Professional Authors

“ ဟို တိုး ဒီ ရွှေ့ ပဲ့တင်ထပ်နေသော ကျမ ”

ကျမက စွန်းဖိတ်ကျလာတဲ့ အမဲကွက်လေ

 

ညစ်ပေပေခြေထောက်တွေ တစ်လှမ်းပြီး တစ်လှမ်း

သူတို့တစ်တွေ ရေဆေးသွားကြပေါ့

 

သန်းခေါင်ယံ သီချင်းသံ ဆလိုက်မီး တဖျတ်ဖျတ်

လူငယ်များနဲ့ ကျမဟာ လိုရာဆန္ဒကို အရောင်ဆိုး

ငွေနံ့သင်းသင်းတွေ ကြုံရ

တစ်ဦးပိုင်နဲ့ အများဆိုင်  ဒါပဲ ကွာတာလေ

အဲ့လို ကိုယ့်ကိုကိုယ် အားပေးရင်း

ညဉ့်ငှက်တစ်ကောင်ရဲ့ ဝမ်းစာ

ဘယ်ပုံ ဘယ်မျိုး တတ်ကျွမ်းခဲ့ပေါ့

 

ဘီယာခွက်နဲ့ ပါးပါးလျားလျားအကြည့်တွေကြားမှာ ကျမရှိတယ်

ရောင်စုံလူ့လက်တွေနဲ့ ဟန်းဖုန်းကြားမှာ ကျမရှိတယ်

ကျမ နည်းတူ အများအပြား ရှိမယ်

 

သူငယ်ချင်းတစ်သိုက်နဲ့ ရောက်လာ တစ်မိုင်မိုင် တထွေထွေ

အသဲကွဲတယ်ဆိုလား  မှုး ရူး လို့

လူဆိုတာ ကိုယ့်ဒုက္ခသာလျှင် အကြီးမားဆုံးလို့ ထင်တတ်ကြတာလေ

ကျမ အမိအရပဲ နှစ်သိမ့်  လိုသလို ဖျံကျ  ရင်းခဲ့ရပါပြီ

 

ခန္ဓာရဲ့ လိုဘတွေနဲ့

နာမ်ရဲ့ အစားကျူးပုံကို ထိန်းကြောင်းရခက်မှန်း

တစ်ဖက်တွန့်ကွေးသွားတဲ့ မချိပြုံးလေးတစ်ခုနဲ့

လက်သည်းစိမ်းတွေ ထားတတ်ပြီ

 

တက္ကသိုလ်စာသင်လမ်းတစ်လျောက်

ရှင်နဲ့ ဓာတ်ပြုမိသည့် လားရာ

ရေစုံမျောပါ ဧ ဝ ကျိန်စာ နယ်က အိမ်ဝင်းအထိ ပျံ့နှံ့

စွန့်ပယ်ခံ ကျမ သန္ဓေသားလေး နာကျင်ကျင် လွမ်းတတ်တဲ့ ကျမ

ပစ်သွားတဲ့  ရှင့်ကို အရမ်းမုန်းတယ်

 

စိတ်ကူးယဉ်ခြင်း စက် ဝုန်း ကနဲ ဂျန့် ဖြစ်

ကျမ ဟာ သိမ်ငယ်ခြင်းရဲ့ ကင်ဆာ

ကျမ ဟာ

ကျမ ဟာ

အ   သုံးမကျ  ခကွေးယပင်းစသတ်

နာကျင်မှုရဲ့ ခက်ဆစ်ပါ

 

အားကိုးမိသမျှ ကောက်ရိုးတွေက အပူဟပ်

ကျမ က ချေနှင်းခံထားရတဲ့ မီးလောင်ရာဆို မမှားဘူး

ကောင်းရောင်းကောင်းဝယ် လုပ်စားမရ   ဟ  ဟ

မျက်လုံးတွေကို ပြန်ရွှံပစ်လိုက်လိုက် ကျမ

သူများရဲ့ပါးစပ်ပေါက်နဲ့ အသက်မရှင်

ကောက်ကြောင်းရဲ့ မာနထင်ထင်း ကျမ မှာလည်းရှိတယ်

 

ကယ်ကူရာမဲ့ ချောက်နက်ကြမ်းခင်းမှာ

ဘုရားသခင်ကို ဇာတိရဲ့ ဗလာဘောင်ထဲ

ထည့်မြုပ် ပစ်လိုက်တဲ့   ကျမ  ထမင်းဆာတယ်လေ

 

မဲအရေအတွက်နဲ့ ဆုံးဖြတ် လိုအက်ချက်

ဒီဂရီအနိမ့်နဲ့ အမြင့်လောက်ပဲကွာတာ

အားအားလျားလျား ကျမ စဉ်းစားမနေတော့ဘူး

 

ဖြူသလိုလို ယောင်ဆောင်ချင်ကြ မျက်နှာဖုံးတပ်ဝတ်ရုံကို ချွတ်ပစ်လိုက်ပါပြီ

ငွေရှိတယ်ဆို…

ကျမ နားက လူဟာ တစ်ခဏနတ်ဘုရားပါပဲ

 

ဒါပေမယ့် မရှိခြင်းရဲ့ ရှိခြင်း ဘုရားသခင်နဲ့ သွားတွေ့မယ့် ရှင်တို့

ကျမ စကားတစ်ခွန်းပါးလိုက်ပါရစေ

ဘုရားသခင် ရှင် ကမြင်းကြောကို ထလွန်းတယ်

 

အပြောကျယ်တဲ့ ကိုးကွယ်မှုထဲ

အသစ်နံ့မပျောက်တဲ့ အဝတ်များရဲ့ စည်းအပြင်ဘက်က ကျမ

မရှိတဲ့အရာကို တ  ငြီးငြူနေမယ့် အစား

ပါးပါးလျားလျား ဝတ်ပြ နှလုံးခုန်သံ ပြင်းပြင်း

ရှင် ထင်သလို ရိုင်းတယ်လို့  ရှင်တို့ ဟာ

                                         ရှင်တို့ ကို

                                         ရှင်တို့ ပဲ မှန်ကြည့်ပြီး ပြောကြ

မိစ္ဆာ စိတ်များ ပေါက်ဖွားနိုင်ကြစေ

 

အခွင့်အရေး ကျွံဝင်သွားတဲ့ မှန်စများထဲ

ငြီးငွေ့စက်ဆုပ်စရာကောင်းတဲ့ ကျမ

ရှင်တို့ ခွန်အားတွေကို စားသုံးပစ်မယ်

 

အက်ဆစ်တွေနဲ့ ပြန်လည်သွန်းလောင်း

အညွှန့်ကျိုးပြီးသား ပန်း  ငွေ နဲ့ ညစ်နွမ်း

ဘာမှ ဝန်လေးစရာမရှိတော့ပါဘူးရှင်…

 

ကျမဟာ မြေရိုင်းတောထဲ နေသား တကျ

ဘ နဲ့ ဝ ကို ညီမျှခြင်းချကြည့်တဲ့ ကျမ

အပျက်မတစ်ယောက်ပါ

(ကျမ)ယဇ်ပူဇော်ခံ ညီစို့စို့ အရည်ထူ အသားဆိုင်တစ်ခုပါ

ကျမ ဟာ…

ကျမ ဟာ……

ကျမ ဟာ………

 

 

ဖြစ်ချင်တာတွေပဲ ဖြစ်ခွင့်ရှိတဲ့ လောကကို ရှင်တို့ တွေ့ဖူး ရောက်ဖူးပါသလား….. ?

 

                                                                   စုန်းပြူး (ရေးချင်သလိုရေးသည်)

In: ကဗျာ Posted By: Date: Jun 24, 2012
Comment #1

သန်းခေါင်ယံ သီချင်းသံ ဆလိုက်မီး တဖျတ်ဖျတ်

လူငယ်များနဲ့ ကျမဟာ လိုရာဆန္ဒကို အရောင်ဆိုး

ငွေနံ့သင်းသင်းတွေ ကြုံရ

တစ်ဦးပိုင်နဲ့ အများဆိုင် ဒါပဲ ကွာတာလေ

အဲ့လို ကိုယ့်ကိုကိုယ် အားပေးရင်း

ညဉ့်ငှက်တစ်ကောင်ရဲ့ ဝမ်းစာ

ဘယ်ပုံ ဘယ်မျိုး တတ်ကျွမ်းခဲ့ပေါ့

တပုဒ်လုံး..နှစ်သက်စွာခံစားအားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Jun 24, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment