Professional Authors

အသက်ရှုကျပ်နေတဲ့ ကမ္ဘာ

 

အဲဒီရာသီမှာ

အဆင်မပြေမှုတွေဆိုတာ

ညအိပ်ယာဝင်ခါနီးတိုင်း ကြားရတဲ့

ပုံပြင်တစ်ပုဒ်လိုပဲ . . ပြီးဆုံးသွားတယ်ဆိုတာမရှိဘူး ။

 

ထပ်ပြောမယ် . . .

ညအခါလသာသာဆိုတာ

ပြဌာန်းစာအုပ်ထဲမှာပဲရှိတော့တယ် ။

 

တစ်ခါတစ်ရံ အောင့်သက်သက်နဲ့ဝင်လာတဲ့

အမှန်တရားစာမျက်နှာတွေ . .

စံပယ်တိုင်းမဖြူတော့ဘူးလို့ ပြောတဲ့

လူတစ်ယောက်ရဲ့စကားကိုကြားရတဲ့နေ့မှာ

လူ့ဘဝဟာ အလိုလိုအရသာမဲ့လာတယ်လို့ ခံစားရတယ် ။

 

အခြေအနေနဲ့အချိန်အခါအလိုက်

လူတွေအသက်ရှုပုံပြောင်းတက်တယ်ဆိုရင်

ဘုရားသခင် သစ္စာပန်းတွေကို ဖူးပွင့်ခွင့်မပေးပါနဲ့တော့ ။

 

ကိုယ်ကသူ့ကိုလိုအပ်တာလား ၊ သူကကိုယ့်ကိုလိုအပ်တာလား

ဘယ်သူက ဘယ်သူ့ကို ဘယ်လောက် လိုအပ်မှန်းမသိခင်မှာ

မြားတံတွေက ကုန်သွားခဲ့ပြီ ။

 

ကမ္ဘာကြီးရေ . . .

ငိုနေတဲ့ကလေးတွေရဲ့မျက်ရည်တွေ

မိခင်ရင်ခွင်နဲ့ဝေးကွာကြီးပြင်းခဲ့ရတဲ့ လူမမယ်မျက်ဝန်းတွေအတွက်

အသင် ဘာတွေကိုဆောင်ကျဉ်းပေးခဲ့ပြီးပါသလဲ .  .  .

အသင် ဘာတွေကိုထမ်းပြီးခရီးနှင်နေပါသလဲ  .  .  .

အသင် ဘယ်သူတွေအတွက် တည်ရှိနေပါသလဲ .  .  . ။

 

အစစ်အမှန်ကဘာလဲလို့ ပြန်မဆန်းစစ်ခင်မှာ

ကျောသပ်ရင်သပ်လုပ်တက်လွန်းတဲ့ လောကဓံရဲ့ဓားချက်တွေက

တို့တွေအပေါ် ကျယ်လောင်လွန်းခဲ့တယ် . . 

နင် . .  သက်ပြင်းမချပါနဲ့   ကမ္ဘာ

(ခုဆို တေးသွားအလိုက် မကခုန်ဖြစ်တာလဲ သံသရာတစ်ဝက်စွန်းခဲ့ပြီ) ။

 

ဒီနေရာက ခဏလေးရွှေ့ခဲ့တာပါ

ပြန်လှည့်ကြည့်ချိန်မှာတော့ . . နေမွန်းတစ်တည့်ကျော်ခဲ့ပြီ

သိပ်ကိုဝေးကွာအရောင်တွေလဲ မွဲခဲ့ပြီ ။


ကျမ်းပြုကိုးကားချက်တွေနဲ့မှ ဘဝကိုအဓိပ္ပာယ်ဖွင့်ဆိုလို့ရမယ်ဆိုရင်

မနက်ဖြန်ဆိုတာတွေ . . အနာဂတ်ဆိုတာတွေကို လှမ်းမျှော်မကြည့်တော့ဘူး

ဓနိမိုးထရံကာအတွေးလေးနဲ့ပဲ ကြုံသလိုဖွင့်ဆိုလိုက်တော့မယ် ။

 

တကယ်တော့ ဘယ်သူက ဘယ်သူ့ကို ဘယ်လောက် လိုအပ်လို့ လိုအပ်မှန်းမသိခင်မှာ

ရာသီတွေကလည်ခဲ့ပြီ . .  အရောင်တွေလဲပြောင်းခဲ့ပြီးပြီ     

 

 

နတ်သမီး

In: ကဗျာ Posted By: Date: Jun 28, 2012
Comment #1

အသက်ရှုကျပ်နေတဲ့ကမ္ဘာကို တင်ပြ/ဖွင့်ဆို/ဖြေရှင်းဖို့ သုံးထားတဲ့စကားလုံးတွေ
အလုပ်လုပ်တာ အသက်ဝင်ပါတယ်
ဒါပေမယ့် . . .
ကဗျာထဲမှာက ကမ္ဘာအသက်ရှုကျပ်တာထက် ကဗျာရေးသူ အသက်ရှုကျပ်နေတာက
ပိုပြီး များနေသလားလို့?????
အဲဒါလေး တစ်ခုတော့ ကျွန်တော့်အမြင်အဖြစ် ထောက်ပြပါရစေ
စကားလုံးအချီအချ၊အနှုတ်အသိမ်းလေးတွေ ကောင်းပါတယ်
စကားလုံးသုံးတဲ့နေရာမှာ တော်တော်လေးကို ရွေးချယ်တတ်လာတယ်လို့
ပြောရမယ်
နောက်တစ်ခု ပြောချင်တာက အတွေး . . .
အရင်ကဗျာတွေနဲ့ မတူဘူး
တွေးတာက နည်းနည်းလေး ယေဘုယျဆန်လာတယ်
အားပေးနေပါဦးမယ်
ကြိုးစားနော်ကလေးမလေး . . .လက်ရည်တက်လာတယ်သိလား
😛

ချစ်ခင်လျှက် . . .
ကိုသျှား

commentinfo By: ကိုသျှား at Jun 28, 2012
Comment #2

😛

commentinfo By: ei lay at Jun 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment