Professional Authors

ပန်ဒိုရာထဲက နောက်ဆုံးအရာ – ဒီရေလှိုင်း

ပန်ဒိုရာထဲက နောက်ဆုံးအရာ
သူလေး တို့ကို ပေးခဲ့ပါ ။
အလွမ်းဆိုတာ
ဆယ်ကျော်သက်အရွယ်ထဲက
တစ်ကယ်အဖော်ဖက်လို
မခွဲမခွာ မမြဲသာတွဲကာ နေခဲ့တယ် ။
ဘ၀ကြိုးဝိုင်းမှာ အချစ်ပြိုင်ဖက်နဲ့ ရင်ဆိုင်လိုက်တိုင်း
ရိုင်းတဲ့ကြမ္မာ ကြေကွဲဒါဏ်ရာ အလွမ်းတွေသာရခဲ့တယ် ။

ဘ၀ဖတ်စာအုပ်မှာ
လွမ်းစာမျက်နှာ ၊ အလွမ်းကဗျာ
အလွမ်းစကား ၊ လွမ်းတံတားနဲ့
အလွမ်းခရီး အလွမ်းမီးသာ ၀ိုင်းခဲ့တယ်
လွမ်းမှုဗေဒ ၊ လွမ်းဒဿနနဲံ့
လွမ်းရရေးရာ ကြုံပါများတော့
အလွမ်းဖော်နဲ့ အလွမ်းပျော်သူဖြစ်ခဲ့တယ် ။
အခုတော့လေ
အလွမ်းဇာတ်တွေ တစ်ခန်းရပ်ခဲ့
လွမ်းရခရီး သည်ဘ၀ပြီးပြီထင့်
လွမ်းမီးပူပူ အလွမ်းဆူကို
သူကူငြိမ်းလို့
လွမ်းမှုတွေသိမ်းခဲ့ပြီ ။
သူရဲ့ ကဗျာတစ်ပုဒ်ဟာ လွမ်းရုပ်ကို ချုပ်စေခဲ့တယ်
သူရဲ့ ကဗျာတေးဟာ လွမ်းဆွေးကို ဝေးစေခဲ့တယ်
သူ့ရဲ့ကဗျာစာဟာ လွမ်းဘ၀ကို သာယာစေခဲ့တယ် ။
ခန်းခြောက်နေတဲ့ မြစ်တစ်စင်းဟာ အသစ်စီးဆင်း အားမာန်တွေပြင်းခဲ့တယ်
မှောင်မိုက်တဲ့ညဟာ လမင်းရာထောင် ၀င်းပြောင်သလို လင်းလက်ခဲ့တယ်
ဘ၀မီးပြင်းပူပူဟာ ဆီးနှင်ဖြူဖြူလိုအေးမြ လှပလာခဲ့တယ်
အတွင်းကြေ ဒါဏ်ရာတွေဟာ အပျင်းပြေကြံစရာလို့တောင်ထင်ခဲ့တယ်
မှုန်ဝါးနေတဲ့ ဘ၀ပုံရိပ်များ ပြတ်သားစွာထင် ရှင်းလင်းမြင်ခဲ့တယ်
အိပ်မက်ဆိုးကနိုးထ ပီသတဲ့ဘ၀ ပြန်ရခဲ့တယ်
သူ့လေးကြောင့် တို့ရဲ့ဘ၀ ပိုပြီးလှပခဲ့တယ် ။
အသစ်ပြန်စ လှလာတဲ့ဘ၀ ပိုပြီးလှအောင်
ပန်ဒိုရာထဲက နောက်ဆုံးအရာ
သူလေး တို့ကိုပေးခဲ့ပါလို့ ။

In: ကဗျာ,Others Posted By: Date: Jul 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment