(((Echo)))
မီးညွှန့်တစ်ဝက် မြူတစ်ဝက်နဲ့
စိမ့်ပြိုတဲ့ တံစဉ် ကလပ်စည်းတွေ
“၀က်အိုမ” တစ်ကောင်လို
လှောင်ရယ်ခြင်းအစ …..
စတုတ္ထဂြိုလ်ရဲ့ ကြေးပုရပိုက်မှာ
အနီရောင် ဟင်္သာပြဒါးခြယ်သ
နှုတ်ဆိတ်စေမယ့် “ယွန်းစာ”
နမိတ်ဖတ်ဖို့အလာ …..
ပဏီတမာန် သုတ်လူးကြွ
နှုတ်ချိုတဲ့ ငါ့လျှိုကိုမှ
မင်းချိုရာ မြမြသွေး
ဖွဖွလေးပဲ ဝှေ့စေဦးတော့ …..
မိန်းမပွေတွေ အိပ်မက်မှာ
ပန်းတော်ဆက် သူဖုန်းစား
နွားခြေရာခွက်ကြား
အိုင်ပက်မှားဖူးသူဘ၀ …..
ကိုယ့်သား ကိုယ်ပြန်မျိုတဲ့
မြှုပ်ကွက်ဆန် ကျိန်စာတစ်ပိုဒ်
ဆောင်းရှိုက်သံ သဲ့သဲ့ကြား
ပဋိညာဉ် မီးစာယိမ်းနွဲ့အသွား …..
ပစ္စက္ခမှာ ဒွန္ဒတရားနဲ့
ဗီဇကို ချဉ်ဖတ်တည်ဝါး
မျက်ရည် အခဲလုပ်စားဖို့
ကိုယ့်နဖူး ကိုယ်ပဲသိုက်တူးတော့မလို …..
လောကွတ်ချော် ယဉ်ကျေးပြ
လက်ဆန့်ရုံ ဝေဒနာပျောက်အောင်
ဘာသာမဲ့ ရာဇ၀င်ကြွေးကို
မှိုင်းဝအောင် တိုက်ခဲ့ပြီးမှ …..
ကျီးအာသီးတွေ ပွဲတော်ချိန်တိုင်း
ပါးပြောင်ကောင်းတဲ့ စိန်တစ်ပွင့်
ငရဲမီးခတ်သော လိပ်ပြာကိုပဲ
မျိုချပြတော့ မယောင်ယောင် …..
ကျားမတစ်ကောင်လို စူးဝါးရုံနဲ့
အခေါင်းပွ အစွယ်ကြားက
စကားဖို စကားမတွေ
လက်ဖျံရိုးပေါ် ပြေးတက်မလာဘူး …..
ခြေသလုံးမဖုံးတဲ့ အရပ်မှာ
ကုန်ကြမ်း (၁၈) ဂရမ်မလို
ရေမှာလည်း ဗုံးပေါက်တယ်ဆို
စက်ကွင်းသာ လွတ်အောင်ပြေးတော့ …..
ကျီးအတစ်ကောင်ရဲ့ ရာဇ၀င်သစ်
ဒေါင်းတောင်ဖျက်တိုင်း ပျက်ရော့ထင်
သံသေ ပြဒါးသေပါမှ
ဆုတောင်းပြည့်မယ် ဆိုတာတော့သိ …..
မ၀ံ့ရဲဖူးတဲ့ သင်္ချီုင်းဆီ
မျက်စောင်းလှလှ နိုးထမသွားခင်
အဇ္ဈတ္တ မှတ်ကျောက်တင်ဖို့
အယူခံဝင်စရာ ရာဇ၀င်ရှားရင် …..
လက်ညှိုးထိပ်ဖျား လျှပ်သွားဆင်ပြီး
ရဲရဲသာ ထိုးချပစ်လိုက်
ဖော့ဂုဏ်သတ္တိ ဖော်ဖို့အတွက်နဲ့
ငါလည်း ရေချိုးမှားမိခဲ့တာ …..
“ပရမာအဏုမြူ” ကိုမှ သွေးကြွစေတဲ့
မျက်ကလဲဆန်ပျာ ဇိအစ်ချိန်တိုင်း
ပုံသေကားကျ ဖြစ်တည်မှု
ဝဲစုပ်တိုင်း မြုပ်ကောင်းနေဆဲလား? …..
နမိတ်အတိုင်းသာ လိုက်လျှောက်ထားလေ
ဘုရားသခင်ရဲ့ လက်ဖျောက်အချက်တိုင်း
သဲတစ်ဆုပ် ငုပ်လျှိုးကုတ်တွယ်
ကန်တက်နိုင်အားပဲလိုတယ် …..
Comment #2
ကဗျာကောင်းလေးပဲဗျာ..အားပေးသွားပါတယ်။
By: poem.poem28 at Dec 9, 2011
Comment #5
ကြောက်ခမန်းလိလိ လက်ဖျားခါလောက်အောင် ကောင်းပါပေတယ်ဗျာ။ အရမ်းလေးစားပါတယ် အစ်မရယ်။ စကားလုံးတိုင်း အပိုဒ်တိုင်း လှလွန်းလို့ ဘယ်လိုစကားလုံးမျိုးနဲ့ ချီးကျူးရမှန်းတောင် မသိပါဘူး။ တော်လိုက်တာဗျာ။ အင်မတန်လေးစားဖို့ကောင်းတဲ့ အရေးအသားပါ။
ချီရွန် ( ပုလဲ )
By: ChIr0N at Dec 9, 2011
Comment #6
oh!So Great!
kosharr
By: lynnthantkoko at Dec 10, 2011
Comment #7
အားပေးသွားပါသည်
By: May Kha at Dec 12, 2011





Comment #1
တော်လိုက်တာ..ဗျာ