Professional Authors

အရေပြားကို ထိုးဖောက်လောင်ကျွမ်းနေတဲ့ မှတ်တမ်းမှတ်ရာတစ်ချို့ ၂

မိသားစုဓာတ်ပုံတွေ ထုတ်ကြည့်ရင်း တစ်ကိုယ်လုံး ပြာနှမ်းနေတာပဲ
အမှောင်ထဲ ယားယံနေတဲ့အရေပြားကို ကိုယ်တိုင် ဆုတ်ဖြဲမိတဲ့အထိ
တခြားလူသောက်မယ့်စီးကရက်မှာ ဘ၀ကို ခြစ်ယူလောင်ကျွမ်းပေးခဲ့တယ်
တစ်စစီ ပြိုကွဲ

တီးခတ်သူအလိုကျ ငိုရယ်တုန်ခါပေးရတဲ့ဂစ်တာကြိုးလို
မိုးလင်းမိုးချုပ်ဂီတမှာ ကျားရဲစိတ်နဲ့ အသားကျအသံကုန်
အသည်းနှလုံးကို ထန်းလျှက်ခဲထင်ပြီး ၀ိုင်းအုံကိုက်ခဲချင်တဲ့
ပုရွက်ဆိတ်တွေ များတယ်
ဦးနှောက်ကို သားတစ်ထင်ပြီး ထိုးသုတ်ချင်တဲ့ စွန်ရဲတွေ များတယ်

ဟုတ်တယ်အမေ . . .
ကိုယ့်နှလုံးအိမ်ထဲကိုယ် နေရင်းထိုင်ရင်း သူများ လက်ညှိုးထိုးတာ ခံရတယ်
ကိုယ့်ရင်ဘတ်ကိုယ် ငုံ့ကြည့်နေတုန်း သူများ တက်နင်းတာ ခံရတယ်
ဘ၀မှာ ဖျားနာလို့ နားနေရတယ်ဆိုတာ ရှိပါ့ဦးမလား
အတောင်ပံတွေ ပျက်မကျမချင်း ဆက်တိုက်ပျံရတယ်

မဂ္ဂဇင်းမှာဖော်ပြခံရတဲ့ကဗျာ စကားလုံးတစ်လုံးအပြောင်းခံရလို့
ကိုယ့်လက်ကို သံချွန်နဲ့ ထိုးစိုက်ခဲ့တဲ့ဒဏ်ရာ
အခုထိ အမာရွတ်ရှိသေးတယ်
ကချင်စစ်ဘေးသင့်ကလေးငယ်တွေကို စာသင်ပေးခွင့်မရခဲ့လို့
အိမ်တိုင်ကို ခေါင်းနဲ့ဆောင့်ပစ်ခဲ့တဲ့ဒဏ်ရာ
အခုထိ မပျောက်သေးဘူး
ဘယ်မလဲခေါင်းမာလှပါချည်ရဲ့ဆိုတဲ့အမေ့သား

ရှုံးတယ် . . .
လူ့အဖြစ်မှာ ရှုံးတယ်၊အရာရာ ရှုံးတယ်
လူ့အဖြစ်မှာ အရာရာ ရှုံးတယ်
သူရဲကောင်းဝါဒကို ဆုပ်ကိုင်ရင်း ရှုံးခဲ့တယ်

အခုချိန် ငါ့သွေးကြောပေါ်လာနားတဲ့ငှက်ဟာ ဓာတ်လိုက်သေဆုံးတော့မှာပဲ
အသက်ကို ပဓာနမထားဘဲ ဘာအတွက် တိုက်နေခဲ့ရသလဲ
ဒီစစ်ပွဲကြီး အမြန်ပြီးဆုံးစေချင်ပြီ

                                                                                        ကိုသျှား

In: ကဗျာ Posted By: Date: Jun 28, 2012
Comment #1

🙂

commentinfo By: ei lay at Jun 29, 2012
Comment #2

ကိုယ့်နှလုံးအိမ်ထဲကိုယ် နေရင်းထိုင်ရင်း သူများ လက်ညှိုးထိုးတာ ခံရတယ်
ကိုယ့်ရင်ဘတ်ကိုယ် ငုံ့ကြည့်နေတုန်း သူများ တက်နင်းတာ ခံရတယ် 🙁

commentinfo By: နတ်သမီး at Jun 29, 2012
Comment #3

ရှုံးတယ် . . .
လူ့အဖြစ်မှာ ရှုံးတယ်၊အရာရာ ရှုံးတယ်
လူ့အဖြစ်မှာ အရာရာ ရှုံးတယ်
သူရဲကောင်းဝါဒကို ဆုပ်ကိုင်ရင်း ရှုံးခဲ့တယ်

commentinfo By: May Kha at Jul 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment