Professional Authors

အမေ

နာမ်စားသုံးစရာ စကားလုံးမရှိလို့ ဒီကဗျာရဲ့ခေါင်းစဉ်ဟာ
“အမေ….”ဖြစ်ခဲ့တယ်
ဆိုလိုချင်တာက ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုချက်မျိုးမှမပါဘဲ
“အမေ….”လို့ တစ်ခွန်းတည်း ရွတ်ဆိုချင်တာမျိုး

အမေတိုက်တဲ့ နို့ချိုချိုကို စို့လို့
အမေကျွေးတဲ့ထမင်းကို စားလို့
အမေဆင်တဲ့အ၀တ်တွေကို ၀တ်လို့
ကျွန်တော်တို့မောင်နှမတွေ လူ့လောကထဲ လူတစ်လုံးသူတစ်လုံး

ကျွန်တော်တို့ငယ်ငယ်က ပုခက်လွှဲရင်း သားချော့တေးဆိုခဲ့တဲ့အမေ
ကျွန်တော်တို့ ကြီးပြင်းလာချိန်ထိ
သားချော့တေးဆိုရင်း ကျွန်တော်တို့ဘ၀တွေကို လွှဲသိပ်ရှာတုန်းပဲ

နွေမိုးဆောင်းတွေ ခါးစောင်းတင်ရင်း အမေဟာ ဈေးတောင်းခေါင်းပေါ်ရွက်လို့
အမေဟာ ကျွန်တော်တို့ဘ၀တွေကို ခေါင်းပေါ်ရွက်လို့
အမေ့နှဖူးကချွေး ကျွန်တော်တို့ အစာအိမ်ထဲ ကျတယ်

အမေ့တစ်ကိုယ်လုံး နေလောင်သွေ့ခြောက်လို့
အမေ့တစ်ကိုယ်လုံး သားစိတ်သမီးစိတ်တွေ ညွှတ်ကျလို့
ဆင်းရဲခြင်းဇာတ်ဝင်ခန်းကို တစ်ယောက်တည်းကပြရင်း
လောကဓံမှာ အမေဟာ ဖိုသီဖတ်သီ လောင်ကျွမ်းနေရှာတယ်

အမေ့မှာ တိုက်နဲ့ကား မရှိဘူး ဘွဲ့လက်မှတ်တွေ မရှိဘူး
အမေ့အတွက် ဂုဏ်ပကာသနဆိုတာ သူ့ရဲ့သားသမီးတွေ
အမေ့ရဲ့အမှတ်အသားဟာ ပုထုဇဉ်ဆန်လွန်းတဲ့မေတ္တာတရား

အသက်လေးဆယ်မပြည့်သေးတဲ့မိန်းမသား
သားသမီးခှုနစ်ယောက်ရဲ့မိခင်
ကျွန်တော်တို့ရဲ့အမေ
အမေသာ ငြိမ်းချမ်းရေးချိုးဖြူငှက်တစ်ကောင်ဖြစ်ခဲ့ရင်
အမေကိုက်ချီပျံသန်းမယ့်သံလွင်ခက်ဟာ
လူသားချင်းစာနာထောက်ထားမှု
လိုအပ်လို့ တိုက်ပွဲဝင်ကြရမယ်ဆိုရင်လည်း
အမေကိုင်ဆွဲမယ့်လက်နက်ဟာ အလံဖြူတစ်လက်သာ ဖြစ်တယ်

တစ်ယောက်ကိုတစ်ယောက်
မြေခွေးလို ချောင်းပြီး ကျားလို ခုန်အုပ်နေတဲ့လောကကြီးမှာ
နွယ်ရှင်လို ရစ်ပတ်ပြီး ခွေးသွားစိပ်လို ၀ါးမြိုနေတဲ့လောကကြီးမှာ
လက်သည်းဝှက်မာယာတွေနဲ့ ပြေးတမ်းလိုက်တမ်းကစားနေတဲ့လောကကြီးမှာ
အကြည့်တွေနဲ့ ဓားပေါက်ကျင့်နေတဲ့လောကကြီးမှာ
အမေဟာ လေကောင်းလေသန့်လို နေထိုင်တယ်
အမေဟာ ရေကောင်းရေသန့်လို ရှင်သန်တယ်
အမေဟာ ဘယ်သူ့နောက်ကျောကိုမှ ဓားနဲ့မထိုးဘူး

ကမ္ဘာကိုအုပ်စိုးမယ့် ပုခက်လွှဲတဲ့လက်ဆိုတာ
အမေလို မိန်းမကောင်းမိန်းမမြတ်တွေအတွက်
ဘုရားသခင်ရဲ့ အပေးဆပ်နိုင်ဆုံးဆုလာဘ်ပါပဲ

အမေလို ရင့်ကျက်တဲ့မိန်းမသားဟာ
နိုင်ငံအကျိုးကို ဧရာဝတီလို သယ်ပိုးတယ်
အမေလို မြင့်မြတ်တဲ့မိန်းမသားဟာ
နိုင်ငံအတွက် ကျွန်းသစ်လို အဖိုးတန်လှပါတယ်
နိုင်ငံအတွက် ဧရာဝတီလို အမေဟာ
နိုင်ငံအတွက် အဖိုးတန်ကျွန်းသစ်လို အမေဟာ
သူ့ရဲ့မျိုးဆက်ကို နိုင်ငံရဲ့အနာဂတ်သက်သက်အတွက်
တာဝန်ယူစောင့်ရှောက်ပေးတဲ့တာဝန်သိပြည်သူ

ဘရုတပ်(စ်)၀ါဒီတွေ သိပ်များလွန်းနေတဲ့ဟောဒီကမ္ဘာမှာ
အမေဟာ ကျွန်တော်တို့တပ်စွဲထားတဲ့ခံတပ်ဖြစ်နေပြန်တယ်
ကျွန်တော်တို့လဲကျတဲ့အခါ ထူမတ်ပေးမယ့်ရဲဘော်ရဲဘက်ဟာလည်း
အမေတစ်ယောက်တည်းပါပဲ
ကျွန်တော်တို့ဒဏ်ရာဟာ အမေ့လက်မှာသာ သွေးတိတ်ခဲ့ရပေါ့

သူ့ဘ၀သူ အေးအေးလူလူ လောင်ကျွမ်းနေတဲ့မီးလင်းဖိုလေးကို
အမေ တိတ်တခိုး အားကျနေရှာမလား
ဘ၀ဆိုတာ ရိုက်တိုင်းရှုံးတဲ့ဖဲဝိုင်း
သံယောဇဉ်ကိုသံယောဉ်နဲ့ချည်ရင်း
ဒုက္ခတွေရင်နဲ့လွယ်ထားရတာကို
အမေ ပုထုဇဉ်ဆန်ဆန် ချိုမြိန်နေရှာတယ်

ဖာရာထေးရာတွေဗရပွနဲ့ အရှင်လတ်လတ်ခေတ်ပျက်ထဲမှာ
အခု အမေရောက်ရှိနေတဲ့နေရာဟာ လှိုင်းကြီးရာ လေထန်ရာ
အမေ့ဆီ တိုက်ခတ်လာတဲ့လောကဓံဟာ မြွေပူရာ ကင်းမှောင့်ရာ
မအောင်မြင်ရာအရပ်မှာ ပေါက်ရေက်နေရရှာတဲ့မိခင်ဓားမြှောင်တစ်လက်
အနာဂတ်ဆက်တိုင်း အိပ်မက်တွေအသွားထက်စေချင်တယ်အမေ

အမေ့မာနနဲ့ ကျွန်တော်တို့တစ်တွေ ရဲရင့်လာတယ်
အမေ့အတ္တနဲ့ ကျွန်တော်တို့တစ်တွေ တောက်ပလာတယ်
အမေ့သိက္ခာနဲ့ ကျွန်တော်တို့တစ်တွေ လင်းနေတယ်
ယုံကြည်ပါတယ်အမေ
ပန်းတစ်ပွင့်ရဲ့ဂုဏ်သိက္ခာဟာ
အ၀င့်ကြွားဆုံးပွင့်ပြီး ကြယ်လို ကြွေပစ်လိုက်ဖို့ပဲ

ဘောလုံးစကားနဲ့ပြောရရင်
လူ့အဖြစ်မှာ
အမေ အသန့်ရှင်းဆုံးနဲ့ အကောင်းဆုံး ကစားခဲ့ပါတယ်
တစ်ဖက်လောကဓံရဲ့အတွန်းအတိုက်တွေကြောင့်
အမေ လဲကျနာကျင်ခဲ့ရတာတွေကိုလည်း သင်ပုန်းချေနိုင်ခဲ့တယ်
အမေ့ရဲ့အဆုံးသတ်သေချာမှုဟာ အိမ်ကွင်းအဝေးကွင်း မရွေးဘူး

အဲဒါကြောင့်
အမေဟာ ကျွန်တော်တို့မိသားစုအသင်းအတွက်
မရှိမဖြစ်လိုအပ်တဲ့ကစားသမား ဖြစ်နေခဲ့တာပေါ့

                                                              ကိုသျှား

In: ကဗျာ Posted By: Date: Nov 29, 2011
Comment #1

ဘ၀ဆိုတာ ရိုက်တိုင်းရှုံးတဲ့ဖဲဝိုင်း
/
/
/
ပန်းတစ်ပွင့်ရဲ့ဂုဏ်သိက္ခာဟာ
အ၀င့်ကြွားဆုံးပွင့်ပြီး ကြယ်လို ကြွေပစ်လိုက်ဖို့ပဲ

commentinfo By: nate thit(နေ့သစ်) at Dec 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment