ရိုးတွင်းချဉ်ဆီထဲထိ ချည့်နဲ့လာတဲ့ သောကြာ
အရင်လို သောကြာနေ့ပါပဲ ညီမလေးရယ် ..
ကားတွေ ၊ လူတွေ ၊ လမ်းမီးတိုင်တွေ ၊ အသက်ရှုသံတွေ
အရင်တစ်ပတ်က သောကြာအတိုင်းပါပဲ (ကိုယ့်ဆံပင်တွေ ပိုရှည်လာတာကလွဲလို့)
ညီမလေးနဲ့ နီးနီးလေးဆိုတဲ့အသိက
မန္တလေးမြို့ကြီးကို ကုတ်ကပ်ဖက်တွယ်ထားခဲ့ရပေါ့
တကယ်ဆို ..
အိမ်ပြေးတစ်ယောက်ရဲ့ မနက်ဖြန်တွေဟာ
ညီမလေးနဲ့ အဝေးဆုံးမှာ .. အဝေးဆုံးမှာ ..
စိတ်ကူးနဲ့တင် သွေးပျက် ခြောက်ချား ထိတ်လန့်
စိတ်ကို သွန်ချကြည့်လိုက်တဲ့အခါ Nika မှာတွေ့တယ်
Cafe Tower မှာတွေ့တယ် Dynasty မှာတွေ့တယ်
အိမ်ကိုတော့ ပြန်မရောက်ဘူး
ရှင်သန်ခြင်းရဲ့အဓိပ္ပါယ်ဟာ ဘာလဲလို့ မေးခွန်းထုတ်လာခဲ့ရင်
ပထမ
ညီ မေ လး .. လို့ စာလုံးပေါင်းပြမိမယ်
နောက် ..
က ဗျာ
ပလက်ဖောင်းပေါ်မှာ စိတ်ကို ဖြန့်ခင်းထားတယ်
အိမ်ကလေးထဲမှာ ပျော်စရာမကောင်းတော့ဘူး
အရင်လို မျက်ရည်နဲ့ ဖျော်ထားတဲ့ သောကြာနေ့ပဲ
ကိုယ့်ကိုကိုယ် ကြိမ်ဆဲပစ်လိုက်ဖို့ အယုတ်ညံ့ဆုံး စကားလုံး ရှာမတွေ့သေးဘူး
စီးကရက်ကို အစီခံလောင်တဲ့ထိ ရှိုက်ဖွာလိုက်မိတဲ့ သောကြာနေ့ပါ ညီမလေးရယ်။ ။
-မိုးခါး-
ဖေဖေါ်ဝါရီ ၁၇ ၊ ၂၀၁၂ ၊ သောကြာနေ့
ည ၁၁ နာရီ ၊ ၁၅ မိနစ်
Comment #4
နှစ်သက်လွန်းစွာဖြင့်
By: အသဲကွဲ မိုး at Jun 17, 2013




Comment #1
ဒီနေ့ကတော့
ရိုးတွင်းချဉ်ဆီထဲထိ ချည့်နဲ့လာတဲ့ သောကြာနေ့ပါပဲ…