Professional Authors

ကျောင်းသား တခေတ်ရဲ့ ခွပ်ဒေါင်းအလံ ပြန်လာပြီ

 
ဖြူစင်ရိုးသားတဲ့ စာသင်ကျောင်းက
မွေးဖွားပေးတဲ့ ငါတို့စိတ်ဓာတ်တွေကို
ရိုက်ချိုးပျက်စီးခဲ့လို့ လက်နက်တွေကြား
ကျည်ဆန်တွေကြား လှံတံတွေကြား
ရဲဝံ့စွာ လှုပ်ရှားရင်း အကျဉ်းစံခဲ့ရ
နှစ်ပရိစ္ဆေဒ ကြာညောင်းလာတဲ့
ခုနှစ်သက္ကရာဇ်တွေထဲ ပြည်သူ့မျက်ရည်တွေကို
သုတ်ပေးဖို့ ကြိုးစားနေဆဲ….

အခုတော့ ရွှေဝါရောင်အလံတော်အောက်
မျက်ရည်မိုးတွေ ပြိုကျခဲ့ပြန်ခဲ့ပြီ….
ဒီအတိတ်တွေရဲ့ မျက်ရည်သံသရာကို
ငါတို့ လွတ်လပ်စွာ ရပ်တန့်ဖို့
ငါတို့ ကျောင်းသားဘဝကိုစွန့်လို့
ဘဝကြမ်းပြင် ခွပ်ဒေါင်းအလံစဉ်ရင်း
ရဲဘော်ရဲဘက် သူရဲကောင်းတွေ
သွေးစွန်းမြေခလို့ အသက်ပေါင်းများစွာ
သမိုင်းထဲ သွေးစွန်းလက်နဲ့
ရေးသားခဲ့ဖူးတယ် အခုထိပေါ့..။

ကျောင်းသားတွေကပဲ လွတ်လပ်ရေးကို
နယ်ချဲ့အင်္ဂလိပ်နဲ့ ဂျပန်တို့ထဲက ယူပေးခဲ့တယ်
လွတ်လပ်ရေးသမိုင်းဆိုတာ ကျောင်းသားတွေထဲက
ဆင်းသက်လာတဲ့ ဝေါဟာရတခုပေါ့
အာဏာရှင်ဆီက လွတ်လပ်ရေးဆိုတာ
သမိုင်းမရှိခဲ့ဘူး မော်ကွန်းမဝင်ခဲ့ဘူး..။

လွတ်လပ်ရေးရပြီး ခုနှစ်တွေရေတွက်လို့
နှစ်ဟောင်းလာတဲ့ ရှစ်လေးလုံးထဲ
ကျောင်းသားတွေကို ဖိနှိပ်နေတုန်း
ဆိုရှယ်လစ်လား ပါတီကောင်စီလား
လက်ဝဲလမ်းစဉ်လား လက်ယာလမ်းစဉ်လား
ကွန်မြူနစ်လမ်းစဉ်လား အဖြူအမည်းမကွဲပြားတဲ့
နေ့ရက်တွေထဲ တယောက်ပြုတ် တယောက်တက်နဲ့
မတည်မြဲတဲ့ အနိစ္စ ပုံစံခွက်မှာ အာဏာရှင်ကြီးစိုးခဲ့လို့
တက္ကသိုလ်မှာလည်း စာသံတွေ စိတ်သုဉ်းပျက်စီးခဲ့
ညမထွက်ရဆိုတဲ့ အမိန့်တော်ပြန်တမ်းလွှာထဲ
ငါတို့စိတ်တွေ တုန်လှုပ်နေဆဲ…

ဦးသန့်အရေးတော်ပုံ တက္ကသိုလ်မှာ
ရိုက်ခတ်နေတုန်း အာဏာရှင်က
သူရဲကောင်း အာဇနည်သမိုင်းပျက်စီးဖို့
ရိုက်ချိုးဖို့ လုပ်နေတုန်း ကျောင်းသားကပဲ
သမိုင်းတခု ဆက်လက်ထိန်းသိမ်းခဲ့တယ်..။

သမိုင်းကရှင်းတယ် ပြောရတာလည်း ရှင်းတယ်
သမိုင်းအတွက် မော်ကွန်းဝင်တာ
ကျောင်းသားက စ တယ်…
မျိုးဆက်သစ်ဆိုတာလည်း စာသင်ကျောင်း
တက္ကသိုလ် ကောလိပ်တွေက ထွက်ပေါ်လာတာ
အမှန်တရားပဲ ငါတို့နိုင်ငံ ဖခင် အာဇနည်
ဗိုလ်ချုပ်အောင်ဆန်းကို ကြည့်
တက္ကသိုလ်ကရင် ပြည်သူ့မျက်ရည်တွေ
သုတ်ပေးဖို့အတွက် ဘဝစစ်မြေပြင်ကိုထွက်လို့
အင်္ဂလိပ် ဂျပန်တွေကို မောင်းထုတ်ကာ
လွတ်လပ်ရေးယူခဲ့တာ သမိုင်းဝင်ပေါ့..။

အခုတော့လည်း အာဏာရှင်လက်ထဲမှာ
ဖိနှိပ်ခံနေရတဲ့ ကျောင်းသားကပဲ
ပြည်သူ့မျက်ရည်တွေကို သုတ်ပေးနိုင်ဖို့
ဒေါင်းအလံကို လွင့်လို့ တိုက်ပွဲဝင်ခဲ့တာ
ခရီးတဝက်ရောက်လို့ အောင်မြင်မှု ပန်းတိုင်ကို
အိုးဝေသံပေးရင်း ဆက်လက်လျှောက်လှမ်းနေဆဲ
ကြေငြာလိုက်ချင်ရဲ့ ပြည်သူချစ်တဲ့ ရင်ခွင်ထဲက
ကျောင်းသားတခေတ်ရဲ့ ခွပ်ဒေါင်းအလံ ပြန်လာပြီ…။ 

တက္ကသိုလ်မြတ်မင်း
http://www.myatminnpoem.blogspot.com
In: ကဗျာ Posted By: Date: Jan 15, 2012
Comment #1

ကဗျာလေးကအရမ်းကောင်းတယ် ကိုမြတ်မငိးရေ
တကယ်ကိုလေးစားပါပေရဲ့ဗျာ

commentinfo By: ရွှေကြယ်မိုး at Jan 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment