Professional Authors

ပြည့်စုံခြင်း ( မေငြိမ်း)

သည်ဒေသ
မြနှင်းဝေေ၀
နေခြည်တပြောက်
နှင်းသောက်တဲ့ပန်းတွေ
လန်းစွင့်နေ။

သည်မြေ
စိုပြေမြက်ခင်း
ထင်းရှူးနံ့သင်းလို့
ချစ်ခြင်းနဲ့ခင်းတဲ့
တို့များရဲ့ ဘ၀အိမ်။

သည်အိမ်တွင်း
ချစ်ခြင်းနဲ့သပ်လျှို
အပိုဂုဏ်မရှိစွာ…
အာလူးတအိတ်
ဆန်တအိတ်နဲ့
သိပ်သည်းတဲ့ရေ..
ချိုမြိန်သစ်သီး
မီးလင်းတဖိုနဲ့
လိုချင်ခြင်းတွေ ကင်းတယ်။
ပြီး…
ချစ်ဇနီးအလှ ၀မ်းဝဖို့
ကြိုးပမ်းရတဲ့ ချစ်သူ
သူနဲ့အတူ ကူညီရုန်းကန်
အားမာန်ဖြည့်တင်း
ပြိုင်ဘက်ကင်းစွာ
လိမ္မာတဲ့ အိမ်သူကျမ
သည်ဘ၀ထဲမှာ ရှိတယ်။

သည်ဘ၀…. လှပသာယာတယ်…။

အားလပ်တဲ့အခါ…
ကဗျာတွေစပ် စာတွေဖတ်နဲ့
သဘာဝမှာ မျက်နှာအပ်
စိတ်ဓါတ်ဟာ လတ်ဆတ်နေမယ်။

ညနေခင်း….
လေညင်းအလာ
ပြတင်းမှာ လက်တင်
ချစ်သူရဲ့ရင်ခွင် ခိုဝင်လို့
ချိုမြိန်တဲ့ ကဗျာ
သာယာစွာဆိုညည်းမယ်။

ချစ်သူ့ပခုံးဖျား
ခိုနားရင်းလည်း
အင်အားများစွာရလာမယ်။

အဲဒီအခါ
ကမ္ဘာဟာ …
တို့များရဲ့
ရိုးသားတဲ့ ချစ်ခြင်းကို
နှစ်လိုခြင်းများစွာနဲ့
ကောင်းချီးသြဘာပေးလိမ့်မယ်…
ကဲကွယ်..။

မေငြိမ်း
၁၉၈၆-ဇူလိုင်၊ပေဖူးလွှာမဂ္ဂဇင်း။

Comment #1

ဆရာမ ကဗျာလေးတွေ မဖတ်ရတာ ကြာလှပေါ့

commentinfo By: kantkawmg at Mar 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment