Professional Authors

နင် ငါ့ ကို တ က ယ် မ ချ စ် ခဲ့ ပါ ဘူး . . . အ န် ဂျ လာ

(၁)

ရင်ဘတ်မှာ
“ သစ္စာတရား ” ဆိုတဲ့
ဆိုင်းဘုဒ်လေးကပ်ပြီး
ငါ နင့်ကို ပြုံးပြချင်လိုက်တာ
ဒါပေမဲ့ အန်ဂျလာ . . .
ကိုယ့်ကတိ ကိုယ်မနိုင်တဲ့
ရာဇ၀င်တွေလဲ ငါ့မှာ ရှိဖူးတယ် မဟုတ်လား
ဒါကြောင့်မို့ 
“ ပြဇာတ် ” လိုပဲ
ဒို့ တွေ သေသေသပ်သပ် ခေါင်းစဉ်တပ်ကြရအောင်

(၂)

ဘယ်သူက ဘယ်သူ့ ကိုလွမ်းနေတယ် ဆိုတဲ့ အကြောင်းတွေထက်
နေ့  နဲ့ ည လို လွဲလိုက်ကြရအောင်
တစ်ခါတစ်လေတော့လဲ ကံတရားကို မျှော်ကိုးပြီး
မျှော်လင့်ချက်တွေ တသီတတန်းကြီးနဲ့ 
လက်သီးလေးဆုပ်မိပေမဲ့လဲ
“ လက်ဖမိုး နဲ့ လက်ဖ၀ါး အိပ်မက် ”
ဒို့ တွေ အဆုံးထိ မက်ပြီးကြပြီ
ပြန်ဆုံနိုင်ဖို့ ဆိုတာ
ငါ အရက်ဆိုင်မှာ စားမြုံ့ ပြန်တတ်တဲ့
တောင်စဉ်ရေမရ စကားတွေပါ
အန်ဂျလာ ရေ . . .
ချစ်ခြင်းမှာ အသံတွေ ရှိမယ်ဆိုရင်
အဲဒါ တိတ်ဆိတ်ခြင်းပဲ
ငါ တိတ်တိတ် နေပါ့မယ်

(၃)

တူတူပုန်းတမ်း ကစားကြရအောင်ဆိုပြီး
ပဲ့တင်သံတွေထဲမှာပဲ နေဖြစ်တယ်
အန်ဂျလာ . . .
ငါ မတတ်မြောက်နိုင်မဲ့ ဘာသာဗေဒ ရှိမယ်ဆိုရင်
အဲဒါ မေ့ဖျောက်ခြင်းပဲ ဖြစ်လိမ့်မယ်
အတိတ်က အိပ်မက်က
ကျိန်စာလို တလိပ်လိပ်တက်
မီးခိုးတွေ အူနေတဲ့
ငါ့ရင်ကွဲမှတ်တမ်းထဲမှာပဲ
မွန်းကြပ်နေခဲ့တယ်

ကောင်းကင် အက်ကွဲစ ကြားထဲက
ဖရိုဖရဲ လွင့်စင်လာမဲ့  ဆံနွယ်စတွေ
နမ်းခွင့်ရချင်သေးရဲ့ 

ဒီလိုနဲ့ 
နင့်အကြောင်းရော
ငါ့အကြောင်းရော မေ့ဖို့ 
ကိုယ့်ကိုယ်ကို ဂစ်တာတစ်လက်လို နေဖြစ်တယ်
“ လမ်းခွဲသီချင်း ” ကိုဆိုဖို့ 
ဘာပဲဖြစ်ဖြစ်
ချည်နှောင်ခဲ့ဖူးတဲ့ ကြိုးတွေအတွက်
ငါ တင်းအားပေးရတော့မယ်လေ

(၄)

လွမ်းစရာတွေကို နာစရာနဲ့ ဖြေရင်း
အလံဖြူတွေက တလူလူလွင့်လို့ 
ရင်ခွဲမဲ့ဓါးကို
ငါ့ရင်ဘတ်ကြီးနဲ့ တင်သွေးပေးခဲ့တာ ကြာပေါ့
အန်ဂျလာရေ . . .
နင်သုံးထားတဲ့ တစ်ရှုးစလေးတွေလို
နွမ်းလျကြေမွနေတဲ့
ငါ့ နှလုံးသားကို ဆုပ်ကိုင်ပြီး
“ ငါ နင့်ကို ချစ်တယ် ” လို့ နောက်တစ်ခေါက်လောက် ထပ်လိမ်စမ်းပါဦး
ငါ ဆယ်ခါပြန် သေရဲပါတယ်

မျက်နှာကျက်ကို ထိုးခွဲပြီး ၀င်လာတဲ့
နင့် ၀ိညာဉ် ကြိုးစလေးတွေကို
ငါ့ အက္ခရာ တွေနဲ့ ဆက်
ကိုယ့်ကိုယ်ကို ဆွဲကြိုးချ လုပ်ကြံခဲ့တယ်
ဒါ ကြိုတင်ကြံစည်မှုလား အန်ဂျလာ
အပြစ်မမြင် အပြစ်မတင်ပါဘူး
ငါ့ ဥပဒေ ပြဌာန်းချက်မှာ
နင့် အတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးသားပါ

(၅)

အန်ဂျလာ . . .
အသင်ပေး ခဲ့တဲ့ ပျံသန်းဖို့ ခွန်အားတွေထဲမှာ
ပြုတ်ကျဖို့ ဆန္ဒတွေ မပါခဲ့ပေမဲ့
အကျနာခဲ့တယ်
ယုတ်တိရှိစွာပင် လက်တစ်လုံးခြားလွဲခဲ့တဲ့အကြောင်း
အမှောင်ဆုံးလမ်းတွေထဲက ၀ိညာဉ်တွေရဲ့ ကကြိုးနဲ့ 
တေးစပ်ပြီးဆိုခဲ့တဲ့
ငါ့ ရင်ဘတ်ကြီး က
စကြာဝဋ္ဌာ တစ်ခုလုံးကို ကိုင်ပေါက်ပြီး ပြောရဲတယ်
ငါ နင့်ကို ဘယ်တော့မှ မမုန်းဘူး
ဒါကြောင့်မို့ ပြောတာ
ငါ ရင့်ကျက်တာက
နင် ရင့်ကျက်တာလောက် မပိုခဲ့ပါဘူး အန်ဂျလာ

(၆)

ပင်လယ်ကြီးလို မနက်ရှိုင်းလဲ
ပင်လယ်ကြီးလောက် နက်ရှိုင်းခဲ့တဲ့ အကြောင်း
ရေဒီယို အဟောင်းမှာ ပြန်နားထောင်ဖြစ်တယ်
သူရဲဘော ကြောင်တယ်ဆိုတာ
(တစ်ခါတစ်ရံမှာ)
ရင်ခုန်သံအရင်းနှီးဆုံးသူတွေရဲ့ လုပ်ရပ် တဲ့
ငါ ပြုံးပြီး နားထောင်ခဲ့တယ်

ဒီလိုနဲ့ 
နတ်ဆိုးမြင်းရိုင်းတွေရဲ့ ခွာသံတွေက
ငါ့ အနာဂါတ်ကို ခုန်အုပ်ပြီး
အနာဟောင်းကို ချုပ်ရိုးဖြုတ်ကျမယ်
မြေစိုင်ခဲလေးကို တွင်းထဲလိမ့်ချပြီး
ငါ့ကို သင်္ဂြိုဟ် ကြဦးမယ်
လှံ ကိုင်ထားတဲ့ လက်တွေနဲ့ 
ငါ့ ကို ထိုးစိုက်ကြဦးမယ်

နောက်ဆုံးတော့
အန်ဂျလာ . . .
နင် ဇာပ၀ါလေး အောက်ကနေ
စာနာကြည့်လေးနဲ့ သနားနေဦးမယ် မဟုတ်လား

ငါဆိုတာဟာ
ကမ်းနှစ်ခုဆုံဖို့ ရာ
ပေါင်းကူးထိုးပေးလိုက်ရတဲ့ တံတားတစ်စင်းဆိုတာ
နင်းလျှောက်ခံရမှ သတိထားမိတော့တယ်

(၇)

တစ်နေ့ နေ့ 
ငါ့အသက်တွေကြီးလို့ ဇရာထောင်းလာတဲ့တစ်ချိန်
ကျောင်းဆရာလုပ်မယ်
သစ္စာတရားဘာသာဗေဒ ကို ပို့ ချမယ်
အန်ဂျလာ . . .
အဲဒီအချိန်ကျရင်
နင့် ကို ငါ့ကျောင်းသူ အဖြစ် မမြင်ချင်ဘူးကွယ်

ဒီကရှေ့ လျှောက်တော့
ချစ်ခြင်းရဲ့ အတိုင်းအတာကို
ဦးနှောက်ဆိုတဲ့ ပေတံနဲ့ မတိုင်းတာစေချင်ဘူး
နှလုံးသားက ပုန်ကန်လာတဲ့ တစ်နေ့ 
ရှင်သန်ရမှာကို ကြောက်ရွံ့ လာလိမ့်မယ် အန်ဂျလာ

အန်ဂျလာ ရေ . . .
ဘေးနားမှာ မနေပေးနိုင်တော့ရင်လဲ
ဘာမှ ထပ်မတောင်းဆိုတော့ပါဘူး
အရုဏ်အခင်းအကျင်းမှာ
ဝေါခနဲ ထိုးအန်လာမဲ့
ကြက်ဥနှစ်ရောင် မနက်ခင်းလဲ မလိုအပ်တော့ပါဘူး
လေပြေအသွေးမှာ
သက်တန့် တွေလို ထိုးဆင်းပြီး လှနေမဲ့
ပုစွန်ဆီရောင် တိမ်တောင်တွေနဲ့ ဆည်းဆာကိုလဲ
မတောင့်တတော့ပါဘူး

ငါ မရှိလဲဖြစ်တဲ့
ကောင်းကင်ကြီးအတွက်
ငါ မပါလဲ လှနိုင်မဲ့
ကောင်းကင်ကြီးအတွက်
ငါ ကမူးရှုးထိုး ကြွေကျလိုက်တော့မယ်
လိုရာဆုတောင်းပါ အန်ဂျလာ

(နိဂုံး)

အန်ဂျလာ . . .
နင် ဟာ
မြေစာပင်နှစ်ပင်ကြားက
ကျွဲတစ်ကောင် ဖြစ်ရင်ဖြစ်ဖူးမယ်
ဘာလုပ်လုပ် နင်မှန်တယ်
သို့ မှ မဟုတ်
ဘာလုပ်လုပ် နင်မှားမယ်

ဒါပေမဲ့
နင် ငါ့ကို တကယ်မချစ်ခဲ့ပါဘူး အန်ဂျလာ
နင် ငါ့ကို မချစ်ခဲ့ ပါဘူး
နင် မချစ်ခဲ့ပါဘူး
နင် . . တ က ယ် . . . . . . . မ . . . ချစ် . . . .
. . . . . . . . . . . . .ခဲ့ ပါ ဘူး . . . . ကွယ် . .၊၊ ၊၊

လမင်းဇော်
[email protected]

In: ကဗျာ Posted By: Date: Jun 23, 2012
Comment #1

ကျွန်တော်ချစ်ခဲ့သော…..ကျွန်တော့်ကို သတ်တဲ့ အန်ဂျလာ………
…………………………………
ကျွန်တော်နှစ်သက်စွာအားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Jun 23, 2012
Comment #2

အားပေးသွားတယ် လမင်းဇော် .. 🙂

commentinfo By: pannei at Jun 23, 2012
Comment #3

VG………..:)

commentinfo By: Jack at Jun 23, 2012
Comment #4

ကိုလမင်းဇော်

ခံစားသွားပါတယ်….

commentinfo By: poem.poem28 at Jun 23, 2012
Comment #5

အားပေးသွားသူများရော . . . ခံစားသွားသူများရော . . . နှစ်သက်သွားသူများရော . . . ကျေးဇူး အခါခါ တင်ပါသည် ။ 🙂

commentinfo By: လမင်းဇော် at Jun 23, 2012
Comment #6

အရုဏ်အခင်းအကျင်းမှာ
ဝေါခနဲ ထိုးအန်လာမယ့်
ကြက်ဥနှစ်ရောင် မနက်ခင်းလဲ မလိုအပ်တော့ပါဘူး
စာသားတွေကတော့ ရက်ရက်စက်စက်လှရက်နိုင်လွန်းတယ်ဗျာ
ဖတ်သွားပါကြောင်း ~~

commentinfo By: X - ray at Jun 23, 2012
Comment #7

အားပေးသွါးပါတယ်ဖျာ

commentinfo By: tharthar at Jun 24, 2012
Comment #8

မိုက်တယ်ဗျာ… အရေးအသားရော ခံစားချက်ရော…

လေးစားလျက်…

commentinfo By: deadxromeo at Jun 24, 2012
Comment #9

သူငယ်ချင်း လမင်းဇော်ရေ…
ငါတို့တော့ ကဗျာ ဆိုတာကို ရူးသွပ်နေတာလား ခံစားနေတာလားဆိုတာ
ဝေဖန်ပေးရမဲ့သူတော့ လိုနေလေရဲ့နော်….
😀 😀 😀

commentinfo By: Meaningless at Jun 24, 2012
Comment #10

ကျေးဇူးတင်ပါတယ်လို့ ထပ်မပြောတော့ပါဘူး . . . 🙂

ခုလို အားပေးတဲ့ comment အားဆေးတွေကြောင့် ၀မ်းမြောက်မိပါတယ် ဗျာ 🙂

commentinfo By: လမင်းဇော် at Jun 24, 2012
Comment #11

sa kyar wa lar g 1 khu lone ko kine pout p pyaw ye de
😛

commentinfo By: ei lay at Jun 24, 2012
Comment #12

အရမ်းကောင်းတယ်

commentinfo By: khantkyi maung at Jun 25, 2012
Comment #13

ဘယ်အပိုဒ်ကို အကြိုက်ဆုံးလည်းရွှေး ဖို့တော့ တော်တော်လေးခက်တယ်ဗျ။
အစကနေ အဆုံးအထိ တစ်ပုဒ်လုံးပြောစရာမရှိအောင်ကောင်းလှပါတယ်ဗျာ..။
ကျွန်တော်နဲ့လည်း တော်တော်လေး တိုက်ဆိုင်မှုရှိလို့
ထပ်တူထပ်မျှခံစားဖတ်ရှုသွားပါကြောင်းးးး…………………….၊ ၊ ၊

commentinfo By: zawthetoo at Jun 27, 2012
Comment #14

😛 😛 😛 😛 😛 😛 😛 😛 😛 😛 😛 😛 😛 😛 😛 😛 😛 😛 😛 😛 😛 😛 😛 😛

commentinfo By: နှင်းဖွေးလေး at Jul 21, 2012
Comment #15

အန်ဂျလာ ကို နှစ်သက် မျော်လင့်နေဆဲပါ ကိုလမင်းဇော်

လေးစားလျက် –

commentinfo By: နိုးဆက်နေ့ at Jan 25, 2013
Comment #16

တကယ်ကောင်းတဲ့ ကဗျာပါပဲ

commentinfo By: အောင်မော်ဟိန်း at Mar 31, 2013
Comment #17

ဒါပေမဲ့
နင် ငါ့ကို တကယ်မချစ်ခဲ့ပါဘူး အန်ဂျလာ
နင် ငါ့ကို မချစ်ခဲ့ ပါဘူး
နင် မချစ်ခဲ့ပါဘူး
နင် . . တ က ယ် . . . . . . . မ . . . ချစ် . . . .
. . . . . . . . . . . . .ခဲ့ ပါ ဘူး . . . . ကွယ် . .၊၊ ၊၊

commentinfo By: နွေ at Apr 1, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment