Professional Authors

အလွမ်းကြောင့် ဖြစ်သော စစ်ပွဲများ

စိတ်ကို စိတ်နဲ့တိုက်ရတာ ကြာလာတော့ အကျအဆုံးများလာတယ်

နာလံမထူနိုင်တဲ့ စိတ်နဲ့ စူစူးနစ်နစ်ကြည့်နေပုံက အော်ဂလီဆန်ချင်စရာ

ကိုယ့်ကိုယ်ကို ခြုံခို တိုက်ရဖန်များတော့ ဗျူဟာလည်း မမြောက်တော့ဘူး

လက်ဖြောင့် တပ်သားတွေကလည်း ငါ့အသံကို အနာခံ လွဲလာတယ် …

ခံနိုင်ရည် ဘယ်လောက်ကျန်သေးလဲ … ငါ့ကိုငါက မသိသလို ဟန်လုပ်မေးတယ်

ခြောက်သွေ့ပျက်စီးနေတဲ့ မြို့တော်ကြီးမှာ ဘာအသံမှ မကျန်တော့ဘူး ….။

 

မျှော်လင့်ချက်တွေနဲ့ မကြာခဏ ခလုတ်တိုက်နေမိတာကလည်း ဇဝေဇဝါ ဖြစ်ချင်စရာ

ဟော ဟိုနားက ထကွဲပြန်တဲ့ ရေမြုပ်ဗုံး တစ်လုံး …………..

ပိုက်စိတ်တိုက် ရှာဟန်ပြုတုန်းက ဘယ်မှာပုန်းနေလို့ ငါ အမိန့်ပေးထားခဲ့မိပါလိမ့် …

စစ်ကူမရှိ မဟာမိတ်မရှိ .. စိတ်ကို စိတ်နဲ့ တိုက်မိနေသော စစ်ပွဲများ .. …. ….. …

အမိန့်သံတွေ ပေါက်ကွဲ ဆူညံနေပြီး နာခံမှု မပါတော့သော နံနက်ခင်းများ ..

ထုံပေပေ မော့ကြည့်နေသော အရောင်မဲ့ မသိစိတ် .. အသိစိတ်များ

မဖြစ်နိုင်ခြင်းများစွာကို ထုဆစ်နေမိသော အဆိပ်မိထားသလို အသိဥာဏ်များ ..

နှစ်ကာလများစွာ ရှည်ကြာခဲ့သော သုံ့ပန်းဆန်ဆန် ခံစားမှုများ ….

 

နှစ်တစ်နှစ်ရဲ့ နှင်းကွဲစ မနက်ခင်း အလင်းရောင်အောက်မှာ …

မှန်တစ်ချပ်ထဲ .. … ပျက်စီးယိုယွင်းနေတဲ့ စစ်တလင်းလို မျက်နှာနဲ့

နှစ်ပေါင်းများစွာ ကျင့်သားရနေခဲ့လို့ အတုအစစ်ခွဲမရတော့တဲ့ အပြုံးတစ်ခုကိုသာ

ငါ …စစ်လျော်ကြေးအဖြစ် ပြန်ရရှိခဲ့လိုက်ရဲ့ …. ….

မနော်ဟရီ

In: ကဗျာ,မနော်ဟရီ Posted By: Date: Apr 14, 2012
Comment #1

နှစ်တစ်နှစ်ရဲ့ နှင်းကွဲစ မနက်ခင်း အလင်းရောင်အောက်မှာ …

မှန်တစ်ချပ်ထဲ .. … ပျက်စီးယိုယွင်းနေတဲ့ စစ်တလင်းလို မျက်နှာနဲ့

နှစ်ပေါင်းများစွာ ကျင့်သားရနေခဲ့လို့ အတုအစစ်ခွဲမရတော့တဲ့ အပြုံးတစ်ခုကိုသာ

ငါ …စစ်လျော်ကြေးအဖြစ် ပြန်ရရှိခဲ့လိုက်ရဲ့ ….
ကောင်းလိုက်တဲ့စာသားလေးတွေပါပဲ

commentinfo By: အသဲကွဲ မိုး at Apr 17, 2012
Comment #2

… အတုအစစ်ခွဲမရတော့တဲ့ အပြုံးတစ်ခုကိုသာ
ငါ… စစ်လျော်ကြေးအဖြစ် ပြန်ရရှိခဲ့လိုက်ရဲ့ …

commentinfo By: ကံ့ကော်မောင် at May 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment