Professional Authors

“ သူငယ်ချင်း မင်းသိပါစေတော့ ”

သူငယ်ချင်း …
လောကဓံရဲ့ စုတ်ချက်တွေကြားမှာ
မင်းရဲ့ ကင်းဗတ်စတွေ စုတ်ပြတ်နေသလား
ငါကြားနေရတဲ့
တေးသံသဲ့သဲ့တွေက ခါးလိုက်တာ …

မင်းကြိုက်တဲ့ ကော်ဖီတစ်ခွက်
ငါကြိုက်တဲ့ ချိုကျတစ်ခွက်အတွက်နဲ့
စိတ်ရဲ့ အလိုကျ
ငြင်းကြခုန်ကြ အင်မတန်ပျော်ခဲ့ရတယ်နော် ။

မမြင်ရသေးတဲ့ နေရောင်ကို
စိတ်ကူးအတွေးနဲ့တင် လှောင်ချင်တဲ့ကောင်တွေမို့
မှောင်သလားမသိဘူး ။

သူငယ်ချင်း …
မင်းနင်းခဲ့တဲ့ မြေနီလမ်း
ငါတို့အတူ လျောက်ခဲ့တဲ့ခရီးကြမ်းတွေ
လွမ်းမယ်ဆို
ပင်လယ်တွေတောင် ခမ်းကုန်မှာပေါ့ … ။

ဒါပေမယ့် …
ဒုက္ခကို မတမ်းတတတ်တဲ့မင်းနဲ့
ခပ်လွယ်လွယ် သဘောထားတတ်တဲ့ငါ
လသာသာ ညတွေကလွဲရင်
မက်စရာလည်း မရှိဘူးလေ ။

မင်းက ဂစ်တာတီး
ငါက သီချင်းဆို
ဆေးပေါ့လိပ်ပဲ လိုတယ်နော်သူငယ်ချင်း

ငါတို့ ပျော်ခဲ့ကြတယ် ။
ငါတို့ အော်ခဲ့ကြတယ် ။

မင်းကြိုက်တာက ဗိုလ်ထီး
ငါကြိုက်တာက ကိုငှက်ကြီး
ဟိုလိုလို ဒီလိုလိုကီးတွေနဲ့
ငါတို့ရဲ့ အုတ်ခုံပေါ်ကညတွေကိုတော့
လွမ်းတယ် သူငယ်ချင်း … ။

“ ငါတို့မြို့က ငယ်တယ်၊ သေးတယ်ဆိုပေမယ့်
ဦးသိန်းဟန် ( ဆရာဇော်ဂျီ ) လည်း ဒီဇာတိဖွားပါကွ ”
ငါကဗျာတွေရေးစက
မင်းရဲ့ အားပေးစကား
အခုလည်း ငါ့နားမှာပြန်ကြားနေတုန်းပါပဲ ။

ငါတို့ ဘ၀မှာ
မေ့မရတဲ့ နေရာတွေလည်းများတယ်နော်
မြောက်ပိုင်းဈေးရှေ့က အုတ်ခုံကစ
ပြန်မရနိုင်တော့တဲ့ နေရာတွေ
ဆိပ်ကမ်းသေရဲ့ဘေးက ဆိုင်တွေအလယ်
တောင်ဥက္ကလာပမြို့နယ် အဆုံး
ဘယ်လိုမေ့လို့ရမှာတုန်း သူငယ်ချင်း … ။

ကမ္ဘာကြီးကလည်း လည်တယ်
သံသရာကလည်း လည်တယ်
ရာသီတွေလည်း လည်တယ်
တစ်နှစ်ခြင်းကုန်ဆုံးခဲ့တာကလည်း
လျှပ်စစ်မျှင်တန်းလိုပါပဲ … သူငယ်ချင်း

အခုဆို …
မင်းလည်း လူကြီးတစ်ပိုင်း
ငါလည်း လူကြီးတစ်ပိုင်း
စေ့စေ့တွေးလိုက်တိုင်း
လူသက်တမ်းကို ခပ်ရိုင်းရိုင်းနဲ့
သုံးပိုင်းတစ်ပိုင်း ဆန်ခဲ့ကြပြီနော် ။

မင်းလည်း ဘာမှမလုပ်နိုင်သေး
ငါလည်း ဘာမှမလုပ်နိုင်သေး
လောကဆိုတဲ့ ဒိုင်မှာ
ရှုံးနိုင်ခြေ မရှိပါဘူးဆိုတဲ့တေးကို
ဆက်ရေးဖို့ ကြိုးစားတုန်း …

ရိုးသားစွာပဲ
ကိုယ့်အချိန်ကိုယ် ခိုးထားမိတယ်
ဆိုးရွားတဲ့ မိုးခါးခါးတွေကို
မင်းကလည်း တစ်ခြမ်းပဲရွာစေချင်တယ် ။
ငါကလည်း တစ်ခြမ်းပဲရွာစေချင်တယ် ။

အဲဒီလိုနဲ့ ငါတို့လမ်းခွဲ
ကိုယ်ယုံကြည်ရာ ကိုင်စွဲပြီးခရီးဆန့်
ဘယ်ဘူတာကြမှ တန့်ကြမလဲ … ။

In: ကဗျာ Posted By: Date: Dec 17, 2011
Comment #1

ရိုးသားစွာပဲ
ကိုယ့်အချိန်ကိုယ် ခိုးထားမိတယ်
ဆိုးရွားတဲ့ မိုးခါးခါးတွေကို
မင်းကလည်း တစ်ခြမ်းပဲရွာစေချင်တယ် ။
ငါကလည်း တစ်ခြမ်းပဲရွာစေချင်တယ် ။

အဲဒီလိုနဲ့ ငါတို့လမ်းခွဲ
ကိုယ်ယုံကြည်ရာ ကိုင်စွဲပြီးခရီးဆန့်
ဘယ်ဘူတာကြမှ တန့်ကြမလဲ … ။

commentinfo By: May K ha at Dec 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment