Professional Authors

သူမထွက်ခွါပြီပေါ့-ရွှေကြယ်မိုး

သူမ…ထွက်ခွါပြီပေါ့

စောစောကတော့ ကျောက်တိုင်ကီလေးရဲ့ နံဘေး
ကျောက်ကြွေပြားလေးထက်မှာ သူမ မျက်နှာသစ်နေခဲ့သေးတယ်

သူမ…ထွက်ခွါပြီပေါ့

သစ်စိမ်းပင်တွေကြားက ဆံပင်ရှည်နဲ့
မှောင်ရိပ်ကြားမှာ ကြေးမုံတစ်ချပ်ကိုင်လို့
ဘီးဖီးနေခဲ့သူ
သူမ ကေသာမှာ လေပြေတွေ လူးလှိမ့်ကစားတဲ့အခိုက်
ဖွါခနဲ…ဖွါခနဲ လွင့်စင်ကျလာတဲ့ နှင်းဆီရနံ့တွေ
သူမ…ဘယ်က ခူးဆွတ်ရရှိခဲ့သလဲ မသိပါဘူး

သူမ…ထွက်ခွါပြီပေါ့

မလွန်ဆန်နိုင်လောက်တဲ့ ယန္တားရားထဲ
မေတ္တာငွေ့တွေ သိုလှောင်ရင်းလေ
အိပ်မက်နန်းကြိုးနဲ့ ဘ၀ကကြိုးဆန်းတွေကြား
ကတ္တီပါဖိနပ်နဲ့ နုနယ်ပါးလျတဲ့ ခြေဖ၀ါး
တစ်ဖက်ကမ်းသို့ ဆိုက်ကပ်ဖို့ပြင်ရပြီပေါ့

သူမ…ထွက်ခွါပြီပေါ့

အေးလေ
မိသားစုအတွက် မိသားစုကိုထားရစ် သူမ ခရီးနှင်ရဦးမပေါ့
                                                             ရွှေကြယ်မိုး

In: ကဗျာ Posted By: Date: Jun 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment