဂဠုန်ဆရာစံ
ငုယင်ဗန်ထရွိုင်း
အတိုင်းမသိတဲ့တိုက်ပွဲမှာ ခင်ဗျားပါဝင်ခဲ့တယ်နော်
ဗိုလ်အောင်ကျော်
အို…ဟယ်ရီတန်
စီးအန်ပွက်ပွက်
သင့်သွေးစက်သည်
ခေတ်သစ်ဆီကို ရော်ရည်နိုင်စေသတည်း။
မီးလိုပူကြွ ငါ့ရင်ဝက
တသခဲ့တဲ့ ငါ့ရင်ဝက တသခဲ့တဲ့ ကဗျာ
အို… ဂျိုးဖြူရယ် ကူပါ့သံတွေ
လူ့မြေ လှပစေလော့
ငါ့ရင်ဝက တသခဲ့တဲ့ ကဗျာ
အော့ဇဝစ် အကျဉ်းစခန်းက
ညီသူငယ်ချင်း တင်အေးကြူ မောင်မှိုင်းလွင်ရေ
ခင်ဗျားရဲ့ချစ်သူ ညီမလေးခင်မိုးကျော်
ရွက်ကြွေတောအုပ်နဲ့ မိချောင်းရဲသုဿန်လေးက
စောင့်နေတယ်လေ
ခင်ဗျား လွမ်းသူ့ပန်းခွေချဖို့ ပြည်ကိုလာခဲ့ပါဦး
နှလုံးနဲ့တည်ဆောက်ခဲ့ရတာက
ခေတ်ရယ် ကမ္ဘာကြီးရယ်ပါ
ဒါပေမယ့်
ကမ္ဘာကြီးက ပြားပါတယ်ဗျာ။
ပင်လယ်ရေပြင် အမြင့်ပေ သုံးသောင်းကျော်က
ညီလေးမူးမူးရယ်
မင်းအနုပညာမှော်တွေ အောင်ခဲ့ပြီကွာ
မင်းပထမကျော်တွေလည်း ရခဲ့ပြီကွယ်
သူငယ်ချင်းမင်းသစ်ရယ် ရှယ်လီထွားရယ်
ကျွန်တော်တို့တစ်တွေ ဂစ်တာလေးတစ်လုံးနဲ့
ကျွန်တော်တို့တွေ ဂစ်တာတီး တေးဆိုကြမယ်ဗျာ
ဤအိမ်တော်မှာ ကောင်းခြင်းမင်္ဂလာပြည့်စေသတည်း
ဤအိမ်တော်မှာ ငြိမ်သက်ခြင်းလည်း ရှိပါစေပေါ့
ပျော်ရွင်ခြင်းလည်း ရှိပါစေပေါ့။
တောင်သမန်အင်းက လေညင်းရယ်က ဆော်
အစ်ကိုကြီး ကိုလေးအင်းဝဂုဏ်ရည်ရယ်
မောင်ပေါက်စည် မန်းတက္ကသိုလ်ရယ်
အိုင်ဗင်နော့ရယ်
ကျွန်တော်တို့တတွေ တောင်သမန်အင်းမှာ
ငါးကြော်နဲ့ ထမင်းစားကြမယ်
ပြီးရင်
ဟောဒီလို တေးသီကြမယ်ဗျာ
ဟောဒီလို တေးသီကြမယ်ဗျာ
“ငါသည် မှန်သော စပျစ်နွယ်ပင်ဖြစ်သည်
ငါ့ခမည်းတော်သည် ဥယျာဉ်မှူးဖြစ်ဖူးပြီး
အသီးမသီးသော အခက်ရှိသမျှ ခုတ်မည်တည်း
အသီးသီးသော အခက်တို့သာတည်စေတော်မူသတည်း”
သုံးကြိမ်သုံးခါ ဆိုပြီးသကာလ ငါးကြော်နဲ့ အင်းဘေးမှာ
ထမင်းကြော် လွေးကြတာပေါ့ဗျာ။
သူငယ်ချင်းသုခမိန်ရေ
သီချင်းရဲ့ လပေါ်က ဘီယာဆိုင်ကိုသွားကြမယ်
အဲဒီမှာ
တောအရက် ငါးပုလင်း
တောင်ဆိတ်သားငါးကောင်
ငါးကင်၊ ဒိန်ခဲ၊ ကြက်ကင်နဲ့
ကဗျာတွေ ရွတ်ဖတ်သရဇ္ဈာယ်ကြမယ်
ပျော်တယ်ဗျာ
ညီမလေးမမမြင့်ရယ် မောင်နှမလို နေကြမယ်ကွယ်
ခေါ်မယ်နော်
အစ်ကိုနဲ့ညီမတွေကို ခေါ်မယ်
ညီနဲ့ညီမတွေကိုခေါ်မယ်
အားလုံးပဲပျော်ကြမယ်
ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးပွဲတော်
ခေါ်မယ် ခေါ်မယ် ပျော်မယ် ပျော်မယ်
အားလုံးပဲ ပျော်ကြမယ်
ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးပွဲတော်
အစ်ကိုတို့ရေ အရပ်ကတို့ရေ
ဘုရားဒကာပါခင်ဗျား
သနားမညှာတာမလုပ်လိုက်ပါနဲ့
ဘုရားဒကာပါခင်ဗျား
ဒုက္ခိတနဲ့ နာတာရှည်ပါခင်ဗျား
မသနားမညှာမတာ မလုပ်လိုက်ပါနဲ့
တောင်စွယ် နေကွယ်ရင်ကွယ်
ရွှေဓားဆွဲကာ သတ်မယ်တဲ့
တကယ်ပါပဲဗျာ လူ့ဘဝကြီး အကြီးအကျယ်မုန်းစရာ
ကျုပ်ဖြင့် အလွန်မုန်းသဗျာ
အာဂျန်းဆိုတဲ့ သွားအဖွေးသားနဲ့
ငါ့ကလေးလေးရေ
မင်းဟာလေ နတ်သားလေးပါပဲကွယ်
ညီမလေးမမမြင့်ရေ
မမြဲတဲ့ အနိစ္စတရားကမြဲလွန်း
တို့တွေ ရှုံလွန်းလှတယ်ကွယ်
ညီမလေးမမမြင့်ရေ
လေးစားပါတယ် ဂုဏ်ယူပါတယ်။
(ခ)
ငါဖွဲ့ဆိုစပါသီတဲ့ကဗျာလေးတွေသာ သီဆိုပါ
သုခစာပေတိုက်က ညီလေးမောင်သီဟရေ
မင်းဟာ ကေသရာဇာပါ
ငါ့ကဗျာလေးတွေကို မျှဝေခံစားကြပါ
မြို့သစ်က တိုးနှောင်မိုးလေးရယ်
မောင်စွမ်းသာရယ်
ကောင်းဟန်
မိုးသောက်ကြယ်ရယ်
ငါတို့တွေ အိမ်ရှေ့မင်းထန်းတောမှာ
ဗယာကြော်စားသုံးရင် ဘေးဘယာတွေ ကျော်ရမှာပေါ့
နာကျင်တာဒဏ်ရာပေါ့
ဒဏ်ရာဆိုတာ ကဗျာ
ဒဏ်ရာဆိုတာ သစ္စာတရား
ဒဏ်ရာဆိုတာ ချစ်ခြင်းမေတ္တာ
လောကကြီးကိုတော့
ဥပေက္ခာရေပိုင်နက်ထဲမှာ
ငါးမန်းစာကျွေးတာပေါ့
အဝိဇ္ဇာဆိုတာ အင်မတန် ခွန်အားရှိလေရဲ့
သူတို့တစ်တွေ ဆာလောင်နေကြပြီ။
ပဲခူးမြရေ
မြကလေးရဲ့
ရှိုးပြပြတယ်လို့ မဖြစ်ချေဘူး
ပျိုးချသမျှဟာလည်း
ပိုးကျလို့နေချေပေါ့
ပိုးကျလို့နေချေပေါ့
ကဗျာ ဒီလန်သောမတ်တို့
ကန်မ်တာကလော့တို့
ဆယ်ဗယ်ယာပလပ်တို့
တက်ဒ်ဟူခ်ျတို့
ဟေးမတ်ရှေနီတို့
အော်ဒင်တို့ မင်းကလည်းကွာ
ယောကျာ်းဧကန်စစ်စစ် ဖြစ်လျက်သားနဲ့များ
ဖင်လေးရတယ်
ဂျန်အံ့ဒင်းဗားရေ
မင်းရဲ့ ချစ်သောမြစ်ကြီးရော
ကျန်းကျန်းမာမာပဲမဟုတ်လား
ငါကတော့ ဆီမီးခွက်လောက်ရှိတဲ့
တိုင်းငယ်ကလေးက ကဗျာဆရာပါ
သူရသတ္တိကြီးမားလှစွာ
နေပူလေပူမှာ ခြေပူခံရင်း
အထူးထူးဆန်းပြားသော ကဗျာတွေစပ်လို့ပေါ့
ဗင်းနစ်မြို့သား ကုန်သည်ကြီးရေ
မင်းနဲ့ငါ ပြဇာတ်သွားကြည့်ကြတာပေါ့။
ပျဉ်းမနားသား ကဗျာဆရာလေး ကိုသက်ရေ
ဝီလျံလင်းရေ
ခင်ဗျားစာတွေဖတ်ဖို့
ကျုပ် ပြည်ကိုလာဦးမယ်
ကျနော့်ကို နှစ်အစိတ်လောက်
ထောက်ပံ့ခဲ့တဲ့ ခင်ဗျားကို
ကျုပ်ရဲ့မြကျွန်းတက္ကသီလာကြီးလည်း
နှစ်ရှစ်ဆယ်
အရွယ်ရောက်ခဲ့ပါပြီဗျာ။
ညီမလေး
မမမြင့်ရေ မောင်နှမလိုနေကြမယ်
အနုပညာငှက်ကလေး ပျံတော့မယ်
မပျံနိုင်သေး ညီမလေး
ညီမလေးရယ်
တောပွဲလေးမှာ ဆွေးရဦးမယ်
ရှင်ဥတ္တမကျော် ရွှေစက်တော်တောလား
ရတုဘုရင် နတ်သျှင်နောင် ပြည်နဝဒေး
နှမလက်လျှော့
နေလေတော့ဟု
ချစ်ခွင့်မကြုံ
ညှိုးငယ်ရုံမျှ
ငှက်သွင်ပျံကြွမတတ်သော်တဲ့
မပြန်နိုင်သေး
ညီမလေးရယ်
မပြန်နိုင်သေး
တောပွဲလေးမှာ
ဆွေးရဦးမယ်ကွယ်
ပလိပ်မြို့ မြွေဘုရားပွဲမှာ
(မြိတ်) ဘိတ်မြို့ညီငယ်ကဗျာဆရာလေး
ရဲဘုန်းခေါင်ရေ
မင်းကတော့ ဘိတ်အကျဆုံး
မကြာမတင်မှာတော့
မကြာခင်မှာတော့
မင်းရဲ့မင်္ဂလာဖိတ်စာရယ်
ငါဖတ်ရမှာပါကွာ။
သားလေးကို အားပေးပါဦးကွယ်
ကန့်လန့်ကာကြီးရယ် နေပါဦး
ကလို့ ကောင်းနေတုန်း
ရွာစားကြီးရယ် တီးလိုက်ပါဦး
ဆိုလို့ကောင်းနေတုန်း
မိုးမိုးချစ်လို့လား
မိုးမိုးလှလို့လား
ညီလေးမိုး ကျန်းမာပါစေ…
မေတ္တာဖြင့် မောင်ချောနွယ် …။
အေးကွာ မင်းတို့ညီအစ်ကိုနဲ့ အေးစေတီဘုရားပွဲမှာ ကခဲ့တာတွေရော၊
ရွှေစည်းခုံဘုရားပွဲမှာ ကခဲ့တာတွေရော ပြန်လည်လွမ်းမောမိပါတယ်။
မင်းတို့လည်း ကောင်းခဲ့ပါတယ်၊ ငါလည်းကောင်းခဲ့ပါတယ်။
ခုလို ကွဲကွာနေရတာလည်း ကြာလှပြီပေါ့နော်။ ချစ်ခြင်းမေတ္တာတွေ
စီးလျက်သာတည်းပါကွာ။ တေးသီငှက်တွေ သီမြဲပါကွယ်။
ပန်းသစ်လေးတွေ သစ်မြဲပါကွယ်။ ပန်းဆိုတာ ကြွေတာကကိုက
ပွင့်ခြင်းပါ။ One flower flow down flower blossom
ပေါ့လေ။ပန်းတွေ ပန်းတွေ အရမ်း အရမ်းပဲ ပွင့်နေကြတယ်
ညီမလေးမမမြင့်ရယ်။ အိမ်မှာ ကျောင်းမှာ လမ်းမှာ ညီမလေးနာမည်နဲ့
အရမ်း အရမ်းကို ပွင့်နေကြတယ်ကွယ်။ ကိုယ့်အသည်းကို
အာထရာဆောင်းရိုက်ကြည့်တော့ ပန်းပွင့်လေးနာမည်က
ညီမလေးမမမြင့်တဲ့ … ။
မောင်ချောနွယ်
(ခေတ္တ-စိတ္တဇဆေးရုံ)
( ဟန်သစ်မဂ္ဂဇင်း ၊ ၂၀ဝ၂ အောက်တိုဘာ )
Comment #3
အရမ်းကြိုက်ခဲ့ဖူးတဲ့ကဗျာတွေပေါ့။ ပန်းဆိုတာ ကြွေတာကကိုက ပွင့်ခြင်းပါတဲ့။ အိမ်မှာ၊ ကျောင်းမှာ၊ လမ်းမှာ…..
By: aks at Aug 7, 2012
Comment #4
wowwwwwwwww
really amazing
By: ei lay at Aug 8, 2012
Comment #5
အေးကွာ မင်းတို့ညီအစ်ကိုနဲ့ အေးစေတီဘုရားပွဲမှာ ကခဲ့တာတွေရော၊
ရွှေစည်းခုံဘုရားပွဲမှာ ကခဲ့တာတွေရော ပြန်လည်လွမ်းမောမိပါတယ်။
မင်းတို့လည်း ကောင်းခဲ့ပါတယ်၊ ငါလည်းကောင်းခဲ့ပါတယ်။
ခုလို ကွဲကွာနေရတာလည်း ကြာလှပြီပေါ့နော်။ ချစ်ခြင်းမေတ္တာတွေ
စီးလျက်သာတည်းပါကွာ။ တေးသီငှက်တွေ သီမြဲပါကွယ်။
ပန်းသစ်လေးတွေ သစ်မြဲပါကွယ်။ ပန်းဆိုတာ ကြွေတာကကိုက
ပွင့်ခြင်းပါ။ One flower flow down flower blossom
ပေါ့လေ။ပန်းတွေ ပန်းတွေ အရမ်း အရမ်းပဲ ပွင့်နေကြတယ်
ညီမလေးမမမြင့်ရယ်။ အိမ်မှာ ကျောင်းမှာ လမ်းမှာ ညီမလေးနာမည်နဲ့
အရမ်း အရမ်းကို ပွင့်နေကြတယ်ကွယ်။ ကိုယ့်အသည်းကို
အာထရာဆောင်းရိုက်ကြည့်တော့ ပန်းပွင့်လေးနာမည်က
ညီမလေးမမမြင့်တဲ့ … ။
By: Chaw Na Kyal at Jun 4, 2018




Comment #1
ဒီကဗျာ ကျွန်တော် အရမ်းကြိုက်တယ်