Professional Authors

~~~~ ချည်တိုင် ~~~~

~~~~ ချည်တိုင် ~~~~

 

အစစအရာရာ ၊ အရာရာအကြောင်းကြောင်း
အကြောင်းအကျိုး ၊ အကောင်းအဆိုး ဟူသမျှ
ကျဉ်းမြောင်းခွင့်မသာစေခဲ့တော့
ပန်းတစ်ပွင့် လန်းစွင့်လာပုံက ညင်ညင်သာသာ / သာသာယာယာ …

မရည်ရွယ်ပါဘဲ ဖိတ်ကျသွားတဲ့ စကားလုံးတွေ
ငါ့မှာ မရှိသလို
မရည်ရွယ်ပါဘဲ လွတ်ကျလာမယ့် ဝေါဟာရတွေ 
ငါ အလိုမရှိဘူး … …
ငါဆိုတာ
တိုက်ဆိုင်မှုကြောင့် ပြုတ်ထွက်သွားတိုင်း
ကုန်းကောက်နေမှာ မဟုတ်ဘူး
ခွင့်ရှိခဲ့ရင်တော့ မင်းအာရုံတွေအကုန်လုံး
သိမ်းကြုံးထားချင်တယ် … …

ထိုမျှလောက် ၊ ဤမျှလောက် စသဖြင့်
မည်သည့်အတိုင်းအတာနဲ့မှ မချုပ်နှောင်ချင်ဘူး။
ဖြစ်တည်မှု ၊ ဆက်နွယ်မှု ၊ ရစ်ပတ်မှုတိုင်းကို
လွတ်လွတ်လပ်လပ် ဖွင့်ပေးထားခဲ့တယ် … အလျားလိုက် …
ထိုသို့ဖြင့် …
ဘာတစ်ခုမှ ကိုယ်စားမပြုတဲ့ကြိုးတွေ
သွယ်ယှက်ဖေါက်ဝင်လာတယ်။
တစ်ချောင်းပြီးတစ်ချောင်း ကျစ်ကျစ်လျစ်လျစ် အကွာအဝေးအတိုင်း …

လေ့လာမှုတွေ အားနည်းခဲ့တော့
ခုထိ ငါ ဘာဖြစ်နေတယ်ဆိုတာ
မသေချာသေး
သေချာတာကတော့
သတ်မှတ်ချက်တစ်ခုမှာ
တသမတ်တည်း လည်နေတဲ့ ၀င်ရိုးလို
မပြောင်းလဲနိုင်ဘဲ
တန်ပြန်မှုတွေ ကင်းမဲ့နေတဲ့ မှန်တစ်ချပ်လို
အသုံးမကျပြန်ဘူး … … ။

အနီးအဝေး ၊ အနိမ့်အမြင့်
ခြားနားမှုများကို မကန့်သတ်လို ။
လှေကားထစ်များကို မပြဌာန်းလို ။
မသင်အံလို ၊ မရွတ်ဖတ်လို ။
ပကတိရိုးရှင်းစွာဖြင့်ရစ်ပတ်လို၏ ။

အလိုမကျမှုတွေ များများလာတိုင်း
ကောင်းကင်ကြီးကို မော့မော့ကြည့်တတ်လာတယ်
ဒီလိုနဲ့ပဲ ကိုယ့်ဆန္ဒတစ်ခုအတွက်
ကြယ်တစ်စင်းကို ကြွေဆင်းခိုင်းလောက်အောင်
ငါ .. ရက်စက်တတ်နေပြီလား
ပွင့်အာလာကြတဲ့ ၀န်တိုမှုတိုင်းအတွက်တော့
တကူးတက မဖူးပွင့်ပြချင်ဘူး … …

အတ္တနဲ့ကင်းနိုင်တာဘယ်သူရှိမလဲ ?
တစ်ခါတရံ တချို့စာမျက်နှာတွေကို ကျော်ချထားခဲ့တယ် ။
ဇာတ်လမ်းတစ်ပုဒ်ရဲ့အစအဆုံးမှာ
တချို့စကားလုံးတွေက တိုးလျတိတ်ဆိတ်
ဆိတ် ငြိမ် ကွဲ ကြေ
ဘာအတွက်နဲ့မှ ငါ့လမ်းမှာ မြူတွေမဆိုင်းပါရစေနဲ့
မြူ တွေ မ ဆိုင်း ပါ ရ စေ နဲ့ …

မကြာခဲ့သေးပါဘူးလေ
ဒါပေမယ့်လည်း ငါ့နွေမှာ မိုးတွေသည်းလို့ ပန်းတွေဖွေးလာကြတယ်
ဖြစ်တည်မှုတိုင်းမှာ ပျက်ပျယ်တတ်တဲ့သဘောကို ရင်ဝယ်ပိုက်ထားရင်း
အလှဆုံး ပန်းတစ်ပွင့်ကို ထီးမိုးပေးထားတယ်
အရောင်တူ အဆင်းတူဆိုတာ
နောင်တစ်ဖန် ပြန်မရနိုင်တော့ဘူးလေ … … ။

အခါအခွင့်သည် ချိန်ကိုက်ဗုံးတစ်လုံးလို
အိပ်မက်တိုင်းကမခမ်းနားနိုင်ပေမယ့်
အခွင့်အရေးတိုင်းကို ဆုပ်ကိုင်ထားချင်တယ် …
ဖြစ်ပျက်နေသမျှကို ရေလောင်းပေါင်းသင်
ချိုသာသော သံစဉ်များ ပေါက်ဖွါးစေ …
သာယာသော ဥယျာဉ်များ ရှင်သန်စေ …
ထိုမှ …
နုညံ့ဆုံးသောပန်းတစ်ပွင့်သံစဉ်လှလှများဖြင့် ၀င့်ကြွားစေ …

ဟောကိန်းထုတ်မထားပါတဲ့ စိတ်တို့က
လေနှင်ရာ ဝေဟင်မှာ ပျံဝဲနေချင်ပေမယ့်လည်း
ရောက်လေရာမှာသူကစောင့်လို့မိန့်မိန့်ကြီးပြုံးပြနေလေရဲ့ …
လွတ်လပ်ခွင့်ကိုတောင့်တမိတိုင်း
မလှုပ်နိုင်တဲ့ သည်ဝိညာဉ်ကိုသာအပြစ်တင်လို့
နောက်ဆုံး ငါကိုယ်တိုင်ပဲချုပ်နှောင်ခဲ့တယ် … သည်ချည်တိုင်လေးမှာပေါ့ … ။

အဖြူဆွတ်ဆွတ်ဖူးပွင့်လာပုံက စွန်းလွယ်ပေလွယ်
ဘာတစ်ခုမှ ကြိုတင်ကြံစည် မထားခဲ့ကြတော့
ကျော့ကွင်းရဲ့အကျယ်အ၀န်းကို မမြင်နိုင်ခဲ့ကြဘူး ။
ထိုသို့ဖြင့် …
ခြေလှမ်းများဦးတည်ရာအရပ်မျက်နှာတစ်လျှောက်မှာ
သူကကြိုတင်ရောက်နှင့်လေ၏ …
ဘယ်နည်းဘယ်ပုံပြေးလို့လွတ်နိုင်မယ် …
ဘယ်နည်းဘယ်ပုံရုန်းလို့ လွတ်နိုင်မယ် … ။

 

 

 

ဇင်မျိုး / မေခက်ဆူး
25 Nov 2011
(9:30PM)
In: ကဗျာ Posted By: Date: Nov 26, 2011
Comment #1

ဒါပေမယ့်လည်း ငါ့နွေမှာ မိုးတွေသည်းလို့ ပန်းတွေဖွေးလာကြတယ်
ဖြစ်တည်မှုတိုင်းမှာ ပျက်ပျယ်တတ်တဲ့သဘောကို ရင်ဝယ်ပိုက်ထားရင်း
အလှဆုံး ပန်းတစ်ပွင့်ကို ထီးမိုးပေးထားတယ်
အရောင်တူ အဆင်းတူဆိုတာ
နောင်တစ်ဖန် ပြန်မရနိုင်တော့ဘူးလေ … … ။

Comment #2

အတ္တနဲ့ကင်းနိုင်တာဘယ်သူရှိမလဲ ?
တစ်ခါတရံ တချို့စာမျက်နှာတွေကို ကျော်ချထားခဲ့တယ် ။
ဇာတ်လမ်းတစ်ပုဒ်ရဲ့အစအဆုံးမှာ
တချို့စကားလုံးတွေက တိုးလျတိတ်ဆိတ်
ဆိတ် ငြိမ် ကွဲ ကြေ
ဘာအတွက်နဲ့မှ ငါ့လမ်းမှာ မြူတွေမဆိုင်းပါရစေနဲ့
မြူ တွေ မ ဆိုင်း ပါ ရ စေ နဲ့ …

commentinfo By: အသဲကွဲမိုး at Nov 26, 2011
Comment #3

ကောင်းတယ်…..

commentinfo By: moehtetaung18 at Nov 26, 2011
Comment #4

ငါဆိုတာ
တိုက်ဆိုင်မှုကြောင့် ပြုတ်ထွက်သွားတိုင်း
ကုန်းကောက်နေမှာ မဟုတ်ဘူး
ခွင့်ရှိခဲ့ရင်တော့ မင်းအာရုံတွေအကုန်လုံး
သိမ်းကြုံးထားချင်တယ် … …

commentinfo By: SoFarAwayFromU at Dec 24, 2011
Comment #5

Good တယ်

commentinfo By: NC at Dec 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment