Professional Authors

နွေဦးသစ်သီးများ (မောင်ချောနွယ်)

ငါ့သီချင်းလေးနဲ့သာ
ငါ့လှေကလေး ငါလှော်ခဲ့၊
ငါ့အသက်ကလေး
ငါထွန်ယက်ခဲ့၊
ငါ့ဥစ္စာထုပ်ကလေး ဘယ်မလဲ
ငါရောက်ခဲ့၊
ရမှရောက်တယ် ငါသိခဲ့
ငါ့ဥစ္စာထုပ်ကလေး ရှိပါရဲ့
ဘယ်မလဲ
ငါရခဲ့
ရောက်မှရတယ် ငါသိခဲ့၊
ငါရခဲ့
အဲဒါ အရှုံးလား
အရှုံးကို ခံယူတယ်
ဒါဟာ
ငါ့မီးလျှံ
ငါခုန်ဆင်း
ငါ့ယာခင်းတွေ ပူလှသည်
ဒါဟာ
ငါ့မီးလျှံ
ငါခုန်ဆင်း
အဆုံးတွေ ဆင့်ဆင့်ရလွန်းခဲ့
ငါ့ယာခင်းတွေ ပူလှချည့်
ငါထွန်ယက်ခဲ့
ရလည်းရတယ်
ရောက်လည်းရောက်တယ်
ပေါက်ပွင့်နီရဲ
ဒိုင်းကနဲပေါ့
နွေကို ရဲရဲဖွင့်လိုက်ပြီ
ဒါဟာ ငါ့မီးလျှံ
ဒါဟာ ငါ့ဥစ္စာထုပ်
ဒါဟာ ငါ့ယာခင်း
ငါ့နွေပြတင်းမှာ ရွှေရည်ရွှေအဆင်းတွေ
လင်းတော့မယ်။ ။

မောင်ချောနွယ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment