Professional Authors

သင်ခန်းစာ

အရင်တုန်းကလိုပဲ ရင်တွေမခုန်တိုင်း

ငါ့နေ့ရက်တွေမှာ နင်မရှိဘူးလို့

နင့်ရဲ့ ဖောက်ပြန်ဖူးတဲ့

ငါ့ရဲ့ မျက်ရည်စွန်း နင့်သစ္စာတရားတွေနဲ့

ငါ့ကိုခပ်အအ လာမရေရွတ်နဲ့

 

နွေ မိုး ဆောင်း စုံအောင် နင်နဲ့မရှိပေးဖူးတိုင်း

အပူအအေး မျှမပေးနိုင်ဘူးလို့

နင့်ရဲ့ စွပ်ကျယ်ခပ်ညစ်ညစ်နဲ့

သံချေးတက်နေတဲ့ ထီးဆောင်းပြီး

မှိုတက်နေတဲ့ အနွေးထည်ကြီး ထပ်ဝတ်ပြီးတော့တော့

(နွေမှန်း မိုးမှန်း ဆောင်းမှန်း မသိပဲနဲ့)

ငါ့ရှေ့မှာ ဖောက်ပြန်နေတဲ့ ရာသီဥတုလို မမှိုင်ပြနဲ့

 

လမ်းကြိတ်စက်လိုပါပဲ

လိုတိုးပိုလျှော့ ချစ်တတ်တဲ့နင့်ကို

သားရေကွင်းလိုပဲပေါ့ ငါက

ပြတ်သွားတဲ့အထိတော့ ငါဆွဲမဆန့်သေးဘူး

ဒဏ်ရာအနာတရတွေတော့ မပေးလွန်းနဲ့ပေါ့ဟာ

 

နင်သိပ်ကိုပြောင်းလဲသွားပါလားလို့

လွတ်တဲ့ငါးကြီးသွားပြီဆိုတဲ့ တံငါသည်လေသံနဲ့

ပိုက်ကွန်တွေ ထပ်မပစ်ချင်ပါနဲ့

 

ငါကပင်လယ်လိုမိန်းမပါ

နင့်ပိုက်ကွန်ကပဲ ကြီးနိုင်မလား

ငါ့မာယာတွေကပဲ ကျယ်ပြန့်နိုင်မလား

 

လှောင်ရီတတ်နေပြီ

ခပ်မဲ့မဲ့ပြုံးတတ်သွားပြီ

ပုရိသရဲ့ နိယာမကို ငါတတ်ကျွမ်းသွားပြီ

နင်သင်ပေးတဲ့ ဘဝပေးသင်ခန်းစာတွေပေါ့

 

အရင်လိုသေရာပါ ချစ်မိတော့မှာပဲလို့

ကြောက်ရွံ့နေတဲ့ အတွေးအခေါ်တွေကတော့

နင့်ရဲ့ သင်ခန်းစာတွေအောက်မှာ

ရွပ်ရွပ်ချွံချွံကြီးကိုပဲ

အတုံးအရုံး ကျ…ရှုံး…လို့…

 

ခပ်ဟဟ ရီပါချစ်သူ

ပြီးရင် ကိုယ့်နဖူးကိုယ်ပြန်ရိုက်ပါ

နင်ဆရာစားမှ မချန်ခဲ့ပဲလေ

အဲတော့ ငါလဲ တတ်ကျွမ်းပါရစေ

တစ်ဖက်ကမ်းခတ်တဲ့ အထိပေါ့……

 

ကြက်ခြေခတ်X

10 feb thu 2011

In: ကဗျာ Posted By: Date: Nov 26, 2011
Comment #1

ခပ်ဟဟ ရီပါချစ်သူ
ပြီးရင် ကိုယ့်နဖူးကိုယ်ပြန်ရိုက်ပါ
နင်ဆရာစားမှ မချန်ခဲ့ပဲလေ
အဲတော့ ငါလဲ တတ်ကျွမ်းပါရစေ
တစ်ဖက်ကမ်းခတ်တဲ့ အထိပေါ့
မိုက်တယ်…

commentinfo By: ဆည်းဆာ at Nov 26, 2011
Comment #2

စကားလုံးတွေအားရတယ်

commentinfo By: နေပိုင် at Nov 27, 2011
Comment #3

ငါကပင်လယ်လိုမိန်းမပါ

နင့်ပိုက်ကွန်ကပဲ ကြီးနိုင်မလား

ငါ့မာယာတွေကပဲ ကျယ်ပြန့်နိုင်မလား

commentinfo By: nate thit at Nov 27, 2011
Comment #4

မိုက်တဲ ~~

commentinfo By: X - ray at Nov 29, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment